Breaking News

ဇာနည် - အရှင်ခေမာစာရနှင့် ကျနော်



ဇာနည် - အရှင်ခေမာစာရနှင့် ကျနော်

(တော်လှန်ရေးကာလ နိုင်ငံရေးခေတ်ပြိုင် ရုပ်ပုံလွှာများ)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၀


(၁)

ကျနော်နှင့်သူ စသိခဲ့စဉ်က (၈၈၈၈) လုထုအရေးတော်ပုံကြီးအရှိန်အဟုန်ကောင်းနေတဲ့အချိန် ဖြစ်ပါသည်။

ထိုစဉ်က သူသည် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်)ဦးဆောင်အဖွဲ့ဝင်သံဃာတပါးဖြစ်ပြီး စမ်းချောင်းမြို့နယ်ရဟန်းပျိုသမဂ္ဂ အတွင်းရေးမူးလည်းဖြစ်လေသည်။

ဗကသ အပါအဝင်သပိတ်တပ်ပေါင်းစုသဘောဖွဲ့စည်းခဲ့သော "အထွေထွေသပိတ်ကော်မတီ" (GSC) တွင် သူသည်လည်း ရဟန်းပျိုသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့လေသည်။ ဗကသမှ အထွေထွေသပိတ်ကော်မတီအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်ရန် ဗကသအမူဆောင်များဖြစ်ကြသော ညိုထွန်း၊ တင်အေး (ခင်မောင်ရီ) နှင့်၊ ဇော်ထွန်း(ဒေါက်တာဇော်မင်းညီ / ကေအင်ယူနယ်မြေကျဆုံး) တို့ကို ကိုယ်စားလှယ်များအဖြစ်စေလွှတ်ထားခဲ့လေသည်။

အရှင်ခေမာစာရသည် ထိုဗကသရဲဘော်များနှင့်လည်း ရင်းနှီးလေသည်။

သူသည် မင်းသားကြီးဦးအောင်လွင်၊ ဒါက်တာတင်မျိုးဝင်းတို့ဖွဲ့စည်းခဲ့သော (SCS) ခေါ် "ကျောင်းသားလှုပ်ရှားမူ့ကြီးကြပ်ရေးကော်မတီ" တွင်လည်း ရန်ကုန်တိုင်း ရဟန်းပျိုသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

ကိုဇာနည်(မောင်မောင်ညွန့်)နှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)သို့လည်း အခါအားလျှော်စွာ ဝင်ထွက်သွားလာခဲ့ပြီး "ဒေါ်စု" နှင့် မကြာခဏ တွေ့ဆုံ ဆွေးနွေးခဲ့ဖူးလေသည်။

(၁၈,၉,၁၉၈၈) စစ်တပ်ကအာဏာသိမ်းပြီးနောက် ရဟန်းပျိုသမဂ္ဂကိုယ်စားလှယ်အဖြစ် နယ်စပ်ဒေသကျောင်းသားစခန်းများသို့ထွက်ခွာခဲ့ရာ ကျောင်းသားအများစု ရောက်ရှိနေသော "သေ့ဘောဘိုးစခန်း" သို့ ရောက်ရှိလာပြီး၊ ကျနော်နှင့်သူ သေ့ဘောဘိုးစခန်းတွင်ပြန်ဆုံခဲ့လေသည်။

အေဘီအက်စ်ဒီအက်ဖ် (ABSDF) ပထမဆုံးညီလာခံကို "ကော်မူးရာ" (ဝမ်းခသစ်) စခန်းတွင်ပြုလုပ်နေချိန်တွင် သူလည်း ထိုစခန်းတွင်ရှိနေခဲ့ပြီး ကျနော်တို့ကို အနီးကပ်ထောက်ခံကူညီခဲ့ဖူးလေသည်။

အေဘီဖွဲ့ပြီးနောက် (၂၇.၁၁.၁၉၈၈) တွင် နယ်စပ်တွင် ရဟန်းပျိုညီလာခံပြုလုပ်ခဲ့ပြီး ပြည်ပရောက် "ရဟန်းပျိုသမဂ္ဂ"၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့လေသည်။

ထိုမှစ၍ သူသည် သူပုန်ကျောင်းသားအများစုနှင့်တေလျှာက်လုံး အတူနေ အတူစားခဲ့ပြီး ရဲဘော်ရဲဘက်သဖွယ် ရင်းနှီးခင်မင်ခဲ့သော ရဟန်းပျိုဆရာတော် တပါး ဖြစ်ခဲ့လေသည်။

(၂)

ဒီအေဘီတပ်ပေါင်းစု (DAB) ခေတ်တွင် သူသည် ကေအင်ယူဌာနချုပ်စခန်း "မာနာပလော" တွင် "ဗိုလ်ချုပ်မြ" ဆောက်လုပ်လှူဒါန်းခဲ့သော ရဟန်းပျိုကျောင်းတွင် သီတင်းသုံးနေခဲ့ပြီး ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌအဖြစ် တပ်ပေါင်းစုတော်လှန်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့လေသည်။

ထိုစဉ်ကသူ၏ရဟန်းပျိုကျောင်းတွင် ကျောင်းသားတပ်မတော်မှရဲဘော်များ၊ တော်လှန်ရေးနယ်မြေရောက် လူ့ဘောင်သစ်ပါတီမှရဲဘော်များနှင့် စည်ကားနေလေ သည်။

ဆရာနိုင်ဝင်းဆွေ မာနာပလောကိုရောက်လာပြီးနောက်ပိုင်းတွင် ကိုနိုင်ဝင်းဆွေသည် သူ၏ရဟန်းပျိုကျောင်း၌ပင် ပဉ္စင်းတက်ပြီး ဘုန်းကြီးဝတ်ခဲ့ဖူးလေသည်။ ဆရာနိုင်ဝင်းဆွေ၏သားလေးမှာလည်း သူကျောင်းမှာပင်နေပြီး သူကပင်ကျောင်းထားပေးခဲ့လေသည်။

ဒေါက်တာဇော်ထွန်း (ဗကသ/GSC)၊ ကိုမြင့်လှိုင်(တက္ကသိုလ်ဆရာများသမဂ္ဂ),ကိုကျော်လင်း(ရှေ့နေ) တို့ကိုပထမအကြိမ် ဗကပမှ စာရွက်စာတမ်းများ မာနယ်ပလောတွင် ဖြန့်ခဲ့ခြင်းအတွက် ကေအင်ယူမှဖမ်းဆီးထားတုံးကလည်း သူကပင် "ဗိုလ်ချုပ်မြ" ကို တိုက်ရိုက်ပြောဆိုပြီး အာမခံနှင့်ထုတ်ပေးခဲ့ဖူးလေသည်။

ဇော်ထွန်းမှာ ဒုတိယအကြိမ်ထပ်အဖမ်းခံခဲ့ရပြီး ကေအင်ယူနယ်မြေမှပင်ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က ကေအင်ယူပေါ်လစီမှာ ကွန်မြူနစ်များ သူတို့နယ်မြေထဲအဝင်မခံဘဲ အယူဝါဒဆိုင်ရာထိလွယ်ရှလွယ်ဖြစ်နေချိန်လည်းဖြစ်လေသည်။ ထိုစဉ်က ကေအင်ယူ ဗဟိုကော်မတီဝင်"ဖဒိုမန်းရှာ"(ကေအင်ယူအထွေထွေအတွင်းရေးမူး/ လုပ်ကြံခံခဲ့ရသူ) ကိုယ်တိုင်ပင် ဗကပနှင့်ဆက်သွယ်မှုနှင့် သေဒဏ်ပေးခံထားနေရချိန်လည်း ဖြစ် သည်။

ထိုပြင် "ရဲဘော်မိုးသီးဇွန်" ကိုလည်း ကေအင်ယူမှဖမ်းထားခံရတုန်းကလည်း ဗိုလ်ချုပ်မြနှင့်ဆွေးနွေပြီး သူကပင်အာမခံနှင့်ထုတ်ခဲ့ရဖူးလေသည်။ ထိုစဉ်က အဖြစ် အပျက်ကိုသူက ကျနော်ကိုရယ်ရယ်မောမောနှင့်ပြောပြခဲ့ဖူးသည်။

"တညနေ ငါ့ကို ဗိုလ်ချုပ်မြကခေါ်ခိုင်းလို့ဆိုပြီးလာခေါ်လို့ လိုက်သွားတယ်။ ဗိုလ်ချုပ်မြအိ့မ်ရောက်တော့ ကေအင်ယူအတွင်းရေးမှူး ဗိုလ်ချုပ်မောင်မောင်လဲရှိတယ်။ ဗိုလ် ချုပ်မြကတွေ့တွေ့ချင်း ငါ့လက်ကိုဆွဲပြီး လာ ... ဘုန်းကြီးထိုင် - လို့ပြောတော့မှ ငါလဲ နဲနဲစိတ်အေးသွားရတယ်၊ပြီးတော့မှ ဘုန်းကြီးလူကို ပြန်ခေါ်သွားလို့ရပါပြီလို့ပြောတယ်၊ အဲ့ဒီညက ငါနဲ့မိုးသီးနှစ်ယောက်ထဲ မှောင်ကြီးမဲကြီးထဲမှာ မာနာပလောကဘောလုံးကွင်းကိုဖြတ်ပြီးပြန်လာခဲ့ရာ ကျောထဲတော့စိမ့်မိသား။ ဘယ်နေရာက အေကေမီးပွင့်လာမလဲလို့ စိတ်ထဲမှာဖြစ်မိတယ်.." ဟု ဟာသနှောပြန်ပြောပြခဲ့ဖူးလေသည်။

သူသည် (၁၉၉၄) စစ်တပ်နှင့်ဒီကေဘီအေ (DKBA) ပေါင်း၍ေ ကအင်ယူဌာနချုပ်ကိုထိုးစစ်ဆင်ပြီး၊ မာနာပလောကိုမီးရှို့ပြီးဆုတ်ခွာခဲ့သည့်နောက်ဆုံးအချိန်ထိ သူ သည် မာနယ်ပလောတွင် မဟာမိတ်များ၊ ကျောင်းသားရဲဘော်များနှင့် လက်ရေတပြင်တည်းနေထိုင်ခဲ့သော ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌဆရာတော်တဦးလည်း ဖြစ်လေ သည်။

(၃)

နောက်ပိုင်း "အမျိုးသားကောင်စီ"(NCUB) ဖွဲ့စည်းတော့လည်း ရဟန်းပျိုသမဂ္ဂအနေဖြင့်ဗဟိုတွင်ဦးဆောင်ပါဝင်ခဲ့ပြီး (NCUB) ၏ပြည်တွင်းယူဂျီလုပ်ငန်းအတွက် ဖွွှဲ့စည်းခဲ့သော "ပြည်သူ့အံတုမှုကော်မတီ" (PDC)ကိုဦးဆောင်ဖွဲ့စည်းခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။

ကျနော်ထောင်ကလွတ်ပြီး (၂၀ဝ၄) ခုနှစ်တွင်နယ်စပ်သို့ထွက်လာသောအခါ သူနှင့်မဲဆောက်မှာပြန်ဆုံဖြစ်ခဲ့သည်။

ထိုစဉ်က ကျနော်သည် ကေအင်ယူနှင့်ပြည်တွင်းလုပ်ငန်းလုပ်ကိုင်နေလေသည်...တနေ့တွင် ပြည်တွင်းမှသံဃာလှုပ်ရှားမှုနှင့်ပတ်သက်သည့် အရေးကြီးစာတစောင် ကျနော်ထံရောက်လာပြီး ထိုအလုပ်ကိစ္စ နှင့်ပတ်သက်ဆွေးနွေးကြရန် "ဖဒိုမန်းငြိမ်မောင်" က ကျနော်ကို လာခေါ်သဖြင့်လိုက်သွားရာ မန်းငြိမ်းမောင်အိမ်တွင် အရှင် ခေမာစာရလည်းရောက်နေလေသည်။ ဖဒိုမန်းရှာ၊ ကိုမောင်မောင်(ပြည်သစ်ညွန့်ဝေ) တို့လည်းရှိသည်။ မန်းငြိမ်မောင်က ဦးခေမာစာရကို ဆွမ်းနှင့်သင်္ကန်းတစုံကပ်ပြီး နောက် ကျနော်တို့ပြည်တွင်းလုပ်ငန်းများဆွေးနွေးကြသည်။ ထိုလုပ်ငန်းအတွက်ပထမအဆင့်အနေဖြင့်သုံးစွဲရန် ကေအင်ယူအတွင်းရေးမှူး ဖဒိုမန်းရှာက ဘတ်ငွေ (၄) သိန်းထုတ်ပေးသည်။ နောက်ထပ်လည်း လိုအပ်တာမှန်သမျှထောက်ပံပေးမည်ဟုပြောလေသည်။

ဦးခေမာစာရက စဉ်းစားဦးမည်ဟုပြောပြီး ကျနော်တို့နှစ်ယောက် မန်းငြိမ်းမောင်အိမ်မှပြန်လာခဲ့ကြသည်။ နောက်တနေ့တွင် ကျနော်ကိုမဲဆောက်ရှိ သူ၏ရဟန်းပျို ကျောင်းကိုခေါ်ပြီး ၎င်းတို့နှင့်မလုပ်လိုကြောင်းပြောသဖြင့် ကျနော်လည်း ဖျက်လိုက်လေသည်။

သူကား အဲ့ဒီလိုရဟန်းပျိုကိုယ်တော်တပါးဖြစ်လေသည်။

သူ့ကိုနယ်စပ်ဒေသတွင်ရှိတုန်းက စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၊ လက်ထောက်ဗိုလ်စန်းပွင့်တို့က ကြားလူမှတဆင့် ပြည်တွင်းပြန်ဝင်လာလျှင် ""အဂ္ဂမဟာပဏ္ဍိတ"" ဘွဲ့ကပ်ဖို့အထိ ကမ်းလှမ်းခဲ့ဖူးသည်။

အမေရိကားရောက်ပြီးမှလည်း အလားတူနောက်ထပ်တကြိမ် "မဟန"မှဆရာတော်တပါးကြွလာပြီး ကမ်းလှမ်းခဲ့ဖူးလေသည်။

(၄)

ကျနော်အမေရိကားရောက်ပြီး (၂၀ဝ၇) ခုနှစ်တွင် ချီကာဂိုမြို့၌ "၈၈ မျိုးဆက်ကျောင်းသားများ(ပြည်ပ)" ညီလာခံပြုလုပ်ကြစဉ် သူနှင့်ပြန်ဆုံခဲ့ပြန်လေသည်။

ညီလာခံပြီးတော့ သူသည် "သက်ထွန်း"(ဗကသ/လူ့ဘောင်သစ်) နှင့် အာရီဇိုးနားပြည်နယ် "ဖီးနစ်မြို့"သို့လိုက်သွားပြီး ယခုအထိထိုမြို့တွင် ကျောင်းထိုင်နေလေ သည်။

သူသည်ငွေရေးကြေးရေး အင်မတန် နှုတ်လျှာနည်းသူတယောက်ဖြစ်ပြီ်း ငွေကြေးထက် နိုင်ငံရေးဂုဏ်သိက ္ခာကိုပို တန်ဖိုးထားသူတဦးလည်းဖြစ်သည်။

ကျနော်နှင့်နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံဖူးသောနိုင်ငံရေးဘုန်းကြီးတွေထဲတွင် သူသည် ရဟန်းဝိနည်းနှင့်အညီလည်း နေထိုင်သူတဦးဖြစ်လေသည်။

သူသည် "ထေရာဝါဒ၊ မဟာယန၊ လားမားနှင့် ဈင်ဗုဒ္ဓဘာသာဝင်များ စုပေါင်းဖွဲ့စည်းထားသော "နိုင်ငံတကာဗုဒ္ဓဘာသာအဖွဲ့"(INEB) တွင် နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်အဖြစ်လုပ်ခဲ့ဖူးသည်။

သူ၏အမေရိကားနှင့်ပြည်ပခရီးစဉ်များကို ကျနော်ကပင် စီစဉ်ပေးရလေ့ရှိသည်။ သူ့ကျောင်းအတွက်ရံပုံငွေလိုလျှင် အမေရိကားရောက်ရဲဘော်များက သူ့အတွက် တရားပွဲများစီစဉ်ပေးရလေသည်။

ကျနော်တို့မြို့၌ တနှစ်တကြိမ်ကျင်းပသော သင်္ကန်းပွဲတွင်လည်း သူကိုပင့်ဖိတ်ပြီး အလှူခံပေးရသည်။ သူသည် ကျနော့်မိသားစုနှင့်လည်း မိသားစုရင်းချာလို ခင်မင်ရင်းနှီးမှုရှိခဲ့သည်။ ကျနော့်အိမ်တွင်လည်း လနှင့်ချီ၍ သီတင်းသုံးနေထိုင်ခဲ့ဖူးသည်။

မနှစ်က ကျနော်တို့နှင့်အတူ ပြည်တွင်းသို့ပြန်ဝင်ခဲ့ပြီး ရန်ကုန်နှင့်မန္တလေးတွင် "ပြည်ပ ရှစ်လေးလုံးမျိုးဆက်များနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံပွဲ" များ ပြုလုပ်ခဲ့ကြသည်။

သူသည် ရခိုင်လူမျိုးတဦးဖြစ်သော်လည်း ကျနော်တွေ့ဖူးသမျှထဲတွင် လူမျိုးရေးစိတ်ဓာတ် အင်မတန်နည်းပါးသူတဦးဟုထင်သည်။ ယခင်က သူသည် ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမားတဦးအဖြစ် တလျှောက်လုံရပ်တည်လာခဲ့ပြီး ယခုအချိန်တွင်တော့ အနည်းငယ်လူမျိုးရေးစိတ်ဓာတ်တွေ ခံစားနေရသည်ဟု ကျနော်ထင်သည်။

လွန်ခဲ့သောအနှစ်သုံးဆယ်လောက်က သူသည် "ဒေါ်အောင်ဆန်းစုကြည်" အတွက် နိုင်ငံတကာသို့လှည့်လည်ဟောပြောခဲ့ပြီး ဂျာမဏီပါလီမန်အပါအဝင် နိုင်ငံပေါင်း(၂၀)ကျော်တွင် တက်ကြွစွာထောက်ခံအားပေး လော်ဘီလုပ်ပေးခဲ့ဖူးလေသည်။

သူသည် နဝတခေတ်တွင် ဒီမိုကရေစီအရေးတော်ပုံကြီးအား မစင် တပဲသားခတ်ရန်အကြံအစည်ဖြင့် နဝတစစ်ထောက်လှမ်းရေးသတင်းဌာနများ၏ လုပ်ကြံမှုများကို ဖော်ထုတ်ဖွင့်ချခဲ့သော "အပုပ်ချအောက်လမ်းနည်းတွေနဲ့လုပ်စားနေတဲ့နဝတ" ဆိုသည့်စာတမ်းတစောင်ကိုရေးသားခဲ့ပြီး အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ သုံးဘာသာဖြင့် ရိုက်နှိပ်ဖြန့်ချိခဲ့ဖူးသည်။

ယခု အင်အယ်ဒီမှအာဏာရလာချိန်တွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်ဖြစ်ရပ်များတွေ့မြင်လာရပြီး စိတ်ပျက်အားလျှော့မှုများဖြစ်လာခဲ့ရတာတော့ သိပ်မဆန်းဟု ကျနော်ထင်သည်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားများအပေါ် အစိုးရ၏မှားယွင်းသောပေါ်လစီနှင့် ကိုင်တွယ်ပုံညံဖျင်းဆိုးဝါးမှုများအတွက်လည်း ပါလေမည်။

မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားလူမျိုးစုများ၏ ယခုအချိန်တွင်ဖြစ်ပေါ်နေသောခံစားချက်များအပေါ် ကျနော်ကတော့ နားလည်သဘောပေါက်ပါသည်။

ကျနော်နှင့်သူသည် လွန်ခဲ့သောအနှစ်သုံးဆယ်ကျော် (၈၈၈၈) တိုက်ပွဲကာလကတည်းကရင်းနှီးခဲ့ကြပြီး၊ ဘာသာရေးအရ ရဟန်းနှင့်ဒါယကာဆက်ဆံရေးသာမက နိုင်ငံရေးအရ ရဲဘော်ရဲဘက်ဆက်ဆံရေးကား သံမဏိရှည်စွာတည်တံခိုင်မြဲနေလိမ့်မည် ကျနော်အကြွင်းမဲ့ယုံကြည်ပါသည်။

ဇာနည်
(၁၀,၁,၂၀၁၉)

မိုးမခမှာ https://blog.moemaka.com/2019/01/blog-post_58.html ၂၀၁၉ နှစ်ဆန်းက ဖော်ပြခဲ့ဖူးပါသည်။