Breaking News

ဧရာ(မန္တလေး) - မိုက်မဲမှုကပ်

ဧရာ(မန္တလေး) - မိုက်မဲမှုကပ်

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၀

ဝူဟန်မြို့ကနေ စခဲ့တဲ့ ကော်ရိုနာ ဗိုင်းရပ်စ်က ကပ်ရောဂါ တစ်ခုလို ပြန့်လာတော့ ... ကမူးရေးခဲ့တဲ့ “ပလိပ်” ဆိုတဲ့ ဝတ္ထုကို သွားသတိရတယ်။

“ဒီဗိုင်းရပ်စ်က သိပ်ကြာကြာခံမှာ မဟုတ်ဘူး... တရုတ်လုပ်ကိုး” ဆိုတဲ့ အပြောင်အပျက် ရေးထားတဲ့ စာလေးကို ဖတ်မိတာလည်း ပါတယ်။ (လူတွေ သေကြေတဲ့ ရောဂါကို လှောင်ပြောင်ဖို့တော့ မကောင်းဘူးပေါ့)။

"ပလိပ်" ဝတ္ထုထဲမှာ ပါတဲ့ စကားတခုက ---

When a war breaks out, people say: “It's too stupid; it can't last long.” But though a war may well be “too stupid,” that doesn't prevent its lasting. Stupidity has a knack of getting its way (Camus, The Plague)

“စစ်ကြီးတွေ ဖြစ်ပြီဆိုရင် လူတွေက ‘အလွန်မိုက်မဲတဲ့ အရာဖြစ်လို့ တာရှည်ဖြစ်မှာ မဟုတ်ဘူး’ လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် စစ်က အလွန်မိုက်မဲတယ်ပဲထားဦး … စစ်ပွဲတွေ သက်ဆိုးရှည်နေတာကို တားနိုင်မှာ မဟုတ်ဘူး။ မိုက်မဲမှုဆိုတာက သူလုပ်ချင်ရာ လုပ်ရဖို့အတွက် သိပ်တော်တာကိုး” တဲ့....။

ရောဂန္တရကပ်, သတ္ထန္ထရကပ်, ဒုဗ္ဘိက္ခန္တရ ကပ်ကြီးတွေရဲ့ အကြောင်းဇစ်မြစ်ကို လိုက်ကြည့်ရင် ‘မိုက်မဲမှု’ တစ်ခုခုတော့ ပါနေတတ်တယ်။ ဘာသာရေး သဘောနဲ့ ပြောရင် လူတွေ မောဟ ဖုံးရင် ရောဂန္တရ ကပ်ဆိုက်တယ်။ ဒေါသ ဖုံးလွှမ်းရင် စစ်မက်ဘေး (သတ္ထန္ထရကပ်) ဆိုက်တယ်။ လောဘ ဖုံးလွှမ်းရင် ငတ်မွတ်ခေါင်းပါးမှုဘေး (ဒုဗ္ဘိက္ခန္တရ) ဆိုက်တယ်လို့ ဆိုတယ်။ လောဘ, ဒေါသ ဖုံးလွှမ်းတယ်ဆိုရင်လည်း မောဟက တနွယ်ငင် တစင်ပါနေတယ် မဟုတ်လား။

မောစီတုန်း လက်ထက်တုန်းက တရုတ်ပြည်မှာ စက်မှုခေတ်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းနိုင်ဖို့ မဟာခုန်ပျံကျော်လွှား စီမံကိန်းကြီး (Great Leap Forward) ချခဲ့တယ်။ အဲဒီခေတ်က စက်မှုနိုင်ငံအဆင့်အတန်းကို သံမဏိ ဘယ်လောက် ထုတ်နိုင်သလဲဆိုတဲ့ ပမာဏနဲ့ တိုင်းထွာလေ့ ရှိတယ်။ ဒီတော့ လူတွေကို ကိုတာခွဲပြီး သံမဏိချက်ဖို့ စေခိုင်းတော့တယ်။ လယ်သမားတွေက လယ်ကောင်းကောင်း မလုပ်ရတော့ဘဲ ကိုယ့်အိမ်နောက်ဖေးမှာ ရသမျှလောင်စာ, ရသမျှ ကုန်ကြမ်းကို သုံးပြီး သံမဏိချက်ကြရတယ်။ ကုန်ကြမ်း သံရိုင်းတွေ မရှိတော့ နောက်ဆုံး အိမ်မှာ ရှိတဲ့ လယ်ယာသုံး ထယ်, ပေါက်တူး, ပေါက်ပြားစတဲ့ ကိရိယာတွေက အစ အိုးခွက်တွေပါ မကျန် ထည့်ပြီး ချက်ကြရသတဲ့။ အဲဒီ အိမ်တွင်း စက်ရုံလေးတွေက ထွက်လာတဲ့ သံမဏိတွေက အရည်အသွေး မမီတဲ့ အပြင်။ လယ်ယာလုပ်ငန်းတွေလည်း ပျက်တော့ “ဖွတ်မရ ဓားမဆုံး” ဆိုသလို ငတ်မွတ်ခေါင်းပါးဘေးဆိုက်ပြီး လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတယ်။ အစပိုင်းမှာ အနောက်တိုင်း ဓနရှင်တွေက လှောင်ပြောင်ချဲ့ကား ရေးခဲ့သလားလို့ သံသယ ရှိခဲ့ပေမယ့်, အငတ်ဘေးကို ကိုယ်တိုင်ကြုံခဲ့ရသူက ပြန်ပြောပြလို့ “မြက်ကို ဘယ်လိုစားခဲ့ရတယ်” ဆိုတာကိုတောင် စိတ်မကောင်းစရာ သိခဲ့ရဖူးတယ်။

“မိုက်မဲမှု” ဆိုတာက တခါတလေ သူရဲကောင်း ယောင်ယောင်, မျိုးချစ်စိတ် ယောင်ယောင် ဆောင်ပြီး ဝင်လာတတ်တယ်။ တခါတလေလဲ ရိုးအ မသိနားမလည်မှုမျိုး အနေနဲ့ တိတ်တိတ်ကလေး ဝင်လာတတ်တယ်။ ဒါ့ကြောင့်လဲ ကမူးက “Stupidity has a knack of getting its way” လို့ ရေးခဲ့ပုံရတယ်။

အခုလဲ ကပ်ကြီးတွေ ကူးစက် ဝင်ရောက် မလာအောင် ... အသေးအဖွဲ ပေါ့ဆမှုလေးတွေကစ “မိုက်မဲမှု” ‌ တွေ မဖြစ်ရလေအောင် “သတိတရား၊ ဆင်ခြင်တုံတရား” ရှိဖို့ လိုပါလိမ့်မယ်။