Breaking News

ကိုအောင်မှိုင်း - နိုင်ငံတော်သီချင်းသစ်

 နိုင်ငံတော်သီချင်းသစ်

ကိုအောင်မှိုင်း

(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၅

အနာဂတ်ကို

သံစဥ်ရှာဖို့

ကဗျာတွေဟာ

ဆွံ့အလာတယ်။


ကျိုးပဲ့လာတဲ့

ကဗျာပိုင်းစတွေမှာ

ရိုးသားကြပါ

နိုးကြားကြပါ

ကိုယ်ကျိုးစွန့်ကြပါ

သံစဥ်ဟောင်းတွေဟာ

စက္ကူပျော့ဖတ်တွေလို

ရေဇလုံပေါ်မှာ ပေါလောပေါ်လို့။


ကားအသစ်

အိမ်အသစ်

မိန်းမအသစ်

နိုင်ငံအသစ်ဆိုတဲ့

သံစဥ်သစ်တွေဟာ

တမ်းချင်းသစ်တွေလို

နွားတင်းကုတ်ဟောင်းထဲ

လုယက်နေရာဝင်ယူနေကြ။


နိုင်ငံရေးနဲ့စစ်ရေး

လက်ဝဲနဲ့လက်ယာ

တောင်ပိုင်းနဲ့မြောက်ပိုင်း

ခွဲသူတွေကခွဲ

တွဲသူတွေကတွဲ

ခွဲရေးတွဲရေးလုပ်နေကြတာ

လွတ်လပ်ရေးမရခင်ကအတိုင်းပဲ။


လိမ်ညာမှုတွေ

ဟန်ဆောင်မှုတွေ

အကျင့်ပျက်မှုတွေဟာ

ဒုတိယနိုင်ငံပေါ်က

ပျက်လုံးသစ်တွေအဖြစ်

ကမ္ဘာတလွှားကိုစီးဆင်း

မြစ်တစင်းလို မရိုးရှင်းကြ

အနှစ်မပါ အမေတ

အနှစ်မပါ ပြည်သူတ

ဇွတ်သာသာ ထောက်ခံနေရ

ဇာတ်ထဲက တိမ်ကြားမင်းခေါင်

ယောင်တောင်တောင် ကတဲ့ဇာတ်ပွဲ။


တိုးတိုးတမျိုး

ကျယ်ကျယ်တမျိုး

ထွက်လာတဲ့အပုတ်နံ့

ဖုံးသူကဖုံး ဖွသူကဖွ

ချသူကချ မျှသူကမျှ

ကိုယ့်အချင်းချင်း ပြောသူကပြော

အပျိုနဲ့အအို တူတူပါဆိုသူကဆို

ပန်းသတင်း လေညင်းဆောင်

လူသတင်း လူချင်းဆောင်ကြ

ငါနဲ့မတူ ငါ့ရန်သူ စာရင်းက ရှည်လာ

ဧရာဝတီမြစ်ကြီးလည်း လက်မှိုင်ချ

ခါခါဘိုရာဇီလည်း ပြောမရဆိုမရ

ဆိုက်ဝါးတွေက ဆိုက်ကားတွေဖြစ်

တပ်ဦးကျွန်သူကကျွန်

နောက်မြီးဆွဲသူကဆွဲ

မရဲဘဲ ကျွဲပြဲစီးသူကစီး

လေထဲ တိုက်ဆောက်သူကဆောက်

မစားရ ဝ ခမန်းပြောသူကပြော

နိဗ္ဗာန်ရောက်ကြောင်း တရားကို

ဘုန်းတော်ကြီးတွေထက်

ပိုဟောကြားတော်မူတတ်တဲ့

ငြိမ်းချမ်းရေးပွဲစား ကိုယ်တော်တို့ကတဖုံ။


သေချာတာက

ကနေ့ နိုင်ငံတော်သစ်နဲ့

နိုင်ငံတော်သားသစ်တွေကို

ငါတို့ကိုယ်တိုင် ရွေးရမဲ့ပွဲ။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar