Breaking News

မောင်လူပေ - တိုင်ဝမ်ရဲ့ ဒီမိုကရေစီအောင်ပွဲ



မောင်လူပေ - တိုင်ဝမ်ရဲ့ ဒီမိုကရေစီအောင်ပွဲ

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၀

တိုင်ဝမ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လွတ်လပ်သောနိုင်ငံဖြစ်ရေး ကြိုးပမ်းနေတဲ့လက်ရှိသမ္မတ သံမဏိအမျိုးသမီးသမ္မတကြီး ထိုင်အင်းဝမ် Tsai Ing-wen ကပဲဒုတိယသက်တမ်းအဖြစ် ရွေးကောက်ခံရပြီး ဆက်လက်အောင်ပွဲခံပါတယ်။ သမ္မတလောင်း ဝင်အရွေးခံခဲ့တဲ့ တရုတ်ပြည်လိုလားသူ ကူမင်တန်ပါတီက ဟန်ကိုးယူ Han Kuo-yu ကိုတိုင်ကလည်း သူရှုံးကြောင်း ဝန်ခံခဲ့ပြီး အနိုင်ရသူ လင်ရှိသမ္မတထိုင်အင်းဝမ်ကို ဝမ်းမြောက်စကား ပြောကြားခဲ့တယ်။

ထိုင်ဝမ်သမ္မတရဲ့ ဒုတိယမြောက်ရွေးကောက်ခံရမှုဟာ တိုင်ဝမ်နိုင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲ၊ လူငယ်ထုရဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်လိုမှု ရလာဒ်ကောင်းလည်း ဖြစ်ပါတယ်။ တိုင်ဝမ်ရဲ့ အသက်သုံးဆယ်အောက် လူငယ်ထုကို စစ်တန်းကောက်ရာမှာ(၇၅%) က သူတို့ဟာ တိုင်ဝမ်နိုင်ငံသားလို့ ခံယူကြောင်း ဖြေကြားခဲ့ကြတဲ့အတွက်လူငယ်ထုဟာ တိုင်ဝမ်ကို သီးခြားလွတ်လတ်တဲ့နိုင်ငံတစ်ခုဖြစ်လိုကြောင်းထင်ရှားစွာပြသနေတယ်။

ဒီအဖြေရလာဒ်တွေဟာ တရုတ်ပြည်အတွက် အိမ်မက်ဆိုးတွေပါ။ တရုတ်သမတ စီကျင်းပင်က တိုင်ဝမ်ကို တရုတ်ပြည်ရဲ့ပြည်နယ်တစ်ခုအဖြစ်လက်ခံဖို့၊ ဟောင်ကောင်လို တစ်နိုင်ငံ စနစ်နှစ်မျိုးကို ကျင့်သုံးဖို့ တောက်လျှောက် ဖိအားပေးခဲ့တယ်။ တိုင်ဝမ်နဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတွေကို ဖိအားပေးပြီး အဆက်ဖြတ်စေတယ်။ စီးပွားရေးလုပ်ငန်းတွေကို ကန့်သတ်တယ်။ လွတ်လပ်ရေးကြေညာဖို့လုပ်ရင် စစ်အင်အားသုံးပြီး ဝင်ရောက်သိမ်းပိုက်မယ်လို့ ခြိမ်းချောက်တယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတယ်။ ဒီလိုဖိအားတွေများစွာကြောင့် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကဆိုရင် အမျိုးသမီးသမ္မတထိုင်အင်းဝမ် ပြန်လည်အရွေးခံရဖို့အခြေအနေဟာအတော်နည်းနေခဲ့တာပါ။

ဟောင်ကောင်ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်မှာတော့ သူမရဲ့အခြေအနေတွေ ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုမှုတွေကို တရုတ်အစိုးရက ရဲအင်အားအဆမတန်သုံးပြီး နည်းမျိုးစုံနဲ့ရက်ရက်စက်စက် ကိုင်တွယ်ခဲ့တာတွေ မြင်ကြရတဲ့အခါ တိုင်ဝမ်လူထုဟာ အတွေးအမြင်တွေ ပြောင်းလဲခဲ့ကြရတယ်။ တရုတ်ပြည်က ပြောနေတဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးဆိုတာ အပြောမျှသာဖြစ်ပြီး စနစ်မတူသူတွေ အတူနေကြရင် အင်အားကြီးသူကအင်အားနည်းသူကို အနိုင်ကျင့်တဲ့ အာဏာရှင်စနစ်သာ လက်တွေ့ဖြစ်တယ်လို့ မြင်လာကြတယ်။

အထူးသဖြင့် တိုင်ဝမ်လူငယ်ထုဟာ သူတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပိုပြီး မြင်လာကြပြီးနောက်မှာတော့ အမြိုးသမီးသမ်မတကြီးထိုင်အင်းဝမ်နောက်မှာ တခဲနက်ရပ်တည်လိုက်ကြပါတော့တယ်။ တရုတ်လိုလားသူတွေရှိတဲ့အရပ်တွေကို ကွင်းဆင်းမဲဆွယ်တယ်။ မဲပေးကြဖို့ လူငယ်ထုကို စည်းရုံးတယ်။ နိုင်ငံခြားရောက်နေကြသူတွေ ပြန်လာပြီးမဲပေးဖို့ လှုံ့ဆော်မှုတွေပြုတယ်။ သူတို့တစ်တွေရဲ့ကြိုးပမ်းမှူကြောင့် ထိုင်ဝမ်သမ္မတကြီးဟာ ဒုတိယအကြိမ် ပြန်လည်အရွေးခံရတာပါပဲ။


တရုတ်သမ္မတကြီးစီကျင်းပင်ရဲ့ ဖိအားပေးမှုမူဝါဒသဘောထားဟာ လက်တွေ့မှာအလုပ်မဖြစ်ကြောင်း သိမြင်ရကြပြီ။ တိုင်ဝမ်ကတော့ တစ်နိုင်ငံစနှစ်နှစ်မျိုးကိုလက်မခံပဲ လောလောဆယ်မှာ လက်ရှိအခြေအနေအတိုင်း သီးခြားနေထိုင်ဖို့သာလိုလားပါတယ်။ လွတ်လပ်ရေးကြေညာဖို့ အခြေအနေမပေးသေးတဲ့အတွက် ဖြစ်တယ်။ တရုတ်ပြည်ကတော့ အခြားနိုင်ငံတွေကို တိုင်ဝမ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ သူ့ရဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးပေါ်လစီကို ထောက်ခံကြောင်း ကြေညာဖို့ ဖိအားတွေ ဆက်ပေးပါလိမ့်မယ်။

တရုတ်ပြည်ရဲ့ဖိအားကို မခံနိုင်တဲ့ မြန်မာ၊ သီရိလင်္ကာစတဲ့ နိုင်ငံငယ်တွေကတော့တရုတ်ပြည်အကြိုက်လိုက်ပြီး တိုင်ဝမ်ဟာ တရုတ်ပြည်သာဖြစ်ကြောင်း တိုင်ဝမ်ရဲ့သီးခြားလွတ်လပ်မှုကို အသိအမှတ်မပြုကြောင်း တစ်နိုင်ငံစနစ်နှစ်မျိုးမူကိုသာထောက်ခံကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပေးခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားတုန်းက ဒီကြေညာချက်ကို ထုတ်ပေးခဲ့ရသလို မကြာခင်မှာတရုတျသမ်မတကြီးစီကျင်းပင်ရဲ့ မြန်မာပြည်အလည်အပတ်ခရီးအတွင်း အလားတူကြေညာချက်မျိုး ထပ်မံထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူငယ်တွေဦးဆောင်တဲ့ ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တိုင်ဝမ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားသူများအနိုင်ရရှိမှုဟာ တရုတ်ပြည်ရဲ့ တင်းမာတဲ့အာဏာရှင်ဆန်မှုကို တရုတ်ပြည်မကြီးပြင်ပနေ တရုတ်လူငယ်ထုက လုံးဝ လက်မခံပဲ ဆန့်ကျင်ကြောင်း ပြသမှုဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ တိုင်ဝမ်လူငယ်ထုနဲ့ဒုတိယအကြိမ်သမ္မတအဖြစ်ပြန်လည်အရွေးခံရသူ ထိုင်ဝမ်ရဲ့ပထမဆုံး အမျိုးသမီးသမ္မတကြီးထိုင်အင်းဝမ်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်ပါရစေ။

"ဒီမိုကရေစီကို ထောက်ခံသည်။ အာဏာရှင်စနစ် ကျဆုံးပါစေ။"

ချစ်တဲ့
မောင်လူပေ