Breaking News

ကိုရွေး - ရွေးမြစ်ဟာ နောက်ဂျွမ်းပစ်ဆင်းသွားသူကိုမျှော်နေရှာရော့မယ်



ကိုရွေး - ရွေးမြစ်ဟာ နောက်ဂျွမ်းပစ်ဆင်းသွားသူကိုမျှော်နေရှာရော့မယ်

(မိုးမခ စက်တင်ဘာပုံနှိပ် ၂၀၁၉) ဇန်နဝါရီ  ၅၊ ၂၀၂၀

ကိုအုန်းတင်
ကျောက်သားတွေမှော်ဝင်နေတဲ့ရွာကလေးက
 ကျောက်မှော်ရွာသားကိုအုန်းတင်
အသားဖြူဖြူ ပြုံးပြုံးရွှင်ရွှင်နေတတ်သူ
နောက်ဆုံးနှီးချက်ကို လိမ်ပြီး
ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်က
ရွေးမြစ်ထဲ နောက်ဂျွမ်းပစ်ဆင်းသွားသူ 

ရွာမှာ ပြည်သူ့စစ်တွေဖွဲ့တော့
စစ်သားတွေရောက်လာတယ် သင်တန်းပေးတယ်
စစ်သားတွေပြန်သွားတော့
ကိုအုန်းတင် စစ်ထဲလိုက်သွားတယ်

သူ့ညီမတစ်ယောက် စစ်သားနဲ့ညားတယ်
သူ့ညီအငယ်ဆုံးက ကျွန်တော့်သူငယ်ချင်း အုန်းသွင်တဲ့
ကျွန်တော်တို့က အသွင်လို့ပဲခေါ်ကြတယ်

နံရံပေါ် 
ခေတ်တွေ နှစ်တွေကို ပြက္ခဒိန်တွေနဲ့မှတ်တမ်းတင်
ဝါဝါဝင်းရွှေ ခင်ယုမေ
မြင့်မြင့်ခိုင် ခင်သန်းနု
ထက်ထက်မိုးဦး ဣန္ဒြာကျော်ဇင်
အဲ့ဒီမှာ
ကိုအုန်းတင် ကျွန်တော့်ဆီရောက်လာတယ်
ခြေထောက်တစ်ဖက် ပါမလာဘူး
ဘယ်မှာ ထားခဲ့တာလဲဆိုတော့
ပြုံးပြုံးရွှင်ရွှင်ပါပဲ မဲသဝေါမှာထားခဲ့တာတဲ့
သူ့အပြုံးက နာကျင်တယ်

ဟော နံရံပေါ်
ဝတ်မှုန်ရွှေရည်တို့ ဖွေးဖွေးတို့
ပိုင်ဖြိုးသုတို့ ခီမောင်နှံတို့နဲ့အတူ
ဒီကြယ်ကြီး ကျွန်တော့်နား သတင်းစကား ရောက်လာပြန်တယ်
ဆေးရုံလာတက်တာတဲ့
အဆုပ်တစ်ခြမ်းမကောင်းတော့ဘူးဆိုလား
ကိုယ်ဘာမှ မတတ်နိုင်ပါလား
နှစ်ပေါင်း ၄၀ လောက် ကမ္ဘာမြေပေါ် ပြေးလွှားခဲ့ရ
နှစ်ပေါင်း ၃၀လောက် ကမ္ဘာမြေပေါ် ခြေထောက်တစ်ချောင်းတည်းနဲ့ ရပ်ခဲ့ရ

သူတတ်နိုင်သလောက်
ခြေထောက်နဲ့ငြိမ်းချမ်းရေး လဲပေးရှာခဲ့တယ်
သူရှာခဲ့ငြိမ်းချမ်းရေးလည်း
ခြေတစ်ဖက် အဆုပ်တစ်ခြမ်းနဲ့
လွမ်းဖျားလွမ်းနာကျနေဆဲပါပဲ

ခြေထောက်တစ်ချောင်းနဲ့လူ
အဆုပ်တစ်ခြမ်းနဲ့လူ
ရွေးမြစ်ကြီးထဲ နောက်ဂျွမ်းပစ်နိုင်ပါ့ဦးမလား။


၁၅ ဇူလိုင် ၁၉