Breaking News

၀ူဟန်က ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး အရေးပေါ်ကြေညာ၊ မြန်မာပြည်ဝန်းကျင်နိုင်ငံများတွင် ပြန့်နှံမှုများ ထုတ်ပြန်


၀ူဟန်က ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး အရေးပေါ်ကြေညာ၊ မြန်မာပြည်ဝန်းကျင်နိုင်ငံများတွင် ပြန့်နှံမှုများ ထုတ်ပြန်

မောင်လူပေ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၀

ဝူဟန်ကစတင်ခဲ့တဲ့ အဆုတ်ရောင်အဖျားရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အကူအညီနဲ့ ရောဂါပျံံနှံ့မှု တားဆီးရေး၊ ရောဂါတိုက်ဖျက်ရေးတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်ပြည်တွင်းရှိ ပြည်နယ်အားလုံးကို ရောဂါပျံံ့နှံ့ရောက်ရှိသွားပြီဖြစ်ကြောင်း တရုတ်အစိုးရက ဝန်ခံပါတယ်။ ရောဂါရှိသည်ဟု အတည်ပြုနိုင်သူဦးရေ ရှစ်ထောင်အထိ ရှိလာပါပြီ။ သေဆုံးသူဦးရေ အနည်းဆုံး(၂၀၄)ဦးရှိပြီး အများစုက ဝူဟန်မြို့တဝိုက်က ဖြစ်ပါတယ်။

ရုရှားက တရုတ်နယ်စပ်ပိတ်လိုက်ကြောင်း ကြေညာပါတယ်။ လေကြောင်းလိုင်းကြီးတွေအများစုကလည်း တရုတ်ပြည်ကို ပျံသန်းနေမှု ရပ်တန့်လိုက်ကြောင်း ကြေညာပါတယ်။ နိုင်ငံအများစုက ဝူဟန်မှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို လာရောက်ခေါ်ယူနေကြပါတယ်။ အင်ဒိုနီးရှားက ဘိုးရင်းလေယာဉ်နှစ်စီးနဲ့ စစ်သုံးဟာကြူလီလေယာဉ်တွေ စေလွှတ်ပြီး ခေါ်ဆောင်ပါတယ်။ ဗီယက်နမ်နဲ့ ထိုင်းတို့လည်း သူ့နိုင်ငံသားတွေကို ပြန်ခေါ်သွားပြီလို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ဥရောပနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ပထမဆုံး ပြန်ခေါ်ခဲ့ကြတာပါ။

ပြန်မခေါ်ရသေးပဲ ကျန်နေတဲ့ နိုင်ငံအနည်းစုမှာ ပါကစ္စတန်နဲ့မြန်မာတို့ ပါဝင်ပါတယ်။ တရားအားထုတ် တရုတ်အားထားနေကြရတဲ့ နိုင်ငံတွေပါ။ မြန်မာနိုင်ငံကတော့ ဖေ့ဘုတ်အွန်လိုင်းပေါ်မှာ ဆူညံပူညံဖြစ်လာပြီးနောက်မှာမှ အထူးလေယာဉ်နဲ့ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်လို့ သိရတယ်။ အရေးပေါ်ကိစ္စမို့ မိမိနိုင်ငံသားတို့ကို လာခေါ်ဖို့ တရုတ်ပြည်က ခွင့်ပြုထားသော်လည်း တရုတ်ကြောက်ရသောကြောင့် ခွင့်ပြုမိန့်မရမချင်း စောင့်နေရဟန်တူပါတယ်။ မကြောက်ရတဲ့နိုင်ငံတွေကတော့ အရေးပေါ်ခွင့်တောင်းပြီး ခေါ်သွားပြီးကြပါပြီ။

မြန်မာနယ်စပ်ကတော့ တရားဝင်ပိတ်တယ်လို့ မကြေညာပေမဲ့ ကုန်စည်စီးဆင်းမှုရပ်တန့်နေပါသတဲ့။ တရုတ်ပြည်ကို အလုပ်သွားလုပ်သူတွေကလည်း တချို့ပြန်လာကြတယ်။ နယ်စပ်မှာ အစစ်ခံကြတယ်။ တရားမဝင်သွားသူတွေကတော့ တရုတ်ရဲကိုကြောက်ရလို့ တရားမဝင်ပဲ ပြန်လာကြမယ်ထင်တယ်။ သူတို့တစ်တွေကို ဘယ်လိုစစ်ကြမလဲ မသိ။ လူမသိ သူမသိနဲ့ ရောဂါပိုးတွေ မပါလာပါစေနဲ့လို့ ဆုတောင်းရုံမှတပါး ဘာများ တတ်နိုင်ဦးမည်လဲ။


 မြန်မာပြည်မှာ ၀ူဟန်ကအဖျားပိုးတွေ့ရှိကြောင်း ထုတ်ပြန်တာ မတွေ့ရသေးတဲ့အတွက် ခုချိန်ထိ မြန်မာပြည်ဟာ လုံခြုံစိတ်ချမှု ရှိသလား မရှိသလားဆိုတာ ပြည်သူတွေ မသိရသေးပါဘူး။