Breaking News

ရိုဟင်ဂျာ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အဖြစ်အပျက်နဲ့ AA ရဲ့ ထုတ်ပြန်ချက်

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၇ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၄


ရိုဟင်ဂျာ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အဖြစ်အပျက်နဲ့ AA ရဲ့ ထုတ်ပြန်ချက် 

ရခိုင်ပြည်နယ် ရဲ့ အနောက်ဘက်အကျဆုံး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နတ်မြစ်က နယ်နိမိတ် အဖြစ်ခြားထားတဲ့ မောင်တောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ရိုဟင်ဂျာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ AA ရဲ့ ပစ်ခတ်မှုအဖြစ် ဒေသခံတွေက ကောက်ချက်ချကြပြီး ရိုဟင်ဂျာ အရပ်သားတွေကို လူမျိုးရေး အရ ပစ်မှတ်ထား ပစ်ခတ်မှုအဖြစ် ဒေသခံတွေက ယူဆကြတာဖြစ်ပါတယ်။  

နတ်မြစ်အနီးက အဖြစ်အပျက်မှာ  မောင်တောမြို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အရပ်သားတွေ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တိမ်းရှောင်ဖို့ နတ်မြစ် အနီး လှေနဲ့ ကူးဖို့ လုပ်ဆောင်နေစဥ်၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ ဒရော့ဗုံးလိုမျိုးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ရိုဟင်ဂျာ အရပ်သား ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘီဘီစီ မြန်မာပိုင်းနဲ့ RFA မြန်မာပိုင်းတို့မှာ သတင်းဖော်ပြ ထားကြတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုး အရပ်သားအများစုက ARSA, RSO အစရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုလည်း ကြောက်ရွံ့ကြရသလို၊ စစ်ကောင်စီတပ်တွေကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပြီး ယခုလို AA  လက်နက်ကိုင်အဖွဲ့ကပါ အရပ်သားတွေကို ဒရော့ဗုံး၊ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တဲ့ အဖြစ်မျိုး ကြုံကြရတဲ့ အနေအထားမှာ လက်နက်ကိုင် အဖွဲ့တိုင်းရဲ့ ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုတွေကို ရင်ဆိုင်နေကြရတဲ့ သဘောမျိုးလည်း ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ဖြစ်နေတဲ့ နတ်မြစ်ကို ဖြတ်ကူးပြီး တဖက်နိုင်ငံမှာ ဒုက္ခသည်အဖြစ် တိမ်းရှောင်ခိုလှုံဖို့အတွက် စက်လှေခက ကျပ် ၈ သိန်းကနေ ၁၀ သိန်းလောက်ထိ ပေးကြရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ ဒီလို လက်နက်နဲ့ ထိခိုက်သေဆုံးမယ့် အန္တရာယ်ကို ရှောင်နိုင်ဖို့ ကြိုးစားကြရင်းနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော် အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

AA ကတော့ ဒီလို လက်နက်ငယ်၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတို့လို တခုခု နဲ့ ပစ်ခတ်မှုဟာ ၄င်းတို့တပ်ဖွဲ့က လုပ်ဆောင်တာ မဟုတ်ကြောင်း၊ နတ်မြစ်အနီးက အဖြစ်အပျက်နဲ့ ပတ်သက်လို့ သေချာစွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဖြစ်စဥ်အမှန်ကို သိရပါက AA အနေနဲ့ အမြန်ဆုံး ထုတ်ပြန်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ လိုက်နာရမယ့် ညွှန်ကြားချက်တွေ ကိုလည်း ထုန်ပြန်ချက်ထဲ ထည့်သွင်း နှိုးဆော်ထားတာ တွေ့ရပါတယ်။ သာမန်အရပ်သားတွေ အနေနဲ့ မောင်တောမြို့မှ ထွက်ခွာရာမှာ အန္တရာယ်ရှိတဲ့ နေရာကို စွန့်စားထွက်ခွာခြင်းထက် လုံခြုံမှုပေးနိုင်တဲ့ အာရက္ခ တပ်တော် ရှိတဲ့ နေရာတွေကိုသာ ဦးတည်ထွက်ခွာဖို့ အပါအဝင် အခြားလိုက်နာရမည့် စည်းကမ်း အချက် ၄ ချက် နဲ့ကိုပါ ထည့်သွင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ 

မကြာသေးတဲ့ လတွေအတွင်း ဘူးသီးတောင်မြို့ သိမ်းတိုက်ပွဲ အတွင်းမှာလည်း AA အနေနဲ့ မြို့နေထိုင်သူတွေကို အချိန်လုံလောက်အောင် မပေးပဲ ထွက်ခွာဖို့ အမိန့်ပေး ထုတ်ပြန်ခဲ့တာ၊  အရပ်သား နေအိမ်တွေကို မီးရှို့ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပြီး စစ်ကောင်စီကစစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ လူမျိုးတွေကို စစ်သားစုဆောင်းကာ ပြည့်သူ့စစ်၊ လက်နက်ကိုင် တပ်ဖွဲ့ဝင် အဖြစ် ဖိအားပေး သိမ်းသွင်းကာ စစ်မှုထမ်းစေတဲ့ အဖြစ်အပျက်တွေကြောင့် ရိုဟင်ဂျာ လူမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရိုဟင်ဂျာ အရေးနှိုးဆော်သူတွေက စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ရိုက်တာ သတင်းဆောင်းပါးတပုဒ်မှာ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားစဥ်က ဖြစ်ရပ်တွေကို စုံစမ်း ဖော်ထုတ် ရေးသားထားတဲ့ သတင်းဆောင်းပါး တပုဒ်ပေါ်ထွက်လာပြီး AA တပ်ဖွဲ့ဝင်တွေကလည်း ဘူးသီးတောင်က အရပ်သားနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်ရင်းစခန်းတွေ၊ နယ်ခြားစောင့်စခန်းတွေ နဲ့ မြို့တွေတစတစ လက်လွှတ်ဆုံးရှုံးလာတဲ့ အနေအထားမှာ စစ်ကောင်စီ ဘက်ကလည်း ရခိုင်နဲ့ ရိုဟင်ဂျာ လူမျိုးရေး ပြဿနာ အခြေခံကို ပြန်လည် လှုံ့ဆော်နေသလို တချိန်က အကြမ်းဖက် အဖွဲ့အစည်းလို့ ကြေညာထားတဲ့ ARSA, RSO, ARA စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေကို တဖက်လှည့်နဲ့ အားပေးအားမြှောက်ပြုပြီး AA တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရာမှာ အကူအညီရဖို့ လုပ်ဆောင်နေတာတွေ ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက မစားရတဲ့ အမဲ သဲနဲ့ပက်တဲ့ သဖွယ်လုပ်တယ်လို့ ကောက်ချက်ချ နိုင်သလို တဖက်မှာလည်း လူမျိုးရေး ခွဲခြားမှုအစွဲ၊ အမုန်းတရားနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒ အစွဲတွေက အခုလို ဖြစ်ရပ်မျိုးတွေဖြစ်ပွားလာဖို့ တွန်းအားဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

လတ်တလော ရေကြီးမှုတွေ၊  ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေတဲ့ စစ်မြေပြင် အနှံ့အပြား နဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရာမှာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး အလေးထားဖို့နဲ့  စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ လိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက်တွေ၊ စည်းမျဥ်းတွေကို လိုက်နာဖို့ က အရေးပါတာမှန်ပေမယ့် လက်တွေ့အနေအထားမှာတော့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အောင်နိုင်ရေးက သာလျင် ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး ဖြစ်နေကြတဲ့ အနေအထားရောက်ရှိနေတာ ဝမ်းနည်းဖွယ် မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar