Breaking News

အစိုးရထံမှ လုပ်ကိုင်ခွင့်ရထားသည့်ကုမ္ပဏီများ အခွင့်ထူးခံဖြစ်နေဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် သုံးသပ်

အစိုးရထံမှ လုပ်ကိုင်ခွင့်ရထားသည့်ကုမ္ပဏီများ အခွင့်ထူးခံဖြစ်နေဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် သုံးသပ်

သမိုင်းဝင် ဝန်ကြီးများရုံးကို ငှားရမ်းလုပ်ကိုင်ခွင့် ရထားသည့် အနော်မာကုမ္ပဏီ၊ ခေတ်မီ မီးပွိုင့်စနစ်နှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်မှုကို အချိန်မီ ပြီးစီးခြင်းမရှိသည့် ကုမ္ပဏီတို့ထံမှ ဒဏ်ကြေးငွေများ ကောက်ခံခဲ့ခြင်းမရှိမှုအပေါ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထောက်ပြထားသည်။

ဖြိုးသီဟချို ၊  Myanmar NOW
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၀

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှကို ယနေ့တိုင်းလွှတ်တော်တွင် တွေ့ရစဉ်

​​​​​ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ လုပ်ပိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများမှာ အထူးအခွင့်အရေးများ ရရှိနေသည်ဟု တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ယနေ့ တိုင်းလွှတ်တော်တွင် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်) ကို ရန်ကုန်တိုင်းလွှတ်တော်တွင် ဖတ်ကြားရာ၌ ၎င်းက ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်ဝန်ကြီးများရုံးကို အနော်မာကုမ္ပဏီက BOT စနစ်ဖြင့် ယခင် အစိုးရဟောင်းလက်ထက် ၂၀၁၅ ခုနှစ်မှ ၂၀၆၅ ခုနှစ်ထိ နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းခဲ့ပြီး သတ်မှတ်ကာလအတွင်း ငှားရမ်းခငွေ ပေးသွင်းခြင်းမရှိခဲ့ပေ။

ယင်းအတွက် စာချုပ်ပါ စည်းကမ်းချက်အရ ငှားရမ်းခငွေ၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေ ကောက်ခံရမည်ဖြစ်သော်လည်း ကောက်ခံထားခြင်းမရှိသည့် အပေါ်တွင် ၎င်းက ယင်းသို့ သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

ငှားရမ်းခနှုန်းထားများ စတင်ကောက်ယူမည့်နေ့သည် လုပ်ငန်းစတင်ဆောင်ရွက်သည့် နေ့ဖြစ်သည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းသည် အငှားချထားခြင်းခံရသူအပေါ် အထူးအခွင့်အရေးပေးနေသည့်သဘော သက်ရောက်နေခြင်းဖြစ်ပြီး နိုင်ငံတော်ရငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝရရှိရေး ဆောင်ရွက်ရန် လိုအပ်နေသည်ဟု အစီရင်ခံစာအကျဉ်းချုပ်ကို ဖတ်ရာတွင် ပြောဆိုသွားသည်။

ယင်းအပြင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ခေတ်မီ မီးပွိုင့်စနစ်တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်းအတွက် ကျပ်ငွေ ၁၈ ဒသမ ၉၃၈ ဘီလျံ သုံးစွဲခဲ့ပြီး လက်ရှိအချိန်အထိ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိသေးပေ။

ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Myanmar Shwe Ying International ကုမ္ပဏီလိမိတက်တို့ကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်အရ ဒဏ်ကြေးငွေအဖြစ် ကုမ္ပဏီဘက်မှ တစ်ရက်လျှင် ကျပ်ငွေ တစ်သိန်း ပေးဆောင်ရမည် ဖြစ်သော်လည်း ၂၀၁၆ ခုနှစ်ဩဂုတ်လ မှ ၂၀၁၇ ခုနှစ် မေလအထိသာ ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက် မပေးဆောင်တော့ကြောင်း ၎င်းက ထောက်ပြသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်ကြောပိတ်ဆို့သည့် မော်တော်ယဉ်များကို ဖယ်ရှားရှင်းလင်းရန် ‘စည်းကမ်းပျက်ယာဉ် ကရိန်းဆွဲသည့် လုပ်ငန်း’ မှာလည်း ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အရ သဘောတူစာချုပ် ချုပ်ဆိုသည့် ၃ နှစ်အတွင်း အခြားမည်သည့်ကုမ္ပဏီ အဖွဲ့အစည်းကိုမှ လုပ်ပိုင်ခွင့် ပေးမည်မဟုတ်ဟု ပါရှိခြင်းမှာလည်း ကုမ္ပဏီအဖွဲ့အစည်းများအပေါ်တွင် အထူးအခွင့်အရေးများ ပေးသည့်သဘော သက်ရောက်နေသည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဝန်ကြီးများရုံး ငှားရမ်းခနှင့်ပတ်သက်ပြီး ပြည်သူ့ဘဏ္ဍာငွေ နစ်နာမှုများကို ထောက်ပြထားပြီး ယင်းအပေါ်တိုင်းဒေသကြီး အစိုးရအဖွဲ့က မလိုက်နာသည့် သဘောမျိုးဖြစ်နေကြောင်း ပြောဆိုသည်။

“စည်ပင်က မြေငှားရမ်းခတွေ နည်းတဲ့အကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ထောက်ပြလိုက်တဲ့အခါမှာ ၂၀၁၇-၁၈ မှာ ထပ်ကြည့်တဲ့အခါမှာ ထပ်ပြီးတောင် ပိုတောင်နည်းသွားတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့ ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေး ကော်မတီ အနေဖြင့်လည်း လာမည့် အပတ်တွင် ပြန်လည် စတင်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခုလ ၁၃ ရက်နေ့တွင် ပြန်လည်စတင်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီကလည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် ၎င်းတို့ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းသွားမည်ဖြစ်သည်။