Breaking News

မောင်သာနိုး - အောင်ချိမ့်ရဲ့ကဗျာ

Photo - Mg Yit (2013)


မောင်သာနိုး - အောင်ချိမ့်ရဲ့ကဗျာ

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၀
(မောင်သာနိုးဖေ့စ်ဘွတ်)

တနှစ်ဆီက အောင်ချိမ့် ကျနော့်ဆီကို သူ့ကဗျာရှည်တပုဒ် ယူလာပြီး အဖတ်ခိုင်းတယ်။ နောက်တနေ့ သူလာတော့ ကျနော်က သူ့ကဗျာရဲ့ အားနည်းကွက်တွေကို ထောက်ပြလိုက်တယ်။ သူစိတ်ပျက်သွားပုံ ပါပဲ။

ဒီနှစ်တခါ သူလာပြန်ပီ။ ဒီကဗျာကိုပဲ ကျနော့်ကို အမှာစာရေးခိုင်းပြန်တယ်။ ကျနော်ထပ်ပြီး ဖတ်ရတယ်။

သူ့ရဲ့ ခိုင်းစေမှုနှစ်ခုအကြားမှာ အန္တရဝေလာ အတန်ကြီးမားသွားပြီ။ ကျနော် အမှတ်အသားညံ့လို့သာ။ တနှစ်လား- နှစ်နှစ်လားပဲ ။ ဒီကာလအတွင်းမှာ အောင်ချိမ့်လည်း ပြောင်းလဲခဲ့ပြီ။ ပတ်ဝန်းကျင်လည်း ပြောင်းလဲ ခဲ့ပြီ။ သူနဲ့ တွဲတွဲနေတတ်တဲ့ကဗျာဆရာလေးတယောက်( ဖေါ်ဝေး) လည်း လူ့ဘဝကို စွန့်ခွာခဲ့ပြီ။ အောင်ချိမ့် ပြောင်းလဲလာတာက အခု ကျနော်တို့မှတ်သားရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် သူ ကျနော့်ကို နှစ်ခါပြန်အဖတ်ခိုင်း တဲ့ “ဂန္ထဝင်မမ"ဟာ ကဗျာဆရာတယောက်ရဲ့တိုးတက်ဖြစ်ပေါ်ပုံ သမိုင်းကြောင်းမှာ မှတ်တိုင်တခုဖြစ်တယ်။ ဒီ့ အရင်က အောင်ချိမ့် ဒီလို မရေးဖူး။ ဒီ့နောက် အောင်ချိမ့် ဒီလိုမရေးတော့ဘူး။ နောင်ကော…?

“ဂန္ထဝင်မမ" ဟာ ဂန္ထဝင်ကဗျာကနေ ခေတ်ပေါ်ကဗျာဘက်ကို အောင်ချိမ့် ဦးလှည့်လာစဉ်က ရေးခဲ့တဲ့ ကဗျာဖြစ်တယ်။ ဒီ့အရင်နားတုန်းက သူရေးတဲ့ကဗျာတွေဟာ ဂန္ထဝင်ကဗျာစစ်စစ်တော့မဟုတ်ပါဘူး ။ ဒါပေမဲ့ အကြောင်းအရာအသစ်ကို စကားလုံးနဲ့ ကာရန်သီရုံ သီကြတဲ့ ကဗျာမျိုးပဲမို့ ၊ နဝဂန္ထဝင်ကဗျာမျိုးပဲလို့ ၊ တခြား ကဗျာဆရာများရဲ့ ကဗျာများနဲ့အတူ ကျနော် သတ်မှတ်လိုတယ်။ အချစ်အကြောင်းပေါ့ ၊ အလုပ်သမား အကြောင်းပေါ့၊ လယ်သမားအကြောင်းပေါ့၊ လေးလုံးစပ်ချင်စပ်မယ်၊ နည်းနည်းချဲ့ကားချင် ချဲ့ကားမယ်၊ ဒါပေမဲ့ ပါဒတွေကို ကာရန်နဲ့သီမယ်။ ‘မင်းလွင်’ တို့ ‘ဥဩ’ တို့ ‘ပိတောက်’တို့ ကနေ ‘မုန်တိုင်း’ တို့ “အနီ”တို့ ‘မဟူရာ” တို့ လုပ်လာမယ်ပေါ့။ ဒါပဲပေါ့။ ခံစားနိုင်စွမ်းအရာ တဲခနိကအရာ ဘာမှ ပြောင်ပြောင်မြောက်မြောက် ဟုတ်ဟုတ် ငြားငြား မရှိလှပါဘူး ။

“ဂန္ထဝင်မမ"ရေးတုန်းက အောင်ချိမ့်ဟာ ဒီအဆင့်ကနေ တလှမ်းတက်ဖို့ အားယူကြိုးစားနေသေးတယ်။ စာတွေ ကဗျာတွေ တော်တော်များများ ဖတ်ထား လေ့လာထားပြီ။ ဟိုဟာကောင်းနိုး၊ ဒီဟာ ကောင်းနိုး၊ ဟိုလို ရေးရနိုး ၊ ဒီလိုရေးရနိုး ဖြစ်နေချိန် ၊ စမ်းတဝါးဝါးအချိန်။ သူ့ကဗျာမှာ မာယာကော့ဖ်စကီး အဓိက လွှမ်းမိုး နေပြီး၊ အခြားခေတ်ပေါ်ကဗျာဆရာများ အနည်းအကျဉ်း ဩဇာရိုက်ခတ်နေတာကို တွေ့ကြရမယ်။ အကြောင်း အရာကိုက အချစ်ကဗျာ ၊ မိန်းကလေးတဦးရဲ့ ငြင်းပယ်ခြင်းခံရတဲ့ကဗျာဆရာရဲ့ ငိုညဉ်းသံဆိုလေတော့ မာယာ ကော့ဖ်စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” ( A Cloud in Trousers လုပ်မနေပါနဲ့ ။ A Cloud in Pants လည်း မဟုတ်ပါဘူး။ အင်္ဂလိပ်ကဗျာမှ မဟုတ်တာကပဲ။ ရုသျှ ကဗျာပဲ။ ဘိုသံနဲ့ ပြန်ဖတ်မနေပါနဲ့) ရဲ့ ဩဇာကို ရှောင်မရအောင် ဖြစ်ရတော့တာပေါ့။ ကွဲအောင် မတူအောင် ကြိုးစားထားတယ်။ ကြိုးစားပေမဲ့ ဟိုက အရှိန်က ကြီးလွန်းတော့ ပြေးမလွတ်ဘူး။

ပထမတခေါက်ဖတ်ကြည့်တုန်းက ကျနော်သူ့ကို ပြောခဲ့သလိုပဲ၊ အားနည်းချက်တွေရှိရမှာ သဘာဝကျ တယ်။ တဆင့်ကတဆင့် ပြောင်းလဲလှမ်းတက်ရတယ်ဆိုတာ တခါထဲ စင်းလုံးချော ဘယ်ဖြစ်နိုင်မလဲ။ အားထုတ်ဖေါ်ရသူကို ကျနော်တို့လက်ခုပ်တီးကြရမှာပဲ။ ဒီလိုကြိုးစားခဲ့တဲ့အတွက် သူ့ရဲ့နောက်ပိုင်းကဗျာတွေ မှာ “ဂန္ထဝင်မမ" ထက် သာလွန်လာတာကို တွေ့ကြရပြီဖြစ်တယ်။ နားမလည်ဘူးပြောချင်လည်း ပြောပေါ့။ ခင်ဗျား နားလည်အောင် ရေးနေတာလည်း မဟုတ်ပါဘူး။ ခင်ဗျားဖတ်ဖို့အတွက်က မာဃဒေဝလင်္ကာ ရှိပါတယ်။

“ဘောင်းဘီဝတ်မိုးတိမ်” ကို ညွှန်းလိုက်မိပြီဖြစ်တဲ့အတွက်ကြောင့် ဒီအကြောင်းကိုပဲ ဆက်ကောက်ရ တော့မယ်။ မာယာကော့ဖ်စကီးရဲ့ကဗျာ ကြီးမားရတာက အကြောင်းနှစ်ပါးရှိတယ်။ တစ်-အကြောင်းအရာအရ သူဟာ သာမန်ပုဂ္ဂလိကဒုက္ခဆင်းရဲကနေ အများပြည်သူဒုက္ခဆင်းရဲအထိ ဆွဲယူသွားနိုင်ပြီး၊ တော်လှန်ရေးကို နိမိတ်ဖတ်နိုင်ခဲ့တယ်။ နှစ်- တဲခနိကအနေနဲ့ သူ့ထုံးစံအတိုင်း အသံနဲ့ ဟည်ပဲရဘောလိက hyperbolic (အတိ သယဝုတ္တိ)ကို အားရှိပါးရှိ သုံးနိုင်တဲ့အတွက် ၊ သူပို့ပေးချင်တာကို ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးနိုင်ခဲ့တယ်။ ဒါ ကြောင့် သူ့ကဗျာဟာ အမတဖြစ်ခဲ့တယ်။ ဂန္ထဝင်မမ ဟာ လူငယ်ကဗျာဆရာရဲ့ အသည်းကွဲဝေဒနာကို တင်ပြ ရင်း ပြည့်သူ့ဘဝအကွက်အချို့ ရောမွှေထားပေမဲ့ ပုဂ္ဂလိကဘောင်က ကောင်းကောင်း မချဲ့ထွင်နိုင်ဘူး။ ပုဂ္ဂလိကနဲ့စပြီး ပုဂ္ဂလိကနဲ့ပဲ ဆုံးသွားတယ်။

နောင်အနှစ်တရာ နှစ်တထောင်
ဒီကောင်ရဲ့ အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။

တဲခနိကအနေနဲ့ အောင်ချိမ့် ကြိုးစားစမ်းသပ်ပါတယ်။ မာယာကော့ဖ်စကီးမဟုတ်လို့ ဟည်ပဲရဘော လိကကိုချည့် အားပြုစရာ မလိုပါဘူး။ ဒါပေမဲ့ အားကောင်းတဲ့နိမိတ်ပုံတွေကို ဖန်ဆင်းပြီး မိမိခံစားမှုကို စာ ဖတ်သူခံစားနိုင်အောင် သယ်ပေးရလိမ့်မယ်။ အချို့နေရာများမှာ အောင်ချိမ့် အောင်မြင်ပါတယ်။ ရှာကြည့်ပါ၊ တွေ့ပါလိမ့်မယ်။ ဝေဖန်စောကြော ကြည့်မြင်ချင်သူတယောက်အနေနဲ့တော့ တချို့နေရာများမှာ ပျော့နေတယ်။ ဒီထက် ရှတစေချင်တယ်။

ဥပမာ-
“ဂန္ထဝင်မမ” လေ
ရှေးကကုသိုလ်ကြောင့် ထင်ရဲ့
ကျနော် ရင်တွေခုန်တယ်။
[ဒါကို အောက်နားက “သိပ္ပံအလှကုန် ဘာမှ မရှိ၊ သံခင်းတမန်ခင်း အပြုံးမရှိ” နဲ့ ယှဉ်ကြည့်]

ကျနော့်ရှေ့မှာ ကျောက်ရုပ်လူ
သူရပ်နေဆဲ။
ရင်မခုန်
မတုန်လှုပ်တတ်
သူရပ်နေဆဲ။
[စာသားအရ ဒီနေရာဟာ အရေးကြီးတယ်။ ဒီလိုအရေးကြီးတာကိုပဲ ဖန်တရာတေနေတဲ့ ကလီရှေး “ကျောက်ရုပ်” မျှနဲ့ပဲ ကျေနပ်ထားတယ်။]

တကယ့်ခြင်္သေ့
လာပြီဟေ့
တေန႔ေအာင္ပြဲကို သိရိွ
သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြေ့
လာပြီဟေ့
အာဇာနည်တို့ထုံး နှလုံးမွေ့

[ဒါလည်း အရေးကြီးတဲ့အပိုင်းပဲ။ ‘ခြင်္သေ့’ တို့ ‘သူရဲကောင်’းတို့ ‘အာဇာနည်’ တို့ဟာ ခေတ်ပေါ်ခံစားမှုကို မသယ်ဆောင်စွမ်းတော့ဘူး ]

သိကၡာ
မာန
မိတၱဗလ ဋီကာ
ဒေးကာနတ်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်က လူ
ကွန်ပြူတာလို အသုံးပြုနိုင်တယ်။
[ဒါတွေရော အောက်နားက ‘ခံစားမှု’ ‘ရင်ခုန်သံ’ ‘ဒုက္ခအရသာ’ ‘ဘဝကိုချစ်’ ‘ဂုဏ်မဲ့’ ‘ကောင်းကင်ဘုံ’ ‘အိပ်မက်’ ‘မိခင်ဝမ်းက ကျွတ်’ အားလုံးဟာ ကလီရှေးစာရင်းရှည်ကြီးတခုသာ ဖြစ်တယ်။ ခေတ်ပေါ်ကဗျာ ဆရာတွေ ရှောင်ရမယ့် စကားလုံးဝေါဟာရများ။]

ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကိုု
ရယ်မောမိတယ်။
[ဇာတ်လမ်းအခေါင်အခိုက်အချိန်မှာ ကဗျာဆရာ ဒါပဲ လုပ်နိုင်တယ်။ ပေါ့လွန်းနေတယ်။]

ဆိုခဲ့ပြီးတဲ့အတိုင်း ကျနော့်အနေနဲ့ ဝေဖန်စစ်ကြောတဲ့အမြင်နဲ့ပျော့ကွက်တွေကိုပဲ ထောက်ပြ လိုက်တယ်။ ဒီပျော့ကွက်တွေနဲ့ ရောထွေးရင်း အားကောင်းတဲ့အကွက်တွေကို ကဗျာဆရာပေးနိုင်တာလဲ တွေ့ရရဲ့ ။ ဒီနေရာမှာ သတိချပ်စရာကတော့ ကဗျာဆရာဆိုတာ ဖန်ဆင်းသူထဲမှာမှ အကြီးမားဆုံးဖန်ဆင်းသူ ဖြစ်တယ်။ မိမိရဲ့ ဒီအခန်းနေရာကို အမြဲသတိရှိပြီး၊ တာဝန်သိတဲ့၊ မိမိကိုယ်ကို ရိုသေလေးစားတဲ့ကဗျာဆရာဟာ အမတ ကဗျာတွေ ဖန်ဆင်းနိုင်မှာပဲ။ ကဗျာရေးပြီဆိုကထဲက စကားပြေရေးတာမဟုတ်တော့ဘူး ဆိုတာကို ဦးနှောက်ထဲမှာ စွဲမှတ်ပြီး ရှိနေရလိမ့်မယ်။ နို့မဟုတ်ရင်တော့ ၊ သူများဆိုပြီးသားတွေကို ထပ်ဆို၊ ဘာမှ အသစ် မဖန်ဆင်းနိုင်ဘဲ သူလိုငါလို အရေးသမားတယောက်ဘဝနဲ့တင် ၊ စာရွက်တွေကိုကိုယ်နဲ့အတူ မြေကြီးထဲ သယ် သွားရလိမ့်မယ်။

အဲဒီလိုမဖြစ်ချင်လို့ သမားရိုးကျကဗျာကနေ လမ်းခွဲပြီး အောင်ချိမ့် “ဂန္ထဝင်မမ" ကို ရေးခဲ့တယ်။ နောက် ဆက်လက်ပြီး စမ်းသပ်တယ်၊ ကြိုးစားတယ်။ သူ့လို ကြိုးစားတဲ့ကဗျာဆရာတွေလည်း ရှိနေပါပြီ။ သူတို့ အားထုတ်မှုတွေကို ကျနော်တို့လို ကဗျာချစ်သူကဗျာဖတ်သူတွေက စောင်ကြည့်နေကြတယ်။
အားထုတ်သူရဲ့ ရှေ့မှာ ချောက်ကမ်းပါးနှစ်ခုရှိနေတယ်။ ဒါကိုတော့ ကျပ်ကျပ် သတိရှိဖို့ လိုပေလိမ့်မယ်။

ချောက်ကမ်းပါးတခုက လွယ်လွန်းခြင်း ၊ စကားပြေဆန်ခြင်း ချောက်ကမ်းပါး။ တခုက သစ်သထက် သစ်အောင် အားစိုက်အားခဲထားရင်းက ဂမ္ဘီရဖြစ်သွားခြင်း ချောက်ကမ်းပါး။ ဒီချောက်ကမ်းပါးနှစ်ခုရဲ့ကြားက စိမ်းစိုလတ်ဆတ်တဲ့ကဗျာလမ်းကလေးကို မှန်မှန်ကန်ကန်ရွေးတတ်ရပေလိမ့် မယ်။ ပထမ ချောက်ကမ်းပါးထဲကျသွားလို့ ဘယ်သူမှ ဆေးဖေါ်ကျောဖက်မလုပ်တော့တဲ့ ကဗျာဆရာတွေ ရှိသလို၊ ဒုတိယချောက်ကမ်းပါးထဲ အဆင်းနက်သွားသမို့ ကောက်ရိုးမီးသာဖြစ်ကြရတဲ့ ကဗျာဆရာတွေလဲ အတော်များနေပြီ။

ကဗျာဟာ ကဗျာကောင်းပီသရမယ်။ စကားပြေကို ကာရန်နဲ့ သီတာထက် အဆင့်မြင့်ရမယ်။ ဒါပေမဲ့ အီဂျစ်ကျောက်စာသာဖြစ်သွားရင်လည်း သမိုင်းပြတိုက်အဖို့သာ နေရာရှိလိမ့်မယ်။
“ဂန္ထဝင်မမ" နဲ့ တလှမ်းတက်ခဲ့ပြီးနောက် ရှေ့တလှမ်းမြင့်ခဲ့ပြီလို့ ကျနော်မြင်ထားတဲ့ ကဗျာရေးသူ အောင်ချိမ့် လမ်းရွေးရတော့မယ် ။ ။

အောင်ချိမ့်ရဲ့ “ဂန္ထဝင်မမ"(1977) ကဗျာစာအုပ်ပါ မောင်သာနိုးရဲ့ နာမည်ကျော်အမှာ။