Breaking News

ဧရာ(မန္တလေး) - သေခြင်း၏ ပညတ်များ



ဧရာ(မန္တလေး) - သေခြင်း၏ ပညတ်များ

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၀


❒ “ပညတ်”ဆိုတာကိုက ပညတ်ထားတာလို့ လက်ခံရင် သေခြင်းတရားဟာ ပညတ် ဖြစ်နိုင်ပါတယ်။ လူတွေ နားလည် (အထူးသဖြင့် ခံစားတဲ့) “သေခြင်း” နဲ့ ဆေးပညာအရသတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်း ပျက်စီးသွားတဲ့ သေခြင်းမျိုးက မတူပါဘူး။ ပါဠိစာပေတွေမှာတော့ ပထမသေခြင်းကို “မရဏ” လို့သုံးပြီး၊ ဒုတိယအမျိုးအစား သေခြင်းကို “ကာယဿ ဘေဒါ” ကိုယ်ပျက်စီးခြင်းလို့ သုံးထားပါတယ်။”

ပညတ်လို့ဆိုရင် လူတွေ သတ်မှတ်ထားတဲ့ အရာလို့ နားလည်ကြပါတယ်။ အများညီရင် ‘ဤ’ကို ‘ကျွဲ’ ဖတ်လို့ရတဲ့ အရာမျိုးလို့ သိကြပါတယ်။ အများညီလို့ ‘ကျွဲ’ လို့ အသံကြားတိုင်း ‘ဤ’မှန်းသိရင် ပြီးတာပဲ၊ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုဘူးလို့ အဓိပ္ပါယ်ရပါတယ်။

‘လူ’ လို့ ခေါ်ခေါ်၊ ‘human’ လို့ ခေါ်ခေါ် လူကို ဆိုလိုမှန်း သိကြပါတယ်။ ဒီနေရာမှာ ‘လူ, human’ စသဖြင့် ဘာသာစကား ဝေါဟာရတွေ, အမည်နာမတွေကို ပညတ်လို့ ခေါ်ပါတယ်။ ဒီဝေါဟာရ နာမပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုဘူးပေါ့။ ‘လူ, human’ စသဖြင့် ဖတ်ရရင်, အသံကြားရရင် စိတ်ကူးထဲမှာ ‘လူ’ ဆိုတာကို သိပါတယ်။ အဲဒီ စိတ်ကူးထဲမှာ သိလိုက်တဲ့ ‘လူ’ ဆိုတာကလည်း ပညတ်ပါပဲ။ “မတ်တပ်ရပ်ပြီး လမ်းသွားတတ်တယ်, တိရစ္ဆာန်တွေထက် အသိဉာဏ်ပိုရှိတယ်, လှုပ်ရှားနိုင်ပေမဲ့ စက်ရုပ် တစ်ရုပ်လို မဟုတ်ဘူး ခံစားနိုင်တယ်” စသဖြင့် အဓိပ္ပါယ်တွေ ပေးထားတဲ့ အရာအဖြစ် စိတ်ထဲမှာ သိသွားပါတယ်။

ဒီပညတ်တွေနဲ့ အပြင်က အရာတွေကို ကိုယ့်စိတ်ထဲ ကူးယူနိုင်သလို၊ ကိုယ်စိတ်ထဲက အရာတွေကိုလည်း အခြားတစ်ယောက်ရဲ့ စိတ်ထဲကို ကူးပေးနိုင်ပါတယ်။ စိတ်ကူးခြင်းကို ဝိတက်-ဝိစာရ (thinking and pondering) လို့ခေါ်ပါတယ်။ ဒီစိတ်ကူးတွေက ဘာသာစကားရဲ့ အခြေခံ၊ စကားပြောဆိုခြင်းရဲ့ အခြေခံဖြစ်လို့ ဝိတက်ဝိစာရကိုပဲ ‘ဝစီသင်္ခါရ’ (formations of verbal actions) လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ စိတ်ကူးဟာ ဘာသာစကားရဲ့ အခြေခံပါ။ စကားဆိုတာဟာလည်း လေတိုက်သံ, လှိုင်းခတ်သံတွေလို အသံသက်သက် မဟုတ်တော့ဘဲ စိတ်ကူးကနေ အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အသံတွေပါ။ ‘လူ, human’ စတဲ့ ဘာသာစကား ဝေါဟာရပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ် မလုပ်ဘဲ နေကောင်း နေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီဘာသာစကား နောက်က အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အတ္ထပညတ်တွေပေါ်မှာတော့ ရေးကြီးခွင်ကျယ် မလုပ်ဘဲ မနေနိုင် ကြတော့ ပါဘူး။ ဒီအတ္ထပညတ်တွေကြောင့်ပဲ လူတွေ ကြည်နူးရ, လွမ်းမောရ, ချစ်ရ, မုန်းရ, စစ်တွေဖြစ်ကြရတာ မဟုတ်လား။

“ပညတ်သွားရာ ဓာတ်သက်ပါတယ်” ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားအဓိပ္ပါယ်က “ကံ့ကော်ပန်းကို ကံကော်ပန်းလို့ ပြောဝယ်ပြီး ဘုရားကပ်တာနဲ့ ကံကောင်းလာလိမ့်မယ်” ဆိုတဲ့ ဗေဒင်ဆရာနဲ့ ဘုရားဈေး ပန်းသည်တွေရဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ ဒီနေရာမှာ ‘ဓာတ်’ ဆိုတာက ဘာသာဗေဒ အသုံးအနှုံးပါ။ စကားလုံး ဝေါဟာရတွေရဲ့ အနက်ဇစ်မြစ် (Root) ကိုပြောတာပါ။ စကားလုံး ဝေါဟာရပညတ်တွေရဲ့ နောက်မှာ အနက်အဓိပ္ပါယ် ပညတ်တွေ ပါနေတယ်လို့ ဆိုလိုတာ မျိုးပါ။

ဝေါဟာရ အသုံးအနှုံးအရ သေတယ် ပြောပြော, အသက်ထွက်တယ် ပြောပြော “သေခြင်း” ဆိုတဲ့ အနက်အဓိပ္ပါယ်ကို သိကြပါတယ်။ ဘာအဓိပ္ပါယ်လည်း ဆိုရင်တော့ လူတွေကိုတိုင် သတ်မှတ်ပေးထားတဲ့ အဓိပ္ပါယ်လို့ပဲ ဆိုရမှာပါ။ အချို့လူများဆို “သေ” ဆိုတဲ့ စကားပြောသံ ကြားရရင် “ဟဲ့ နိမိတ်မရှိ မနာမရှိ” လို့ပြောတတ် ကြပါတယ်။ ဝေါဟာရပညတ်တွေကို “သေခြင်း” လို့ စိတ်ထဲ ကူးယူပြီး သိလိုက်ရုံတင် မက၊ သေခြင်းရဲ့ အဓိပ္ပါယ်တွေကို ခံစားယူ လိုက်ကြပါတယ်။ သေခြင်းရဲ့ နောက်ကွယ်မှာ “ငါ မသေချင်သေးဘူး” ဆိုတဲ့ စိတ်ကူးတွေ ဆင့်ပွားပြီးယူပါတယ်။ ဒီနေရာမှာ “ငါ” ဆိုတာဟာလည်း လူတွေ အဓိပ္ပါယ် သတ်မှတ်ချက် ထည့်ပေးထားတဲ့ အတ္ထပညတ်နောက်တစ်မျိုး ပါပဲ။

“ငါ” ဆိုတဲ့ မာနကို ပယ်သတ်ထားပြီး ဖြစ်တဲ့ ဘုရားရဟန္တာတွေမှာတော့ “ငါ သေရမယ်” ဆိုတဲ့ သေခြင်းမျိုး မရှိတော့ပါဘူး။ လူအများစု သိရှိနားလည် ခံစားတဲ့ “ငါ သေရမယ်” ဆိုတဲ့ ဆင့်ပွား အနက်အဓိပ္ပါယ်တွေရတဲ့ “သေခြင်း” ဆိုတဲ့ ဝေါဟာရမျိုးက အာသဝေါ ကုန်ခမ်းပြီးတဲ့ ရဟန္တာများနဲ့ မသက်ဆိုင်တော့ပါဘူး။

🍀 “မွေးဖွားလာပြီး အိုခြင်း-သေခြင်း ကင်းတဲ့သူ တစ်စုံတစ်ဦး ရှိပါသလား” ဆိုတဲ့ မေးခွန်းကို ကောသလမင်းကြီးက မြတ်စွာဘုရားထံ မေးလျောက်ခဲ့ဖူးပါတယ်။

🍀“မင်းကြီး… အိုခြင်း-သေခြင်း (ဇရာမရဏ) ကင်းလွတ်သော မွေးဖွားသူ ဟူ၍ မရှိ။ ပစ္စည်းဥစ္စာ အလွန်ကြွယ်၀ ချမ်းသာသော မင်းမျိုးသည်လည်း မွေးဖွားလာပြီးနောက် အိုခြင်း-သေခြင်းမှ ကင်းသည်မရှိ။ […] ဘဝသံယောဇဉ် ကုန်ပြီးသော ရဟန္တာသော်မှလည်း ကိုယ်သည် ပျက်စီးခြင်းသဘော (ကာယော ဘေဒနဓမ္မော) ရှိ၏။ ပစ်ချခြင်းသဘောရှိ၏” လို့ မြတ်စွာဘုရားက ဖြေကြားခဲ့ပါတယ်။

❒ ဝေါဟာရဆိုတာ ပညတ်တွေပါလို့ဆိုပေမဲ့ သေခြင်းကို လွန်မြောက်ပြီးတဲ့ ရဟန္တာအတွက် “မရဏ” လို့ မသုံးတော့ဘဲ “ကာယော ဘေဒနဓမ္မော နိက္ခေပနဓမ္မော - ကိုယ်သည် ပျက်စီးခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏” လို့ သုံးစွဲသွားတာကို တွေ့ရပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်ပြီးတဲ့ ရဟန္တာတွေ အတွက် ဇရာမရဏ နိရောဓော ဖြစ်သွားပါပြီ။

ဧရာ (မန္တလေး)
ဧပြီလ ၈၊ ၂၀၀၉

Ref:
၁။ သံ-၁-၁၁၄၊ ကောသလသံယုတ်- ပဌမဝဂ်- ဇရာမရဏသုတ်
၂။ မ-၁-၄၆၃၊ မူလပဏ္ဏာသပါဠိတော်-စူဠယမကဝဂ်-စူလဝေဒလ္လသုတ်