Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၈)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၈)

(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၀
(၁)

ကံပစ်ချလို့ ဘဝတခုရလာတယ်။ ရလာတဲ့ဘဝမှာ ပတ်ဝန်းကျင်အမျိုးမျိုးက ထုဆစ်လို့ ပုံသစ်တွေ အမျိုးမျိုးဖြစ်ထွန်း၊ လွမ်းစရာတွေ အမျိုးမျိုးကြုံရနဲ့ ဘုံဘဝမှာ “လုံလောင်းရာ ပုံပြောင်းရတယ်” ဆိုတဲ့ ရုပ်ရှင်မင်းသား မြတ်လေးရဲ့ စကားလိုပါပဲ။

တနေ့တုန်းက ဓာတ်ပုံဟောင်းကလေးတချပ်တွေ့လို့ ကြည့်လိုက်တော့ ကျောင်းနေစဉ်က သူငယ်ချင်းတစုနဲ့ ရိုက်ထားတဲ့ဓာတ်ပုံ။ အို … အမှတ်တရပါလား။

တချို့လည်းပြန်တွေ့၊ တချို့လဲ ပြန်မတွေ့ဖြစ်တော့။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ လေနှင်ရာ လွင့်မျောသွားတဲ့ နွေဦးရွက်ဝါလို။ တချို့သူငယ်ချင်းတွေကို ပြန်တွေ့တဲ့အခါလည်းတွေ့ရဲ့။ တချို့ကျတော့ တဆင့်စကားနဲ့ သတင်းကြားရုံကြားရ။

ဒီဓာတ်ပုံကလေးကို တစိမ့်စိမ့်ကြည့်ပြီး အတိတ်ဆီ စိတ်ရောက်သွားရင်း ကဗျာစာသားကလေးပေါ်လာတော့ ဒီလိုဖွဲ့မိပါလေရဲ့။

(၂)

ဓာတ်ပုံဟောင်းဓာတ်ပုံကလေးတချပ်
အမှတ်တရသိမ်းထား
သူငယ်ချင်းတစုရဲ့
အတိတ်ကပန်းချီကား။

ခပ်ထွားထွားနဲ့ ဟိုအကောင်
ပြူးကြောင်ကြောင်နဲ့ ဒီဂျပု
ညုတုတုနွဲ့တဲ့တဲ့နဲ့
မှဲ့ကလေးနဲ့ ရုပ်ရှင်ရူး
ဗူးသီးလို လုံးကျစ်ကျစ်နဲ့
ဟစ်တလုံးမောင်မောင်
နဖူးပြောင်ပြောင်နဲ့ တရုတ်ပုပ်
ကုလားစုတ်ကလဲ ပေါင်းထုပ်နဲ့ဘာနဲ့
ခေါင်းစုတ်ဖွားနဲ့က ကျွန်တော်လေ
မန်းတက္ကသိုလ်နယ်မြေမှာ
လူရှုပ်လူပွေတစုပေါ့။

ခုတော့လဲ ဘဝခြား
တရားသူကြီးဖြစ်တဲ့ကောင်ဖြစ်
စစ်ဗိုလ်ဘဝရောက်လိုရောက်
ချိုင်းထောက်နဲ့ သွားရသူသွားရ
နိုင်ငံခြားမှာနေသူနေ
သေသူလဲရှိရဲ့
တချို့ငတိတွေက ကြီးပွား
သမီးသားတွေအစုံအလင်နဲ့
ဂုဏ်အင်ကြီးသူလဲကြီးရဲ့

အချစ်မီးလောင်တဲ့
ဟိုအကောင်က ကဗျာဆရာပေါ့
အသပြာကတော့ ငမွဲမှငမွဲ
တောထဲရောက် ထောင်ထဲကျ
ဒုက္ခနဲ့နပန်းလုံးနေရတဲ့
ဘဝဆိုးညစ်ညစ်ကို
လက်သီးကျစ်ကျစ်ဆုပ်ပြီး
မဟုတ်မခံ အပြုတ်နှံမဟဲ့လို့
တုံ့ပြန်နေတဲ့ အကောင်လဲပါရဲ့
ရာဇဝင်သစ်ရေးတဲ့သူတွေပေါ့လေ။

ဘာပဲဖြစ်ဖြစ်
သူငယ်ချင်းအချစ်နဲ့ သတိတရရ
လွမ်းဆွတ်လှတဲ့ ငါတကောင်ကတော့
စာပြောင်ပြောင် မပြောင်ပြောင်
ကဗျာကလောင်နဲ့
မှတ်တမ်းတင်လိုက်ပါရဲ့
ဇာတ်လမ်းအစဉ်ကတော့
ဟုတ်ချင်မှဟုတ်မယ်
ရုပ်ပုံကလေးတကြည့်ကြည့်နဲ့
လွမ်းမိလွမ်းရာ၊
လွမ်းဝေဒနာကလေးတွေပါ။

အဲသလို မှတ်တမ်းတင်ကဗျာကလေး ရေးဖြစ်ပါတယ်။ အလွမ်းပြေရေးမိတဲ့ တေးတပုဒ်လို့ ဆိုနိုင်ပါတယ်။

(၃)

တကယ်တမ်းကျတော့ ဘဝသောင်ကမ်း ဘယ်လမ်းဘယ်ဆီလျှောက်ကြသည် မသိနိုင်ပြီ။

တခါတရံ ကံကြမ္မာဆိုးရင်ဖြင့် သူငယ်ချင်းကစစ်ဗိုလ်၊ ကိုယ်ကသူပုန်ဘက်သား၊ ယုံကြည်ချက် မြစ်ကြီး ခြားနေတတ်တာလဲ တွေ့ရတတ်ကဲ့။ သူကကိုယ့်ကိုဖမ်းပြီး သူ့ကြီးပွားလမ်းရှာချင်လဲ ရှာမှာပေါ့လေ။ ဘဝရဲ့လောကဓံလို့ပဲ မှတ်ချက်ချရတော့မှာပေါ့။

မင်္ဂလာတရားတော်မှာတော့ …

“ဖုဌဿ လောက ဓမ္မေဟိ
စိတံ္တယဿ နကမ္ပတိ” တဲ့။

ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ဖွဲ့ဆိုတဲ့ မင်္ဂလာကဗျာမှာတော့

“လောကဓံကြုံ၊ မဖြုန်တမ်းကွဲ့
မတုန်စမ်းနဲ့ စိတ်ခိုင်စေ” တဲ့။

လောကဓံတရားရှစ်ပါးရှိသတဲ့။

“လာဘော၊ အ-လာဘော။ ယသော၊ အ-ယသော။ နိန္ဒာပသံသာ။ သုခံ ဒုက္ခံ” လို့ ပါဠိလို အဆိုရှိပါတယ်။ “လာဘ်ရခြင်း-မရခြင်း၊ အခြွေအရံများခြင်း-မများခြင်း၊ ကဲ့ရဲ့ခြင်း-ချီးမွမ်းခြင်း၊ ချမ်းသာခြင်း-ဆင်းရဲခြင်း” ဆိုတဲ့ မြန်မာလို ရှစ်ပါးပေါ့။ လောကဓံရှစ်ပါးနဲ့ ဘယ်လူသားမှ မကင်းနိုင်။ ဒီနေ့ပန်းကုံးစွပ်၊ နောက်နေ့ပန်းခွေချဆိုတဲ့ ဘဝရဲ့အတက်အကျတွေ ကြုံကြရစမြဲ။ ဒါကြောင့် ဦးပုညက “ရွံစရာ လံကဓောနဲ့၊ သံယောဇဉ်မဖြစ်လို” လို့ ရေးခဲ့တာမဟုတ်လား။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၄)၊ မေ ၂၀ဝ၅