Breaking News

ဇင်လင်း - နိုင်ငံရေးပြဿနာကို နိုင်ငံနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှု ထူထောင်သင့်ပြီ



ဇင်လင်း - နိုင်ငံရေးပြဿနာကို နိုင်ငံနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှု ထူထောင်သင့်ပြီ

(မိုးမခ) ဇန်နဝါရီီ ၁၂၊ ၂၀၂၀ 


ယခု ခရစ်နှစ် ၂၀၂၀ တွင် မြန်မာနိုင်ငံ နယ်ချဲ့ကိုလိုနီစနစ်အောက်မှ လွတ်မြောက်ခဲ့ခြင်း ၇၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်တို့၏ အရိပ်မည်းကြီးများအောက်မှ လွတ်မြောက်ခဲ့သော်လည်း လက်နက်အင်အားဖြင့် ကြဇာလွှမ်းမိုးလိုသော သဘောထားအယူအဆများက ကျန်ရှိနေဆဲဖြစ်သည်။ လက်နက်ကိုင်ထားမှ ဆွေးနွေးပွဲ၌ နေရာ ရရှိမည်ဟုလည်း ယူဆနေကြသည်။ ၎အယူအဆမျိုး ပေါ်ပေါက်လာသည်မှာ ယခင်အစိုးရအဆက်ဆက်၏ တာဝန် မကင်းဟု ဆိုရမည်။ ယခု ၂၀၂၀ လွတ်လပ်ရေးနေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်သောကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ဖြစ်နေခဲ့ရသည်ဟု ဆိုသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တနေသော တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာမခံချက်ပေးနိုင်မည့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းအားထုတ် လျှက်ရှိသည်ဟုလည်း သမ္မတက ၂၀၂၀ ဇန္နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား၌ ဖေါ်ပြခဲ့သည်။

ထို့ပြင် သမ္မတ၏ ၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ၌လည်း “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား သံသယစိတ် ကင်းစင်ပြီး ခိုင်မာသောယုံကြည်မှု တည်ဆောက်နိုင်ရေး ဒီမိုကရေစီ စံချိန်စံညွှန်းများ လူ့အခွင့်အရေး စံနှုန်းစံထားများနဲ့ ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် ဆီလျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေရးတို့ကို ပြည်ထောင်စုစိတ်ဓာတ် ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် များကို အလေးအနက် ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် ဤနေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်း နှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။” ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

ဇန္နဝါရီ ၄ ရက်နေ့က နေပြည်တော် ဇေယျာသီရိဗိမာန်၌ ပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် နှင့် လက်မှတ်များ ချီးမြှင့်ခြင်း အခမ်းအနားတွင် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုး စီးပွားတစ်ခုတည်းကို ရှေးရှု၍ ခေတ်အဆက်ဆက် တောက်လောင်ခဲ့သော လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးဖြင့် အပြီးတိုင် ငြှိမ်းသတ်နိုင်ရန် ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ယနေ့အထိ အမြင်ကျဉ်းမြောင်းနေဆဲ၊ အတ္တကို ရှေ့တန်းတင်နေဆဲဖြစ်သည့် လက်နက်ကိုင် အဖွဲ့အစည်း အချို့၏ ခေါင်းဆောင်များသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ငြိမ်းငြိမ်ချမ်းချမ်း ဆောင်ရွက်ရမည့်အစား နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေခြင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အကြမ်းဖက်လုပ်ရပ်များဖြင့် ထိပါးနှောင့်ယှက်နေခြင်းတို့အြပင် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ် နည်းပါးခြင်းကြောင့် မလွဲသာ မရှောင်သာ စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းနေရဆဲ ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စု ကိုယ်စား နိုင်ငံခြား ရေးဝန်ကြီး Mike Pompeo က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် သဝဏ်လွှာ ပေးပို့ခဲ့သည်။ ဇန်နဝါရီ ၄ ရက် မြန်မာ့ လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူများထံ ဆုမွန်ကောင်း ပို့သပါကြောင်း သဝဏ်လွှာ၌ ရေးသားထားသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးတို့ကို ဆက်လက် ထောက်ခံအားပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးက နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဆက်လက်ဖော်ဆောင်လျှက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်း အလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးတို့ကို ထောက်ခံအားပေး၍ မြန်မာပြည်သူတို့နှင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားရန် လွန်ခဲ့သော ဆယ်စုနှစ်များကအတိုင်း အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားသည်ဟု ဆိုသည်။ ပြည်သူအားလုံး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဒီမိုကရေစီစနစ်ထွန်းကား၍ သာယာဝပြောသည့် မြန်မာနိုင်ငံအဖြစ် အောင်မြင်နိုင်စေရန် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ပွန်ပီယိုက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ သဝဏ်လွှာသည် ပုံမှန်ပေးပို့သည့် သဝဏ်လွှာဖြစ်သော်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး ၂ နိုင်ငံအကြားရှိ မြန်မာနိုင်ငံ၏ အရေးပါမှုကို အသိအမှတ်ပြုပုံရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးအရွေ့ကိုလည်း တိုးတက်ဖြစ်ထွန်းစေလိုသော သဘောရှိသည်ဟု ယူဆသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းစစ် မရပ်စဲနိုင်သောကြောင့် ဒီမိုကရေစီနှင့် အလှမ်းဝေးနေဆဲ ရှိသည်။ အထက်တွင် ဖေါ်ပြခဲ့သည့် သမ္မတ၏ သဝဏ်လွှာအတိုင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးတို့အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား သံသယစိတ် ကင်းစင်၍ အပြန်အလှန်ယုံကြည်မှုရှိအောင် ဦးစွာ ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ အပြန်အလှန် ယုံကြည်မှုမရှိသေးသမျှ၊ လက်နက် ကိုင် ပဋိပက္ခများ ဆက်ဖြစ်နေမည်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်း၍ မရနိုင်သည်ကို တိုင်းရင်းသား ခေါင်ဆောင် အများစုအနေဖြင့် သဘောပေါက်ကြသည်ဟု ထင်သည်။ သို့သော် ၎တို့၏ တည်ရှိမှု အခန်းကဏ္ဍနှင့် လိုလားတောင်းဆိုချက်များကို မေ့လျော့မသွားစေရန် လက်နက်နည်းဖြင့် ဟန်ရေးပြနေကြပုံရပေသည်။

တိုင်းရင်းသား လက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၀ နှစ်ဆန်း (၁)ရက်နေ့မှစ၍ တစ်ဖက်သတ် အပစ်ရပ် ကြေညာခဲ့သည်။ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊တအာင်း ပလောင်အဖွဲ့(TNLA) တို့က (၂)လ တစ်ဖက်သတ်အပစ်ရပ်စဲမည်ဟု ဇန်နဝါရီ(၁) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ထို ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ယခုလကုန်တွင် တွေ့ဆုံရေးကိစ္စ စီစဉ်နေဆဲ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ဗွီအိုအေမြန်မာပိုင်းသတင်း အရသိရသည်။ တစ်ဖက်သတ် အပစ်ရပ်ကြေညာခဲ့ပြီး နောက်နေ့ ဇန်နဝါရီ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ မြို့နယ်(၃)မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

အစိုးရနှင့် NCA လက်မှတ်မရေးထိုးသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ လာမည့် ဆွေးနွေးပွဲတွင် Bilateral အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားသည့် အဖွဲ့အချို့ရှိသည်ဟု ကြားရသည်။ AAအဖွဲ့က ရခိုင်ပြည်နယ်အတွင်း ၌ အခြေချလိုသည့် ရည်မှန်းချက်ရှိသည်။ သို့သော် AA ၏တည်ရှိမှု တပ်မတော်က လက်မခံဟု ဆိုနေသည်။ ယင်းသို့ သဘောထားကွဲလွှဲချက် ရှိနေသောကြောင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးရန် ကြန့်ကြာဖွယ်ရှိသည်ဟု နိင်ငံရေးအကဲခတ်အချို့က သုံးသပ်ကြသည်။ အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့သည် Bilateral အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ၂၀၁၈ ဒီဇင်ဘာကတည်းက စတင် ညှိနှိုင်းခဲ့သည်။ လေးကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်၍ အပစ်ရပ်စာချုပ် မူကြမ်းများကိုလည်း အပြန်အလှန် အဆိုပြုထားပြီးဖြစ်သည်။ စက်တင်ဘာ ၁၇ ကျိုင်းတုံဆွေးနွေးပွဲ၌ တပ်မတော်ကိုယ်စားလှယ်များ ပထမဆုံး ပါဝင်ဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ၊ အထူးသဖြင့် တပ်နေရာချထားရေးကိစ္စ နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးနိုင် ခြင်းမရှိဟု ဆိုသည်။

ပြီးခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့အကြား Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရာ၌ စာချုပ် တွင်ဖော်ပြရန် နှစ်ဖက်ညှိနှိုင်းထားသည့် အချက် ၇ ချက်ကို ဆက်လက်ဆွေးနွေးရန် အစည်းအဝေးမှတ်တမ်းအဖြစ် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရလဒ် ကောင်းများ ရရှိစေရန် နိုင်ငံရေးဆွေးနွေးပွဲများ တည်ငြိမ်စွာ ဆက်လက်ကျင်းပနိုင်ဖို့လိုသည်။ ၂၁ ရာစုပင္လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခွင့်ပြုရန်လည်း လိုသည်။ သို့မှသာ အပြန် အလှန် ယုံကြည်မှု ထူထောင်နိုင်ပေမည်။ ဤနေရာ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၄-နှစ်မြောက် အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုယ်စား KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့် အမှာစကား တစ်ပိုဒ်ကို ကိုးကားလိုသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာဆောင်နိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ နိုင်ရေးအတွက် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတို့မှလည်း NCA ကို လက်မှတ်ရေး ထိုးနိုင်ရန် အစိုးရမှ သော်လည်းကောင်း၊ တပ်မတော် မှ သော်လည်းကောင်း၊ NCA ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း များမှသော်လည်းကောင်း မိမိနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍမှ ကြိုးစားခဲ့ကြသော်လည်း ယနေ့ထိ ထပ်မံ လက်မှတ် မရေးထိုးနိုင်သေးပါ။ ဒီအခြေအနေအပေါ် ကျွန်တော်တို့အားလုံးမှ ပြန်လည်သုံးသပ်ကြပြီး ကျန်ရှိနေသူများ NCA လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရမှာလည်းြဖစ်ပါတယ်။ သို့မှ သာ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အနှစ်သာရကို ပေါ်လွင်စေမှာဖြစ်ပြီး မိမိတို့အားလုံး တည်ဆောက် ချင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာဖြစ်ပါတယ်။” ဟု စောမူတူးစေးဖိုးက နှိုးဆော်ခဲ့သည်။

NCA စာချုပ် ၄ နှစ်တာကာလအတွင်း ဦးတည်ချက်နှင့် ရည်ရွယ်ချက်သို့ ရောက်ရှိရန် ကြိုးစားခဲ့ကြသော်လည်း NCA စာသားများအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကွဲလွဲနေသဖြင့် မအောင်မြင်ခဲ့ဟုလည်း KNU ဥက္ကဋ္ဌ က ဆိုသည်။ NCA အကောင်အထည်ဖော်ရာတွင် ကိုယ်နားလည်သလို အဓိပ္ပာယ်ကောက်ယူ အကောင်အထည်ဖော်နေကြသကဲ့သို့ ဖြစ်နေသည်ဟု ၎ကဆိုခဲ့သည်။ အစုအဖွဲ့များအကြား မယုံကြည်မှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ အစွန်းရောက်မှုများ၊ အသာစီးရလိုမှုများ ရှိနေကြ၍ နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေရသည်ဟု ယူဆကြောင်း KNU ဥက္ကဋ္ဌ က သုံးသပ်ပြသည်။ မည်သို့ဆိုစေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက်လျှောက် လှမ်းနိုင်ရန်လိုကြောင်း၊ အဖွဲ့အစည်းအားလုံး အပြန်အလှန် လေးစားအသိအမှတ်ပြုကြခြင်းအားြဖင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ၎က တိုက်တွန်းထားသည်။ Stakeholder များအကြား ဘုံနားလည်မှု၊ ဘုံရည်မှန်းချက် များ ညှိနှိုင်းရယူသည့် နည်းလမ်းများဖြင့် အားလုံး၏ အန္တိမပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း KNU ဥက္ကဋ္ဌ က ဆိုသည်။

ယခင် ၅ နှစ်က သမိုင်းအတွေ့အကြုံကို ပြန်ကြည့်လျှင် NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် EAOs ၂၁ ဖွဲ့အနက် KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ် ရေးထိုးခဲ့သည်။ ထိုစဉ်က ကချင်လွတ်လပ်ရေးအဖွဲ့KIO/KIA သည် ‘အားလုံးပါဝင်ခွင့်ပြုရေးမှု’ ကို ဆုပ်ကိုင်ထားခဲ့သည်။ အလားတူ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာန်းအဖွဲ့TNLA ၊ ရခိုင်အဖွဲ့ULA/AA နှင့် ကိုးကန့် အဖွဲ့ MNDAA တို့ကို တပ်မတော်နှင့် ဦးသိန်းစိန်အစိုးရတို့က လက်မခံခဲ့၍ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့။ သို့ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် ယခုအချိန်အထိ အဆင်မပြေဘဲ တစ်ဆို့မှုများ ဖြစ်ခဲ့ရသည်။ နောက်ဆက်တွဲ ရလဒ်များမှာ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်) နှင့် ရခိုင်ပြည်နယ်တို့တွင် အခြေပြုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားခဲ့ရကြောင်း သမိုင်းဖြစ်ရပ်များက သက်သေခံနေသည်။

NCA စာချုပ်တွင် အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူကို ဦးသိန်းစိန်အစိုးရနှင့် တပ်မတော်တို့ လက်မခံခဲ့သောကြောင့် NCA လုပ်ငန်းစဉ် ယခုတိုင် သောင်မတင်ရေမကျ ဖြစ်နေခဲ့ရသည်ကို ယခုအခါ သင်္ခန်းစာအဖြစ် မှတ်ယူသင့်သည်။ ထို့ပြင် FPNCC ခေါ် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ’သို့မဟုတ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပေါ်ပေါက် လာခဲ့ခြင်းကြောင့်လည်း NCA လုပ်ငန်းစဉ် နှောင့်နှေးတန့်ရပ်ခဲ့ရသည်။ တပ်မတော်၏ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက် ထုတ်ပြန် ချက်တွင် စစ်တိုင်းငါးခု၌ ပစ်ခတ်တိုက်ခိုက်မှုရပ် ဆိုင်းမည်ဟု ဖော်ပြခဲ့ပြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါ၀င္ခဲ့၍ AA နှင့် တပ်မတော် အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားခဲ့သည်။ နောက်ထပ် ၂၀၁၉ မေ-ဇွန် အပစ်ရပ်၂ လ ထပ်တိုးရာ ၌ လည်းကောင်း၊ ဇူလိုင်-သြဂုတ် ၂ လ ထပ်တိုးရာ၌လည်းကောင်း ရခိုင်ဒေသပါဝင်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ထည့်သွင်းခြင်း မပြုခဲ့။ ထို့ကြောင့် တပ်မတော်က အင္အားသံုး ထိုးစစ်ဆင်မှုအပေါ် တုံ့ပြန်တိုက်ခိုက်ခဲ့ရသည်ဟု AA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများအား ပြောကြားခဲ့သည်။ ဖြစ်သင့်သည်မှာ တပ်မတော်က အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဝါဒနှင့် ဆီလျော်စွာ တွေ့ဆုံဆွေးနွေးရေးတံခါးကို ကျယ်ကျယ်ဖွင့်ပေးထားမည်ဆိုလျှင် ယခုကဲ့သို့ စစ်ဘောင်ကျယ်လာခဲ့မည် မဟုတ်ပေ။ AA ၏ တည်ရှိမှုကို ရခိုင်ဒေသ၌ ခွင့်မပြုနိုင်ဟု တရားသေဆုပ်ကိုင်မထားဘဲ၊ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားသည့် သဘောဖြင့် တွေ့ဆုံ ညှိနှိုင်းကာ အလျော့အတင်းပြုလုပ်နိုင်ခဲ့ပါက ရခိုင်ဒေသခံ ပြည်သူများ ယခုလောက် သေကြေအနာတရ ဖြစ်ကြရမည် မဟုတ်ပေ။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးေနွးပွဲများတွင် NCA ပြင်ပအကြောင်းအရာများဖြစ်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေး ကိစ္စများကို ညီလာခံတွင် ထည့်သွင်း ဆွေးနွေးလာခဲ့ပြီးနောက် ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ’ နှင့် ‘အစိုးရ၊ တပ်မတော်’ တို့အကြား ယုံကြည်မှု ပျက်ပြားခဲ့ရသည့် ဖြစ်ရပ်ကိုလည်း သင်္ခန်းစာ ယူသင့်သည်။ ဆန္ဒစွဲ ကြီးသည့် အမှားများ၊ သို့မဟုတ် ကာလ ဒေသ ပယောဂတို့နှင့် မညီညွတ်သော အမှားများကို သင်္ခန်းစာယူရမည့်အစား၊ ဆက်လက် ဖက်တွယ်ထားမိပါက အဆိုးကျော့ သံသရာ၌ တဝဲလည်လည် ဖြစ်နေဖွယ်ရှိသည်ဟု သုံးသပ်မိသည်။ တပ်မတော်တစ်ခုတည်းထားရှိရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုသော အချက်များပါသည့် ဖက်ဒရယ် အခြေခံမူများကို ဆွေးနွေးပြီးနောက် တစ်ဆို့မှုများဖြစ်ပေါ်လာသဖြင့် တစ်နှစ်ကျော်ကြာ နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းနေခဲ့သည်။ သို့သော် ဇန္နဝါရီလ ၈ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သော JICM အစည်းအဝေးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် ပြေလည်မှု ပြန်ရခဲ့သည်ဟု သတင်းကောင်းကြားရသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်မှ အစပြု ၍ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းသည့် ဓ လေ့ကို စွန့်ပယ်နိုင်ကြပါစေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှု ကို အရှည်သဖြင့် ဆက်လက်ကျင့်သုံးနိုင်ကြပါစေဟု တိုက်တွန်းအပ်ပါသည်။။။