Breaking News

လှကျော်ဇော - တရုတ်သမ္မတရဲ့မြန်မာနိုင်ငံခရီးစဉ် နှင့် မြန်မာနိုင်ငံရှေ့ရေး



လှကျော်ဇော - တရုတ်သမ္မတရဲ့မြန်မာနိုင်ငံခရီးစဉ် နှင့် မြန်မာနိုင်ငံရှေ့ရေး

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၀

၂၀၂၀ခုနှစ်ဇန်နဝါရီလ (၁၇-၁၈) ရက်နေ့တွေမှာ တရုတ်သမ္မတရှီကျင့်ဖင် မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးရုံးက (၁၀ရက်နေ့)ကတည်းက ကြေညာသွားပါတယ်။

အဲဒီကြေညာချက်ထဲမှာ- အဓိကအားဖြင့် မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အနှစ်(၇၀)ပြည့်အထိမ်းအမှတ်အဖြစ် သွားတာဆိုပြီး ခါတိုင်း နိုင်ငံခြားခရီးစဉ်တွေထွက်စဉ် ပြောလေ့ပြောထရှိတဲ့ နှစ်နိုင်ငံအကြားနိုင်ငံရေးစီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့အကြောင်း များအပြင် သမ္မတရှီအနေနဲ့ ၂၀၂၀နှစ်သစ်အတွက် ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်ကြောင်း ထည့်သွင်းပြောသွားတာကြားလိုက်ရပါတယ်။

တရုတ်နိုင်ငံရဲ့သံခင်းတမန်ခင်းလုပ်ဟန်များအရ သမ္မတရဲ့ နှစ်သစ်အတွက် ပထမဦးဆုံးသောပြည်ပခရီး ဆိုတာဟာ အဲဒီနှစ်အတွက် တ ရုတ်နိုင်ငံရဲ့ ဦးစားပေးဒေသကနိုင်ငံတွေဆီကို သွားတာပါ။ ဒီခရီးစဉ်ကိုကြည့်ပြီး ဒီနှစ် တရုတ်ပြည်ရဲ့တနှစ်အတွင်း ဦးစားပေးလုပ်ဆောင်မယ့် မူဝါဒတွေ စီမံကိန်းတွေကို မှန်းဆနိုင်ပါတယ်။

၂၀၁၉ နိုဝငိဘာဘန်ကောက်မှာကျင်းပခဲ့တဲ့ အာစီယမ်နဲ့မဟာမိတ်နိုင်ငံများ ထိပ်သီးအစည်းအဝေးအပြီးမှာ တရုတ်ဝန်ကြီးချုပ်က ၂၀၂၀မှာ အာဆက်(R.C.E.P. Regional Comprehensive Economic Partnership) အတွက် သဘောတူစာချုပ်ချုပ်မယ် လို့ ကြေညာသွားပါတယ်။ ဒီအတွက်လည်း ခြေလှမ်းတွေ အတော်သွက်သွက် လှမ်းလာတာတွေ့ရပါတယ်။ (ဥပမာ ဒီဇင်ဘာလအတွင်း တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-ဂျပန်-တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးနဲ့ ရရှိလာတဲ့သဘော တူညီချက်များ။)

အာရှတိုက်တတိုက်လုံးနီးပါး ကြီးမားကျယ်ပြန့်တဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်ရဒေသကြီး တည်ဆောက်ရေးဟာ တရုတ်အတွက် ဒီနှစ် အ တွင်း ဦးစားပေးလုပ်ငန်းကြီး ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒီတော့ အာစီယမ်နိုင်ငံတွေအကြား တည်ရှိနေတဲ့ အဆင့်အတန်း ကွာခြားမှုတွေကို ညှိပေးဖို့လိုနေပါတယ်။

အာစီယမ်(၁၀)နိုင်ငံအတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး (မြန်မာ လာအို ကမေ ္ဘာဒီးယား) ၃နိုင်ငံအနက် လာအိုနဲ့ကမ္ဘောဒီးယား (၂)နိုင်ငံက တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းလုပ်ငန်းများနဲ့ ဆက်စပ်လိုက်နိုင်ပြီး စီးပွားရေးအခြေအနေတွေ ကောင်းမွန် တိုးတက်လာနေပါပြီ။ မြန်မာနိုင်ငံက နောက်ဆုံးမှာ ကျန်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။ အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေရတဲ့ ပြည်တွင်းမတည်ငြိမ်မှုပါ။

၂၀၁၅ ကိုးကန့်းအရေး ပြန်ပေါ်ကတည်းက တရုတ်ပြည်က မြန်မာနိုင်ငံအကြောင်းဆွေးနွေးပွဲတွေမှာ ----ဗမာပြည်ရဲ့အနှစ်(၇၀)ကျော်ကြာ တဲ့ ပြည်တွင်းစစ်ကြီးမရပ်နိုင်ရင် ဗမာပြည်ဟာ ကျဆုံးနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်။ သူတနိုင်ငံတည်း ကျဆုံးမှာမဟုတ်ဘဲ ကျန်တဲ့အနီးအနားက နိုင်ငံတွေကိုပါ ဆွဲချသွားနိုင်တယ်။ ဒါ့ကြောင့် ဒီကိစ္စကို ကျန်တဲ့အိမ်နီးနားချင်းနိုင်ငံများ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများ (ဥပမာ ကုလသမဂ္ဂ၊ အာစီယမ်…စတာများ)က ကူညီဖြေရှင်းပေးသင့်တယ်။----လို့ ပြောလာမှုတွေကို ကြားရပါတယ်။

ဒါတွေကြောင့် တရုတ်သမ္မတရဲ့ခရီးဟာ (စီးပွားရေးလုပ်ငန်းတွေ သဘောတူညီချက်တွေနဲ့လွှမ်းမိုးနေပေမယ့်)အဓိက ကတော့ -  ဗမာပြည်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းအတွက် ရည်ရွယ်ပုံရပါတယ်။

အခုပဲ ကြည့်ပါ။ တရုတ်သမ္မတခရီးစဉ် ကြေညာပြီးတာနဲ့ မရှေးမနှောင်းထွက်လာတဲ့သတင်းကိုကြည့်ပါ။ တရုတ်ရဲ့ အရှေ့တောင်အာရှရေးရာ အထူးသံတမန်တွေ ဗမာပြည်တွင်းနိုင်ငံရေးသမားများအကြားရော၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဆီကိုရော သွားရောက်လည်ပတ် နေကြ ပါတယ်။ ဒါတွေက တရုတ်ပြည်အနေနဲ့ ဗမာပြည်တွင်းက အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်အားစုများအကြား (အနိမ့်ဆုံး) ဘုံအကျိုးစီးပွား အမြင်တရပ်ရရှိလာရေးကို ကြိုးစားနေတယ် ဆိုတာကို ပြသနေပါတယ်။

တကယ်တော့ ဗမာပြည်ရဲ့ပြည်တွင်းစစ်ရပ်ရေးမှာ အဓိက က ဗမာ့တပ်မတော်ရဲ့သဘောထားပါ။

ဗမာ့တပ်မတော်အနေနဲ့ ဒီအချိန်မှာ နောက်တလှမ်းဆုတ်ပြီး စဉ်းစားရမယ့်အချက်တွေရှိပါတယ်။

(၁)။ ငါတို့သာတိုင်းပြည်အချစ်ဆုံး ငါတို့သာတိုင်းပြည်ကယ်တင်သူ ဆိုပြီး အနှစ်(၅၀)ကျော် ဗမာပြည်ကြီးကို စိတ်ကြိုက်အုပ်ချုပ်ပြီးခဲ့ပါပြီ။

တပ်မတော်ထိပ်တန်းခေါင်းဆောင်အချို့(သားသမီး၊မြေးများအထိ)အချမ်းသာဆုံးပုဂွိုလ်များစာရင်းဝင်သွားပြီး၊ ကျန်ပြည်သူတရပ်လုံးက ကျွန်စုပ်ပစ်တဲ့သရက်စေ့လိုဖြစ်သွားတာ(တိုင်းပြည်အနေနဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်သွားရတာ)တွေက လက်တွေ့ဖြစ်ရပ်တွေပါ။

(၂)။ တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံးပြီး တပ်မတော်ကိုဘက်စုံက တည်ဆောက်တယ်ဆိုကာ လက်နက်ဆန်းတွေဝယ်ယူ တပ်ဆင်ထားပြီး ဘယ်လက်နက်ကိုင်အဖွဲ့မဆို ရက်ရက်စက်စက်တိုက်ခိုက်ချေမှုန်းနေပေမယ့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လူမျိုးစုတွေ တဗိုလ်ကျ တဗိုလ်တက် ဖြစ်နေတာကရောဘာကြောင့်လဲ။

(၃)။ နိုင်ငံရေးအရ မိမိသဘောထားနဲ့မတူသူဟူသမျှကို ခေတ်အဆက်ဆက်(ဖဆပလ၊ မဆလ၊ နဝတ၊နအဖ) ထောင်သွင်းအကျဉ်းချ၊တကျွန်း ပို့၊တနယ်တကျေးပို့၊ထောင်တွင်းနှိပ်စက်မှုအမျိုးမျိုး၊မိသားစုဝင်များပါ-အပါ ဘဝပျက်အောင်လုပ်ခဲ့ပါလျှက် အခုအချိန်ထိ ဘာလို့ မိမိတို့ မကျေနပ် ချက်တွေကို ရဲရဲဝံ့ဝံ့ ပြောဆိုနေဝံ့သူတွေရှိနေရတာလဲ။

ပြောရရင် မကုန်နိုင်ပါဘူး။ ဒါတွေက တပ်မတော်ရဲ့လုပ်ငန်းတွေ မအောင်မြင်ဘူး။ ပြည်သူတွေရဲ့ထောက်ခံမှုမရဘူး ဆိုတာကိုပြနေတာပါ။

ဒါ့အပြင် အနိုင်နိုင်ငံကထွက်ပေါ်လာတဲ့ သတင်းများကရော.။အကောင်းပါသလား။

ဒီတော့ တပ်မတော် က အခုလို ပြည်တွင်းမှာရော ပြည်ပမှာပါ ပုံရိပ်မကောင်းဖြစ်နေတာကနေ ဘယ်လိုရုန်းထွက်မလဲ။

တခွန်းတည်းပြောရရင်တော့ တပ်မတော်အနေနဲ့ မိမိတို့ရဲ့ အခွင့်ထူးခံစိတ်ဓာတ်ကို ပြုပြင်ဖို့လိုနေတာပါ။ ကျန်ပြည်သူတရပ်လုံးနဲ့ အေးအတူ-ပူအမျှ နေထိုင်နိုင်တဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေအပေါ် တန်းတူရည်တူ သဘောထားနိုင်ဖို့ပါ။

အခုအချိန်ဟာ အချိန်ကောင်းပါ။

ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင် ပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကို ပြေလည်အောင် လုပ်ဆောင်ပေးရမှာပါ။ ဒီပြည်သူတွေထဲမှာ စွန့်ပြီးမစားရတဲ့ အောက်ခြေတပ်မတော်သားများ ပါဝင်ပါတယ်။ ပြည်သူတွေလွတ်မြောက်မှ ဒီတပ်မတော်လည်း လွတ်မြောက်မှာပါ။ ဒီလိုသာ ပြည်သူတွေရဲ့ အလိုဆန္ဒကို လိုက်လျောလုပ်ဆောင်ပေးမယ်ဆိုရင်တော့ တပ်မတော်ဟာ တချိန်တခါကရဖူးတဲ့ ပြည်သူတွေရဲ့မေတ္တာကို ပြန်လည်ရရှိနီုင်ပါလိမ့်မယ်။

ခြေဆုံးခေါင်းဆုံး အကောင်းဆုံးလက်နက်တွေတပ်ဆင်ထားပြီး အထက်က လက်ညှိုးညွှန်ပစ်ခိုင်းရင် (၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း က အဖြစ်အပျက်များကိုကြည့်ပါ။)ဘယ်သူကိုမဆို ပစ်သတ်ရဲတဲ့ ဗမာ့တပ်မတော်ကို လက်ချည်းဗလာသမားများက လက်နက်ကိုင် တော်လှန်ဖို့ကြံစည်တာဟာ သေမထူး နေမထူးဘဝရောက်လို့ပါ။ တခြားနည်းလမ်းများနဲ့ မိမိတို့ရဲ့နစ်နာချက်များ ခံစားချက်များ ယုံကြည်ချက်များကို ပြောခွင့်ဆိုခွင့် ရေးသားခွင့် ဟောပြောခွင့်တွေ တစုံတရာ အတိုင်းအတာလေးနဲ့ ရနေရင်ကို ဘယ်သူကမှ မိမိအတွက်လည်း အလွန်ပင်ပန်းဆင်းရဲ မိမိပတ်လည်က(မိသားစုအပါအဝင်)ပြည်သူများလည်းဆင်းရဲဒုက္ခရောက်နိုင်တဲ့ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ပါဘူး။

တဖက်မှာလည်း အခုအခါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ အနှစ်(၇၀)ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရခဲ့ဖူးတဲ့အခွင့်အရေးတွေ (နည်းပညာမြင့်တက်လာမှုများကြောင့်) ရရှိထားပါတယ်။ မိမိတို့ရဲ့နစ်နာချက်တွေ ခံစားချက် တွေကို အချိန်မရွေး ပြည်သူတွေကို တင်ပြနိုင်နေပါတယ်။ စွပ်စွဲချက်တွေရှိရင်လည်း ချက်ချင်း ရှင်းလင်းတုံ့ပြန်နိုင်ပါတယ်။

အစိုးရကိုပဲဖြစ်ဖြစ်၊တပ်မတော်ကိုပဲဖြစ်ဖြစ် မိမိတို့ပေးချင်တဲ့ သတင်းစကားတွေ အချိန်မီပြောဆိုတင်ပြနိုင်နေတာပါ။

ဒါကြောင့် ဒီလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ဒီအချက်တွေကိုအသုံးချပြီး၊ မိမိတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွား၊ မိမိတို့လူမျိုးစုရဲ့ အကျိုးစီးပွားကိုလည်း ခိုင်ခိုင်မာမာ ကိုင်စွဲထားပြီး တပြည်လုံးအတိုင်းတာဆောင်တဲ့ ဘုံအကျိုးစီးပွားများရရှိလာရေးအတွက် နည်းပရိ ယာယ်ကြွယ်ဝစွာ ပျော့ပျောင်းစွာ အပေးအယူမျှစွာ လုပ်ဆောင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။

ဗမာပြည်ရဲ့ပြည်တွင်းစစ်ရပ်ရေး-ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဗမာ့တပ်မတော်ဘက်က တိုင်းပြည်အတွက် ပြည်သူတွေအတွက် မှန်ကန်တဲ့သဘောထားနဲ့ စိတ်ရင်းစေတနာရှိဖို့ အဓိက အလိုအပ်ဆုံးပဲလို့ ထပ်မံပြောကြားပါရစေ။ အဲဒီအောက်မှာ-

ဗမာ့လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ ဗမာပြည်ရဲ့ ကျိန်စာမိသလိုဖြစ်ရတဲ့ ပြည်တွင်းစစ်ကြီးကို အခုလို ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုး တက် ရေး အရှိန်ရလာတဲ့ခေတ်ကြီးအတွင်းမှာ ငြိမ်းအေးသွားစေရေးအတွက် တိုင်းချစ်ပြည်ချစ်ပုဂွိုလ်များအပါ တပြည်လုံးပြည်သူများအနေနဲ့ တခဲနက် ဝိုင်းဝန်းတောင်းဆိုသွားသင့်ပါတယ်။

လှကျော်ဇော။
၁၅-၁-၂၀၂၀။