Breaking News

မြတ်စံ - နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၇)


မြတ်စံ -  နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၇)

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၀

၁၉၉၄ ခုနှစ် ဇွန်လ ၂၄ ရက်( ၁၃၅၆ ခုနှစ် နယုန်လပြည့်နေ့)…

ညနေပိုင်းထောင်ပိတ်ချိန်ပြီးကတည်းက အင်းစိန်ထောင်ဝင်းရှိတိုက်ခန်းများအခြေအနေက နည်းနည်းသိသာထူးခြားလှတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်ကလည်း ကျနော့်အမှုတွဲများဖြစ်ကြတဲ့ ကိုကိုကြီး၊ ဇော်မင်းအပါအဝင် အခြားတိုက်ခန်းများမှာရှိတဲ့သူတချို့ကို သရက်ထောင်ကို ထောင်ပြောင်းရွှေ့ပြီးနောက်ပိုင်း နောက်ဆက်တွဲထောင်ပြောင်းဖို့အစီအစဉ်တွေကလည်းရှိနေတာမို့ ညနေပိုင်းထောင်ပိတ်ပြီးချိန်ဆို ဘယ်အချိန်များကိုယ်ရဲ့အခန်းတံခါးသော့ဖွင့်သံကြားရပြီးထောင်ပြောင်းရမလဲဆိုတာကို စောင့်မျှော်နေခဲ့ရ။ 

ထောင်မကြီးဖက် အဆောင်များမှထောင်ပိတ်ပြီးချိန် ဘုရားရှိခိုးသံများကြားရပြီးနောက်ပိုင်း အသံများမှာသိသာစွာတိတ်ဆိတ်နေ…။ ည ၇ နာရီလောက်မှာ တိုက်ဝင်းထဲကို လုံခြုံရေးဝန်ထမ်းတွေ ဘယ်ညာအော်ပြီးဝင်လာတဲ့အသံကြားရပြီး လေးတိုက်(အတို)အခန်းနံပါတ် ၂၉ ကျနော့်အခန်းရှေ့မှာရပ်သွား။ ကျနော့်နာမည်ကို ထောင်မှုးတစ်ယောက်ကခေါ်ပြီး ထောင်နံပါတ်။ အဖေနာမည်ပြန်တိုက်ဆိုင်ပြီးနောက် အခန်းတံခါးသော့ဖွင့်သံကြားရပြီး ကိုယ်နဲ့အတူတပါတည်း ယူဆောင်သွားရမယ့် ဝန်စည်စလယ်တွေကိုကောက်သိမ်းကာ ခေါင်းစွတ်စွတ်ပြီးခေါ်ဆောင်သွားရာနောက်ကိုလိုက်သွားခဲ့ရ…။ တချိန်တည်းတပြိုင်တည်း အခြားတိုက်ခန်းများမှာရှိနေကြတဲ့သူတွေကိုလည်း သွားခေါ်နေတာသိရ။ ထောင်မိန်းဂျေးလ်ရုံးခန်းရှေ့ရောက်တဲ့အချိန် ထောင်ဗူးဝဖက်ကိုခေါ်မသွားခင် ခေါင်းစွတ်ကိုအသာချွတ်ပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ နယုန်လပြည့်ညရဲ့ ပြည့်ပြည့်ဝဝသာနေတဲ့ လမင်း ကိုငေးကြည့်နေခဲ့တယ်…နယုန်မှာသာတဲ့လပြည့်ညမှာ ရန်ကုန်ကိုကျောခိုင်းထွက်ခွာသွားရတော့မှာပါလားလို့တွေးနေမိခဲ့တယ်။
အင်းစိန်(ပင်မ) ထောင်ဗူးဝရောက်ချိန်မှာ ကိုယ်နဲ့အတူပြောင်းရွှေ့ခံရမယ်သူတွေထဲ ဘယ်သူတွေပါလာမယ်ဆိုတာကို ခေါင်းစွပ် စွတ်ခံထားရပေမဲ့ နာမည်တွေကိုခေါ်ပြီးထောင်နံပါတ်။အဖေနာမည်တွေပြန်ဖြေရတဲ့အသံတွေကြားနေရတော့ ၁ တိုက်မှာနေတဲ့ ကိုကျော်မြ(ကွယ်လွန်)။ ၂ တိုက် (သေဒဏ်တိုက်)က ညီညီဦး(ကွယ်လွန်)။ ကိုမင်းဟန် @ ဗမင်းသစ်(ကွယ်လွန်)။ ကိုဘိုထွေးလွင်(ယခု သြစတြေးလျှ)။ ဦးအောင်နိုင်။ ဘိုလူး။ ကိုပွကြီး။ ၃ တိုက်က ကိုကိုကြီး (NLD လူငယ်)။ ၅ တိုက်က ဦးအုန်းကြိုင်တို့ဖြစ်နေကြတယ်။ ကျနော်တို့ကို မနက်ဖြန်မနက်စောစောပိုင်းမှာ ရထားနဲ့ပြောင်းရွှေ့ခေါ်ဆောင်သွားဖို့အတွက် စုရပ်အဖြစ်ထားမယ့် အင်းစိန်သီးသန့် တွဲဖက်ထောင်ကိုခေါ်ဆောင်သွားပြီး သီးသန့်ကျွန်းတိုက်မှာရှိတဲ့ တိုက်ခန်းထဲကိုပြောင်းရွှေ့ထားလိုက်ကြတယ်။ 

မနက် ၃ နာရီခွဲလောက်ရောက်ချိန် တွဲဖက်ထောင်ရဲ့တိုးချဲ့ဆောင်ခန်းမကြီးကိုစုရုံးခေါ်ဆောင်သွားပြီး တစ်ယောက်ချင်းစီကို ခြေချင်းခတ်ကာ TE ကားများပေါ်တင်ဆောင်ကာ ရန်ကုန်ဘူတာကြီးဖက်ကို စစ်တပ်နဲ့ရဲလုံခြုံရေးအစောင့်အကြပ်များခြံရံကာခေါ်ဆောင်သွား။ ဘူတာကြီးရဲ့ ကုန်တင်ရထားတွဲများထားတဲ့ဖက်ရောက်တော့ သီးသန့်အချုပ်တွဲပေါ်ကိုတင်ဆောင်ပြီး ရန်ကုန်-မန္တလေးစာပို့ရထားတွဲနဲ့ချိတ်ဆက်ထားလိုက်။ဘူတာကြီးပတ်ဝန်ကျင်မှာရှိတဲ့ လူအများအပြားကငေးကြည့်နေချိန်မှာ ရာဇဝတ်သား နှစ်ကြီးအကျဉ်းသားတွေကို ထောင်ပြောင်းဖို့လုပ်နေတာလို့ သတင်းဖြန့်ထားအတွက် လူအတော်များများနဲ့ တချို့တွေကလည်း စိတ်ဝင်တစားနဲ့ငေးကြည့်နေကြသလို စူးစမ်းလေ့လာနေသူများကိုလည်းတွေ့ရ။ အချုပ်ရထားတွဲပေါ်မှာရှိနေကြတဲ့ကျနော်တို့ပုံစံတွေကလည်း ထောင်ပုံစံအဝတ်အစား အဖြူကြမ်း ညစ်ထေးထေး။ သံခြေချင်းသံတညံညံနဲ့ဆိုတော့ သူတို့အဖို့စိတ်ဝင်စားစရာဖြစ်နေ။ အများစုမှာ ကျောင်းသားလူငယ်အရွယ်တွေဖြစ်နေကြတော့ သူတို့ပြောသလိုမျိုး ရာဇဝတ်သားနှစ်ကြီးအကျဉ်းသားလူဆိုးတွေမဟုတ်ဖူးဆိုတာလည်း တွေးမိသူတချို့ရှိနေနိုင်တယ်။ ဘာပဲပြောပြော အချုပ်ရထားပေါ်မှာအားလုံးဆုံချိန်ရောက်တော့ တွဲဖက်ထောင်ဖက်အခြမ်းက ကျနော့်နဲ့ 10D (1991 December 10 ) လှုပ်ရှားမှုထဲမှာပါခဲ့ကြတဲ့လုပ် ဖော်ကိုင်ဖက်များနဲ့ပြန်တွေ့ရတယ်။

ရထားကလည်း ရန်ကုန်-မန္တလေးစာပို့ရထားဆိုတော့ မန္တလေးနဲ့အခြားလမ်းကြောင်းသင့်မယ်နေရာကိုပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းမိတယ်။ တဖြည်းဖြည်းနဲ့ထွက်ခွာနေတဲ့ စာပို့ရထားကြီးပေါ်မှာ မီးအလင်းရောင်လုံလောက်စွာမရှိ။ မှိတ်တုပ် မှိတ်တုပ် မှိန်းပျပျထွန်းထားတဲ့ ဖယောင်းတိုင်မီးအလင်းရောင်။လုံခြံုရေးအစောင့်အကြပ်ထူထပ်စွာနဲ့ အချုပ်ခန်းတွဲပေါ်မှာ သံဇကာအထပ်ထပ်ထဲက ကျနော်တို့ဟာ ဒါရိုက်တာစပီးဘတ်ခ် ရိုက်ကူးတဲ့ Shenlinder List ဇာတ်ကားရဲ့ ဇာတ်ဝင်းခန်းထဲက ဂျုးအကျဉ်းသားတွေပုံစံမျိုးလို့ပြန်မြင်နေမိတယ်။ နာဇီစစ်သားတွေဟာ ဂျုးလူမျိုးတွေကို အစုလိုက်အပြံုလိုက် အလုံပိတ်ရထားတွဲတွေပေါ်တင်ပြီး အောဇဝစ်အကျဉ်းထောင်ကိုပိုနေတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းကိုမြင်ယောင်နေမိတယ်။
တဖြေးဖြေးတရွေ့ရွေ့နဲ့ထွက်ခွာလာတဲ့ စာပို့ရထားကြီးရဲ့အချုပ်တွဲအပေါ်မှာ တချို့တွေကလည်း ငိုက်မြည်းကာ မှေးတလှည့်ငိုက်တလှည့်လိုက်ပါလာရင်း… တချို့တွေကတော့ အုတ်ရိုးလေးဖက်ကြားထဲမှာရှိနေခဲ့ပေမဲ့ ထောင်တွင်းလုံခြုံရေးအရ အကန့်အသတ်နဲ့နေလာခဲ့ရတဲ့အတွက် ကာလတစ်ခုကြာ ကွဲကွာနေကြတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အချင်းချင်း စကားစမြည်ပြောနေကြတယ်…ဘယ်သူက ဘယ်ဘူတာမှာဆင်းရပြီး ဘယ်ထောင်ကိုရောက်မယ်မှန်းလည်းမသိ။ ဘယ်လောက်အချိန်ကြာမှ အပြင်လောကမှာပြန်ဆုံရမယ်မှန်းလဲမသိဆိုတော့ အခုလိုဆုံတွေ့ခိုက်မှာ စကားတွေကပြောမကုန်ပေါ့။  ဘူတာတွေကလည်း တခုပြီးတခုရပ်နားဖြတ်သန်းသွားပေမဲ့ လေးဖက်လေးလံပိတ်ထားတဲ့အချုပ်ခန်းရထားတွဲဆိုတော့ ဘယ်ဘူတာရောက်လို့ရောက်မှန်းလည်းမသိကြ။ 

ဒီလိုနဲ့ ညပိုင်းရောက်လာတဲ့အချိန်မှာ တောင်ငူဘူတာမှာ ဆင်းရမယ့်လူစာရင်းကို ထောင်မှုးဦးမိုးဟိန်းကကြေညာပါတယ်။ ကျနော်အပါအဝင် အယောက် ၂၀ ဟာတောင်ငူမှာဆင်းရမယ်ဆိုတာသိရပါတယ်။တောင်ငူဘူတာဆိုက်ရောက်ချိန် နာမည်ခေါ်တဲ့သူ အယောက် ၂၀ ဟာ ထောင်နံပါတ်၊ အဖေနာမည်ပြန်ထူးရင်း အတည်ပြုပြီးတဲ့နောက် ရထားပေါ်ကဆင်းချိန် အချုပ်ခန်းတွဲရထားနဲ့ ခရီးဆက်သွားရမယ့် ရထားပေါ်မှာ ကျန်နေခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုနှုတ်ဆက်လိုက်ကြတယ်။ (တကယ်တမ်းလည်း အချို့တော်တော်များများကို အခုအချိန်အထိပြန်ဆုံမတွေ့နိုင်ခဲ့ကြတော့။ သေကွဲကွဲသွားရတဲ့သူတွေရှိသလို။ ပြည်ပရပ်ခြားနိုင်ငံများဆီရောက်သွားကြပြီး ရှင်ကွဲကွဲနေရတဲ့သူများလည်းရှိခဲ့။ ရထားပေါ်ဆက်ပါသွားသူတွေက မန္တလေးထောင်၊ မြင်းခြံထောင်သို့ပါသွားကြောင်း နောက်ပိုင်းမှာသိခဲ့ရတယ်)
တောင်ငူဘူတာကနေ တောင်ငူထောင်ကိုရောက်တော့ညဖက် ၉ နာရီကျော် ၁၀ နာရီလောက်ရှိနေ။သက်ဆိုင်ရာအခန်းတွေထဲကို လူခွဲထည့်ပြီးချိန် ကြမ်းပြင်ပေါ်ကို ပါလာတဲ့ဝန်စည်စလယ်အထုပ်တွေချပြီး တချိုးတည်းအိပ်လိုက်တာ မနက်ထောင်ဖွင့်ချိန်မှ အိပ်ယာနိုး။ နောက်တော့မှ ယခင်ကာလ (၁၉၉၁ ဒီဇင်ဘာလ ၃ ရက်နေ့ တုန်းက) အင်းစိန်ထောင်မှ တောင်ငူထောင်ကို ကြိုတင်ပြောင်းရွှေ့ခံထားရပြီး နဂိုရောက်နှင့်နေသူ ၁၀၀ ကျော်ထဲက အချို့နဲ့ပြန်တွေ့ဖြစ်ခဲ့တယ်။ တောင်ငူထောင်ရောက်ပြီး တပတ်ခန့်အကြာမှာ အဖေနဲ့အမေတို့ မိသားစုဧည့်တွေ့ ( ထောင်ဝင်စာတွေ့)ဖို့ ရောက်ရှိလာခဲ့ကြတယ်။ အင်းစိန်ထောင်မှာလိုမျိုး ထောင်ဝင်စာတွေ့ရတာ စည်းကမ်းတင်းကြပ်မှု မများသလို ထောင်တွင်းနေထိုင်မှုအခြေအနေကလည်း အဆင်ပြေနေတော့ အဖေအမေတို့အနေနဲ့ ကျနော့်အတွက်စိတ်အေးရကြောင်း အဖေကပြောရှာတယ်။

ဒါပေမဲ့ ယခင်ရောက်နှင့်နေကြသူများနဲ့ ယခုပြောင်းလာသူ လုပ်ဖော်ကိုင်ဖက်မိသားစုများအားလုံးဟာ ရန်ကုန်ကနေ တောင်ငူလာဖို့ ခရီးသွားလာရေးခက်ခဲကြတာကို သက်ဆိုင်ရာမိသားစုတွေက ကျနော်တို့ကိုပြန်မပြောပြကြပေမဲ့ မိသားစုအားလုံးပင်ပန်းကြရတဲ့ တကယ့်အခြေအနေမှန်ကို ကျနော်တို့ကသိနေကြတယ်။အများစုဟာ ရန်ကုန် မန္တလေးအမြန်ရထားစီးလာကြရပြီး တောင်ငူဘူတာကိုဆိုက်ရောက်ချိန်ဟာ ညသန်းခေါင်ကျော် ၂ နာရီကျော် ၃ နာရီ။ စစ်အုပ်ချုပ်ရေးကာလ ညမထွက်ရအမိန့် ကာဖြူးထုတ်ထားချိန်ဆိုတော့ ဘူတာမှာပဲမနက်မိုးလင်းတဲ့အထိစောင့်နေရပြီး ဘူတာခုံတန်းလျှားပေါ်မှာတင်ပဲ ငုတ်တုပ်အိပ်ငိုက်ရင်း မနက်မိုးလင်းမှ ထောင်ဖက်ကို ဆိုက်ကားနဲ့ဖြစ်စေ။ သုံးဘီး Taxi နဲ့ဖြစ်စေလာကြရတယ်။ လမ်းမှာအဆင်ပြေသလို ဈေးထဲဝင်ပြီးလိုအပ်မယ့်ပစ္စည်းလေးတွေထပ်ဝယ်ပြီးထောင်ဝင်စာတွေ့ကြရတယ်။

အကျဉ်းထောင်စည်းကမ်းအရ ၂ ပတ်တကြိမ် ဧည့်တွေ့ခွင့်ပြုထားပေမဲ့ ရန်ကုန်ကနေလာတွေ့ကြသူတွေဟာ တလတစ်ကြိမ်လာဖို့ မနည်းကြိုးစားရရှာတယ်။ ဒါကြောင့် ညနေပိုင်း ရန်ကုန်ပြန်ဖို့ ရထားဂိတ်မဆင်းခင် နောက်ထပ်တကြိမ်တွေ့ခွင်ပြုဖို့ နားလည်မှုနဲ့ စီစဉ်ပေးတဲ့အတွက် မနက်ပိုင်းတွေ့ပြီးချိန်မှာ မှာလိုက်တဲ့လိုအပ်တဲ့ပစ္စည်းလေးတွေကို ညနေပိုင်းမှာထပ်တွေ့ရင်း အဖေအမေ ညီအကိုမောင်နှမ မိသားစုတွေကဝယ်ပေးခဲ့ကြတယ်။
အင်းစိန်ထာင်မှပြောင်းရွှေ့ချိန်ကတည်းက တွဲဖက်ထောင်ကနေပါလာတဲ့သူတွေထဲမှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဖြစ်သူ ညဏ်ညဏ်လည်း ပါနေခဲ့သလို တောင်ငူထောင်မှာ ကျနော်နဲ့အတူ နေရမည့်သူ အယောက် ၂၀ ထဲလည်း ပါဝင်ခဲ့တယ်။ သူ့အနေနဲ့ ဖခင်ဖြစ်သူ ကွယ်လွန်ဆုံးပါးသွားတာကို မသိရှိခဲ့။သူငယ်ချင်းရဲ့အမေ အမများနဲ့မိသားစုများကလည်း ထောင်ထဲမှာနေထိုင်ရသူစိတ်မကောင်းဖြစ်ပြီးကျန်းမာရေးထိခိုက်မှာစိုးရိမ်တဲ့အတွက် အသိမပေးခြင်းဖြစ်ကြောင်းသိခဲ့ရတယ်။ ကျနော်ကိုယ်တိုင်လည်း သူ့မိသားစုကိုယ်တိုင်က မပြောသေးတဲ့အတွက် ကိုယ့်စိတ်ထဲမှာပဲထားပြီးအသိမပေးခဲ့ချေ။ အဲ့ဒီအတွက်လည်း နောင်တချိန်ပြန်တွေ့ချိန်မှာ သူငယ်ချင်းဖြစ်သူကိုတောင်ပန်စကားဆိုခဲ့ရတယ်။ အခြားသော ဘဝတူမိသားစုများထဲမှာလည်း အိမ်ထောင်ရေးကိစ္စ။ လူမှုရေးကိစ္စအဆင်မပြေမှုများစွာရှိနေခြင်း။ အချို့ဆိုလျှင်နှစ်ကာလကြာရှည်လာတဲ့အခါ အိမ်ထောင်ရေးပြိုကွဲကာ နောက်ထပ်အိမ်ထောင်ပြုတဲ့ကိစ္စအမျိုးမျိုးကို ကိုယ့်နီးစပ်ရာကနေတဆင့်သိနေပေမဲ့ ကာယကံရှင်ဖြစ်သူကိုမပြောပြနိုင်ခဲ့ပေ။ 

အမှန်တကယ်လည်း ကျနော့်မိသားစုကိုယ်တိုင်လည်း ပြင်ပမိသားစုဘဝအခြေအနေမှန်ကိုပြောပြဖို့ခက်နေခဲ့တယ်။ တောင်ငူထောင်ပြောင်းရွှေ့ချိန်ကာလနဲ့တိုက်ဆိုင်စွာပင် မိသားစုစီးပွားရေးအခြေအနေအရ အနှစ် ၃၀ ကျော်လောက်နေထိုင်ခဲ့ကြတဲ့ မြို့ထဲ ၃၁ လမ်း အထက်လမ်းနေအိမ်ကနေ လမ်း ၃၀ ဖက်ကို ဝိတ်လျှော့တဲ့သဘောမျိုးနဲ့ပြောင်းရွှေ့ခဲ့ကြောင်း သရက်ထောင်မှာညီလေးဖြစ်သူကို ထောင်ဝင်စာတွေ့ပြီး ကျနော့်ဆီဧည့်တွေ့လာချိန်မှာပြောပြခဲ့တယ်။ အဖေပြောပြနေချိန် အဖေ့မျက်နှာကိုကြည့်နေရင်း ကျနော် အတော်လေးစိတ်မကောင်းဖြစ်နေမိခဲ့တယ်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ ပုံနှိပ်အလုပ်တွေလည်း ရုပ်သိမ်းခံရတဲ့အတွက် နဂိုမူလအခန်းကိုရောင်းလိုက်ရကြောင်း ကျနော့်ကိုရှင်းပြနေတယ်။ ဒါပေမဲ့ ကျနော့်ဆီကို အနည်းဆုံးတလတစ်ကြိမ်နဲ့ ညီလေးဆီကိုလည်း တလတစ်ကြိမ်လာတွေ့နိုင်ဖို့ အဆင်ပြေအောင်စီစဉ်နေကြောင်း။ မိဘတစ်ယောက်နေရာကနေပြောနေတဲ့ အဖေဆိုတာထက် နိုင်ငံရေးရပ်တည်ချက်တခုအပေါ်တတ်နိုင်တဲ့နေရာကနေ ပံ့ပိုးနေသူအဖြစ်မြင်မိ ခံစားနားလည်မိခဲ့တယ်…။ အမှန်တကယ်လည်း ကျနော့်နောက်ကနေရပ်တည်ပံ့ပိုးပေးခဲ့သူဟာလည်း အဖေ အမေနဲ့ကျနော့်မိသားစုဟာ အဓိကအခရာအဖြစ်ရှိနေခဲ့ပါတယ်…။ 

နယ်ထောင်ရောက်တဲ့ အချိန်ကာလအားဖြင့်လည်း ၁၉၉၄ ဇွန်လကနေ ၂၀၀၅ ဒီဇင်ဘာလအထိ ၁၂ နှစ်နီးပါး တလတစ်ကြိမ်မပျက်မကွက်အောင် အဖေ့အနေနဲ့ကြိုးစားခဲ့တာလည်း သက်သေဖြစ်ရပ်တခုပါ…
( ဆက်လက်ဖော်ပြပါမည်)
အစဉ်အမြဲမေတ္တာများဖြင့်
ကိုမြတ်စံ
17/12/2019( 9:30 am)
Credit Photo- BoBo Htoon