Breaking News

မြင့်ကျော် - ဆာရာယေဗိုနဲ့ ကလေးမြို့

ကလေးမြို့တွင်းဖြတ်စီးတဲ့ စမ်းချောင်း

မြင့်ကျော် - ဆာရာယေဗိုနဲ့ ကလေးမြို့

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၀

ကလေးမြို့ဟာ ချင်းတောင်တန်းတွေရဲ့ တောင်ခြေ မြေပြန့်မှာ တည်ထားတဲ့မြို့ဖြစ်ပြီး ချင်းတောင်တန်းတွေဆီ ဝင်ပေါက်သဖွယ်ဖြစ်တဲ့ ကလေး-သိုင်းငင်း ကားလမ်းဆီဦးတည်တဲ့ လမ်းမကြီးက မြို့ရဲ့ တောင်နဲ့မြောက်ကို ဖြတ်သန်းဖောက်လုပ်ထားတာပါ။

အဲဒီလမ်းနဲ့အပြိုင်လိုပဲ တောင်တန်းတွေဆီက စီးဆင်းလာတဲ့ စမ်းချောင်းကလည်း မြို့ရဲ့ မြောက်ကနေ တောင်ဘက်ဆီသို့ စီးဆင်းနေတာပါ။ စမ်းချောင်းက မိုးရာသီမှာ အတော်လေးအားကောင်းကောင်းနဲ့ စီးဆင်းနေပြီး အခုလိုဆောင်းရာသီမှာတောင် ရေအတော်များများရှိပါတယ်။ ကလေးမြို့ထဲ စီးဆင်းတဲ့ စမ်းချောင်းရဲ့ အစပိုင်း ကလေးတက္ကသိုလ်အနီးမှာတော့ စမ်းချောင်းရေဟာ ကြည်လင်နေပြီး သောက်သုံးလို့ရလောက်တဲ့ အရည်အသွေးမျိုးဖြစ်တာတွေ့ရပါတယ်။
အဲဒီကနေ လူနေအိမ်တွေ ရပ်ကွက်တွေဖြတ်သန်းစီးဆင်းလာရာမှာ တမိုင်ကျော် ၂ မိုင်နီးပါး အကွာအဝေးရောက်တဲ့အခါမှာ စမ်းချောင်းထဲမှာ ဖိနပ်အစုတ်လိုမျိုး၊ ပလပ်စတစ်အိတ်တွေ၊ မုန့်၊ စားစရာထည့်တဲ့ ပလပ်စတစ်အိတ်ခွံတွေ၊ မီးဖိုချောင်က ထွက်တဲ့ အမှိုက်တွေဖြစ်တဲ့ ကြက်သွန်ခွံလို အမှိုက်မျိုးတွေက အစ မြွေရေခွံအိတ်လို ခပ်ကြီးကြီး အမှိုက်တွေအထိ ကြမ်းခင်းကို ဒိုးယိုးပေါက် မြင်နေရတဲ့ ရေထဲ မြောပါလာနေတာတွေ့ရပါတယ်။

အဲဒီကနေ တဆင့် မြို့ရဲ့ တောင်ဘက်ပိုင်းရောက်လေ ဖော့ဗူးခွံတွေ အိမ်တွေကစွန့်ပစ်တဲ့ အခြားသော အမှိုက်မျိုးတွေပါ စီးမြောပါလာတာ အချို့နေရာမှာ ရေတိမ်လို့ ဖော့ဗူးခွံတွေ အမှိုက်တွေက စမ်းချောင်းထဲပေါက်နေတဲ့ သစ်ပင်ငယ်တွေမှာ ငြိနေတာသော်လည်းကောင်း တွေ့မြင်ရမှာပါ။
ကလေးမြို့မှာတည်းခိုတဲ့ တနေ့သောမနက် ကျနော်က စမ်းချောင်းက ရေစီးထဲ မျောပါလာတဲ့ အမှိုက်တွေကို ကြည့်နေမိတဲ့အခါ မြို့ခံ ဟိုတယ်ပိုင်ရှင်က နဘေးနားလာရပ်ကြည့်ရင်း ကလေးမြို့ရဲ့အမှိုက်ပစ်တဲ့ ပြဿနာကို ကျနော် သတိပြုမိကြောင်း ရိပ်စားမိပုံရပါတယ်။
သူက မြောင်းထဲ ချောင်းထဲ အမှိုက်မပစ်ဖို့ စည်ပင်ကိုလည်း ပြောတယ်ဗျာ ဒါပေမယ့် မတတ်နိုင်ဘူး လို့ မြို့ခံတယောက် အနေနဲ့ ညည်းညူရှာပါတယ်။

စမ်းချောင်းထဲ ကြည့်ရင်း ကျနော်တွေးကြည့်မိတာကတော့ ၂၀၁၆ ခုနှစ်က ရောက်ခဲ့ဖူးတဲ့ ဘော့စနီးယား ဟာဇီဂိုးဗီးနား နိုင်ငံမြို့တော် ဆာရာယေဗို မြို့က မြင်ကွင်းဖြစ်ပါတယ်။ ဆာရာယေဗို မြို့လည်ကိုလည်း စမ်းချောင်းတခုက ဖြတ်သန်းစီးဆင်းနေပြီး ကြည်လင်တဲ့ရေ တချို့နေရာမှာ စမ်းချောင်းရေထဲ ပေါက်ရောက်နေတဲ့ သစ်ပင် မြက်ပင်တွေကို တွေ့မြင်ခဲ့ရတာပါ။ စမ်းချောင်းထဲ အမှိုက်တခုတလေမှ မတွေ့ခဲ့မိတာကိုအမှတ်ရမိပြီး ကလေးမြို့မှာလည်း အဲဒီလို ထိန်းသိမ်းနိုင်မယ်ဆို ပိုပြီးသာယာ နေချင်စဖွယ် ဖြစ်လိမ့်မလဲဆိုတာဖြစ်ပါတယ်။