Breaking News

လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်အောင် ကာကွယ်ရမည်ဟု ကုလတရားရုံးက ကြားဖြတ်အမိန့်ချ

လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်အောင် ကာကွယ်ရမည်ဟု ကုလတရားရုံးက ကြားဖြတ်အမိန့်ချ

Myanmar NOW(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၀

အချက်လေးချက်ပါဝင်သော အမိန့်တွင် လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် လိုက်နာရမည်များ ပါဝင်ပြီး မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်ချက်များဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကိုလည်း ရုံးတော်သို့ ပြန်လည်တင်ပြရမည်။

‘ရိုဟင်ဂျာ’ တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်ပွားအောင် ကာကွယ်မည့် “လုပ်ဆောင်ချက် အားလုံးကို ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အတွင်း” မှနေ၍ မြန်မာနိုင်ငံက လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ထိုအမိန့်အရ မြန်မာနိုင်ငံအပေါ် အရေးပေါ်ကြားဖြတ်လိုက်နာရမည့်အချက်လေးချက်ရှိပြီး ‘ရိုဟင်ဂျာ’ တို့အား သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း ပြင်းထန်စွာထိခိုက်နာကျင်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေနိုင်မည့် ဘဝအခြေအနေသို့ ရောက်အောင် ကြံရွယ်လုပ်ဆောင်ခြင်း၊ ကလေးမွေးဖွားမှုကို တားမြစ်သည့် အစီအမံများချမှတ်ခြင်း ဆိုသည့် ကျူးလွန်မှုများကို တားဆီးရမည်ဖြစ်သည်။

ထို့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု မြောက်မမြောက် ဆုံးဖြတ်ရာတွင် သက်သေခံဝင်မည့် အရာများကို ဖျက်ဆီးခြင်းမပြုရန်နှင့် ‘ရိုဟင်ဂျာ’ တို့အား စစ်သားများက သတ်ဖြတ်ခြင်းကိုရပ်တန့်ရန်အတွက်လည်း မြန်မာနိုင်ငံက ဆောင်ရွက်ရမည်ဟု ICJ အမိန့်က ဆိုသည်။

အမိန့်ချသည့်နေ့မှ လေးလအတွင်း မြန်မာနိုင်ငံဘက်က မိမိတို့ဆောင်ရွက်ထားရှိချက်များနှင့် ပတ်သက်၍ အစီရင်ခံစာ ပြန်တင်ပြရမည်ဖြစ်ပြီး နောက်ဆုံး အပြီးသတ်အမိန့်မချမှတ်မချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်ပြရမည်ဟုလည်း တရားရုံးက အမိန့်ချသည်။ အစီရင်ခံစာကို တရားလို ဂမ်ဘီယာနိုင်ငံသို့လည်း မိတ္တူပေးပြီး မှတ်ချက်ပေးခွင့်ပေးနိုင်မည်ဖြစ်သည်။

အရေးပေါ် ကြားဖြတ်အစီအမံ (provisional measures) ဆိုင်ရာ တရားရုံးအမိန့်များသည် တရားရုံးဥပဒေ ပုဒ်မ ၄၁ အရ လိုက်နာရန် တာဝန်ရှိသောအမိန့်များဖြစ်သော်လည်း အတင်းအကျပ် လိုက်နာအောင်လုပ်နိုင်မည့် အာဏာသည် ICJ တွင်မရှိဘဲ အကယ်၍မြန်မာက မလိုက်နာပါက လုံခြုံရေးကောင်စီသို့တင်ပြရမည် ဖြစ်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အစိုးရ၏ညွှန်ကြားချက် များနှင့်အညီ တပ်မတော်က ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့(ICJ)ဆီက ဆုံးဖြတ်တဲ့ဟာတွေ ရှိမယ်။ ဆုံးဖြတ်တဲ့ဟာတွေကိုလည်း … နိုင်ငံအနေနဲ့က ဘာတွေ လုပ်ဆောင်တယ်ဆိုတဲ့ဟာ ထွက်လာပါလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ တပ်မတော်အနေနဲ့က နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့က ပူးပေါင်း၊ ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်ဗျာ” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို ပယ်ချထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း တရားရုံးရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့အထိ သွားရောက်ပြီး ခုခံကာကွယ်ချေပခဲ့သလို ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပြည်တွင်းတရားရေးစနစ်ဖြင့် ကိုင်တွယ်မည်ဟု ဆိုခဲ့သည်။

Screen_shot_icj_2020-01-23_at_19.10.06.Png


ICJ က မြန်မာအပေါ်ချမှတ်သည့် လိုက်နာရမည့်အချက် လေးချက်


ICJ ၏ဆုံးဖြတ်ချက် မချမီကလေးမှာတင် ကြာသပတေးနေ့ထုတ် Financial Times တွင် ရေးသားသည့် ဆောင်းပါးတစ်စောင်၌ နိုင်ငံတကာဖိအားများသည် ရခိုင်ပြဿနာကို ပိုမို ဆိုးရွားအောင် လုပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တပ်မတော်သားများက ကျူးလွန်ခဲ့နိုင်ခြေရှိတဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဖက်ဆိုင်ရာ တရားရေးစနစ်ဖြင့် စီရင်မှာဖြစ်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

“အဲဒီလို တရားရေးလုပ်ငန်းစဉ်တွေအပေါ်မှာလည်း လေးစားသမှုရှိဖို့လိုသလို မြန်မာ့ပြစ်မှုဆိုင်ရာ တရားစီရင်ရေးအနေနဲ့ နိုင်ငံတကာလုပ်ငန်းစဉ်တွေကို ပေးတတ်တဲ့အချိန်ရဲ့ သုံးပုံတစ်ပုံလောက်အတွင်း စုံစမ်းစစ်ဆေးမှုတွေကို ပြီးအောင်လုပ်ရမယ်လို့ တောင်းဆိုတာမျိုးကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

သို့သော်လည်း တပ်မတော်သားများအား ပြည်တွင်းမှာပင် တရားစီရင်ရင်ကြိုးပမ်းခြင်းသည် ထိပ်ပိုင်း တာဝန်ရှိခေါင်းဆောင်များကို တရားစီရင်ခြင်းမပြုနိုင်အောင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်ဟု လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကဲ့သို့သော အဖွဲ့များက စွပ်စွဲကြသည်။

မြန်မာနိုင်ငံတွင် ‘ရိုဟင်ဂျာလူမျိုး’ ဆိုသောအသုံးကို အသိအမှတ်မပြုသလို ‘ဘင်္ဂါလီ’ ဆိုသော အသုံးကိုလည်း အစိုးရဘက်က ရှောင်ကြဉ်ပြီး ‘ရခိုင်မြောက်ပိုင်းနေ မွတ်စလင်များ’ ဟု သာ တရားဝင်သုံးစွဲသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူပေါင်း ခုနစ်သိန်းကျော် ထွက်ပြေးသွားခဲ့ကြသည်ဟု အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။