Breaking News

သူရထိုက် - ချစ်သောမျက်စိရှိကြစေသတည်း

ပန်းချီသန်းဌေးမောင် – အချစ်သစ်ပင်(ပန်းချီကား)
ချစ်သောမျက်စိရှိကြစေသတည်း
သူရထိုက်
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၀

ရင်းနှီးသိကျွမ်းတဲ့သူတွေရဲ့နာရေးသတင်းတွေ ကိုကြားသိရတာများလာတဲ့အခါ တစ်ခါက ကြိုက်နှစ်သက်ခဲ့တဲ့သီချင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။ အဲဒီသီချင်းကိုသီဆိုခဲ့သူကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပအို့ဝ်တိုင်းရင်းသားအဆို တော်ခွန်သန်းထွန်းဖြစ်တယ်။ သီချင်းရဲ့အမည်က" ရောက်တုန်းရောက်ခိုက်" တဲ့။

ရောက်တုန်း ရောက်ခိုက်
တေးဆို - ခွန်သန်းထွန်း

လူ့ပြည်မှာ လူလာဖြစ်တာ ရှေးဘဝကုသိုလ်ကြီးလို့ နော်
ဧည့်သည်တွေဆိုရင် မမှားတယ်
တွေ့ခိုက်မေတ္တာ ထားကြလေ
cho  " ငြိမ်းချမ်း တဲ့ အေးရိပ်အောက်မှာ ခိုလှုံချင်လိမ့်မယ်
            အားလုံးသတ္တဝါ ပွားကြပေါ့
            ချစ်စိတ် ဘာဝနာတရား
            အဖြေဆိုတာ နှလုံးသားရဲ့အလှပါ
            သံသရာဆိုတာ လည်မြဲကွယ်
            အဖန်တစ်ရာကျော် ရှည်ချင်ရှည်ဦးမယ်
           ကိုယ်စီဉာဏ်ရှိတာပဲ တွေးယူကွယ် "
*       စိတ်ဆိုတာ အနိုင်ယူဖို့မလွယ်
          ရုပ်ဘဝ ပျက်ကြွေတဲ့အထိလေ
           ဆိုးချင်ရင် အမြဲ အလွယ်လေးကွယ်
           အကောင်း နေနိုင်ဖို့ ပဲခက်တယ်..........။
*         ကြမ်းကျွံရင် ခဏ အနာလေးကွယ်
            နှုတ်ရဲ့ အပြောအဆို မမှားနဲ့နော်
           စကားဆိုတာ တစ်ယောက်ကို တစ်ယောက်အပေါ်
           ချစ်စေ မုန်းစေ အစွမ်းထက်တယ်
cho     သုခ ဒုက္ခ မမြဲတရားတွေ
            ကံဇာတာ ရှေးဘဝကုသိုလ် ပါ
            ဝမ်းနည်း ဝမ်းမြောက်မှု
            ဒါတွေ လည်း မတည်ငြိမ်
            အရောင် အပြောင်းအလဲ နဲ့တွေ့မယ်
             အနိုင်ယူ တစ်နေ့
            သြော်.....ရှုံးမယ် တစ်ရက်မှာ
            ရယ်တစ်ခါ  ငိုတစ်လှည့်ပါပဲလေ
            ပါရမီဟာ လူတိုင်းရှိတယ် နားလည်ကွယ်.......

       သီချင်းရဲ့အဓိပ္ပာယ်ကတော့ ထပ်မံရှင်းပြစရာမလိုလောက်အောင် လူတိုင်းနားလည်နိုင်ပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လူ့ဘဝကိုရောက်လာတာဟာ ရှေးဘဝကုသိုလ်ကံ အကျိုးကြောင့်လို့ ယုံကြည်ကြပါတယ်။ လူ့ဘဝကို ရောက်လာခိုက်မှာ လူလူချင်း တစ်ဦးကိုတစ်ဦး ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီးဆက်ဆံ သင့်တယ်။
        တချို့တချို့သောလူတွေက ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားပြီး နေထိုင်သွားကြတယ်။ လူ့တန်ဖိုးမပျောက်ပျက်စေဘဲ ပိုပြီးတန်ဖိုးမြင့်အောင် စွမ်းဆောင်ကြတယ်။ လူတချို့ကတော့ လူ့ဘဝရရှိနေချိန်အတွင်းမှာ မိမိကိုယ်တိုင် ရော ပတ်ဝန်းကျင်ကိုပါထိခိုက်ပျက်စီးစေတဲ့အကြောင်းတရားတွေကိုဖန်တီး သွားတတ်တယ်။
ဘယ်လိုလူစားမျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်တယ်ဆိုတာကိုတော့ ထပ်မံရှင်းပြဖို့ လိုမယ်မထင်ပါ။

        စိတ်ဆိုတဲ့ အရာကလည်း ကောင်းတဲ့မွန်မြတ်တဲ့သန့်စင်တဲ့ဘက်ကို ကိုင်းညွတ်ဖို့ထက် မကောင်းတဲ့ မမွန်မြတ်တဲ့ မသန့်ရှင်းတဲ့ဘက်ကို ပိုပြီးကိုင်းညွတ်တတ်တယ်။ ပိုပြီးခုံမင်တတ်ပါတယ်။ ကောင်းအောင် လုပ် ကိုင်ဆောင်ရွက်ရတာက ရေဆန်ပါ။ မကောင်းတာကို လုပ်ကိုင်ဆောင်ရွက်ရတာကတော့ရေစုန်ပါ။ ရေစုန်ကိုမျှောပြီး လိုက်သွားရတာက ပိုပြီးတော့လွယ်တယ်လေ။ စိတ်ဆိုတာကလည်းမကောင်းမှုမှာသာပိုပြီးတော့မွေ့လျော်တတ်တယ်မဟုတ်ပါလား။ ဒါ့ကြောင့်လည်း ဗုဒ္ဓမြတ်စွာဘုရားရှင် အဆူဆူက ဟောကြားခဲ့ပါတယ်။
" မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား" ..........တဲ့။
         
ဆိုရိုးစကားတစ်ခုလည်းရှိပါတယ်။" မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက် လေးသစ် " တဲ့ ။ အပြောအဆိုကို သတိထားဂရုစိုက်ဆင်ခြင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် နှုတ် ကျွံ စကားကျွံရင် နှုတ်ဖို့မလွယ်ကူပါဘူး။ အဲဒါကြောင့်အဆိုတော်က " စကားဆိုတာ တစ်ယောက်ကို တစ်ယောက်အပေါ်ချစ်စေ မုန်းစေ အစွမ်းထက်တယ် " လို့သီဆိုခဲ့တာဖြစ်ပါတယ်။

အဆိုတော်ခွန်သန်းထွန်း ဆိုတာက ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝ က ထင်ရှားခဲ့တဲ့ အဆိုတော် သီချင်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေ အားလုံးလိုလိုက ဒဿနအတွေးတွေနဲ့ လွှမ်းခြုံနေတယ်။ တောင်ကြီးမှာ နေထိုင်တယ်လို့သိရတယ်။

အခုတော့ ကွယ်လွန်သွားရှာပြီလို့ကြားသိရတယ်။

      လူတိုင်းလူတိုင်း လောကဓံတရားကို ခံစားရစမြဲပါ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံနည်းခြင်း၊ အခြွေအရံများခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း အားလုံးကိုကြုံဆုံတွေ့နိုင်ပါတယ်။ ဘယ်အရာမှ မမြဲပါဘူး။ အဲဒါကြောင့် လူလူချင်းမေတ္တာထားပြီး ဆက်ဆံသင့်ပါတယ်။ " ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အစဉ် မဟုတ် " ဆိုတဲ့ဆိုရိုးစကားလည်းရှိတယ်လေ။

   " တစ်ဦးကိုတစ်ဦး သံသယဆိုသည်မှာ အလ ကား၊ တစ်ဦးကိုတစ်ဦး မှန်သပဆိုသည်မှာ ပတ္တမြား၊ သံသယပျောက်ပါစေ၊ အမှန်ဘဝရောက်ပါစေ" ဆိုတဲ့ အဆိုတော်ဦးမောင်မောင်ကြီးနဲ့ ဒေါ်မာမာအေးတို့သီဆိုသွားတဲ့သီချင်းကိုလည်း အမှတ်ရမိပါသေးတယ်။

     ကျွန်တော်တွေးကြည့်မိတယ်။ ကျွန်တော်တို့ အနေနဲ့ မသေဆုံးမီ အချိန်ကာလအတွင်းမှာ နှစ်ဟောင်းနှစ်သစ်ဆိုတာတွေကိုကြုံတွေ့နေကြရဦးမှာဖြစ်တယ်။ ပြက္ခဒိန်ဆိုတာလူတွေက တီထွင်ဖန်တီးထားတာလေ၊ အချိန်ဆိုတာကတော့ စီးဆင်းနေတဲ့ရေအလျဉ်လို တစ်ဆက်တည်းရှိနေတယ်။ အဲဒီအချိန်ဆိုတာကလည်း အမြဲတမ်းကိုယ့်လက်ထဲမှာရပ်တည်မနေပါဘူး။ တဖြည်းဖြည်းနဲ့ကုန်ဆုံးနေတယ်၊ ကုန်ဆုံးနေတဲ့အချိန်တွေအတောအတွင်းမှာ အမုန်းတရားတွေနဲ့ ရပ်တည်နေရတာက ပူလောင်ပင်ပန်းလှပါတယ်။

သိင်္ဃသူ့သမီး ကျောက်စာထဲကဆုတောင်း အတိုင်းဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။

 " အချင်းချင်း အမျက်အအီ တစေ့မရှိ ၊
   ချစ်သောမျက်စိ ဖြစ်စေသတည်း။ " ။ ။

သူရထိုက်