မီယာဇာကီရဲ့ ကလေးလူကြီးအသည်းစွဲတဲ့ စိတ်ကူးယဉ်ကာတွန်းရုပ်ရှင်များ
မီယာဇာကီရဲ့ ကလေးလူကြီးအသည်းစွဲတဲ့ စိတ်ကူးယဉ်ကာတွန်းရုပ်ရှင်များ
ပွင့်ဖြူနန္ဒာ (မောင်ရစ် ဘာသာပြန်တယ်)
မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၀၉ (ဇန်နဝါရီ ၂၂၊ ၂၀၂၀)
ဒီတခါလည်း မီယာဇာကီတို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ သူက အလွန်ကို ချစ်စရာကောင်းလှတဲ့ အယ်နမီ (anime) ကာတွန်းရုပ်ရှင်တပုဒ် ဖန်ဆင်းလိုက်ပြန်ပါတယ်။ သည်တကြိမ်မှာ လူသား ကောင်လေး ဆိုစကီး နဲ့ ငါးသူငယ်မလေး ပိုညိုတို့ရဲ့ စွန့်စားခန်းတွေလို့ ဆိုပါတယ်။ ရုပ်ရှင်နံမည်က ငါးသူငယ်မလေးနံမည် – ပိုညို ပါတဲ့။ အနောက်တိုင်းကလေးပုံပြင်တခုဖြစ်တဲ့ ရေသူမပုံပြင်ကို စျန်ဝင်စားပြီးတော့ မီယာဇာကီက သူရဲ့ အနုပညာမှော်အတတ်နဲ့ ဂျပန်တို့ရဲ့ အငွေ့အသက် ရှုခင်း ရနံ့တွေနဲ့ “ပိုညို” ကို ဖန်ဆင်းလိုက်တာဖြစ်ပါတယ်။
မီယာဇာကီဆိုတာ ခုခေတ် အယ်နမီ (ဂျပန်တို့အကြိုက် စိတ်ကူးယဉ် ကာတွန်း ရုပ်ပြ ရုပ်ရှင်ကား အမျိုးအစား – Anime ) တို့ရဲ့ ဆရာကြီးတဦးပါ။ သူ့ကို ဂျပန်ပြည်မှာ ၁၉၄၁ ဇန်နဝါရီ ၅ ရက်နေ့မှာ မွေးပါတယ်။ ၁၉၆၃ ခုနှစ်ကတည်းကစပြီး အယ်နမီလောကထဲကို ရောက်လာပါတယ်။ သူ ဒါရိုက်တာလုပ်ခဲ့တဲ့၊ သူဖန်တီး ရိုက်ကူးခဲ့တဲ့ အယ်နမီရုပ်ရှင်တွေ အများကြီး ရှိခဲ့ပါပြီ။ အကုန်လုံးနီးပါးက အောင်မြင်တာချည်းပဲ ဖြစ်ပါတယ်။ သူရဲ့ သက်တမ်းမှာ အထင်ရှားဆုံး ကာတွန်းရုပ်ရှင်ကားတွေကတော့ –
Spirited Away, Howel’s Moving Castle, KiKi’s Delivery Service, Castle in the Sky, My Neighbor Totoro, Nausicaa နဲ့ Princess Mononoke တို့ပဲ ဖြစ်ကြပါတယ်။
ဒီကာတွန်းရုပ်ရှင်တွေကို ထာဝရအောင်မြင်နေမယ့် ရုပ်ရှင်တွေလို့ လူအများက မှတ်တမ်းတင်ကြရတာ ဘာကြောင့်ပါလဲ ? ။ ဘာကြောင့်ဆိုတော့ သူရဲ့ အယ်နမီတွေရဲ့ ကျောရိုးတွေမှာ မိသားစု သံယောဇဉ်နဲ့ တန်ဖိုးတွေအကြောင်း၊ သို့မဟုတ်ပါက သဘာဝပတ်ဝန်းကျင်ကြီးကို ဂရုစိုက်စောင့်ရှောက်ဖို့ အရေးကြီးလှတဲ့အကြောင်းတွေကို အမြဲတမ်း ထည့်သွင်းထားလို့ပါပဲ။ တခါတရံကျတော့လည်း အဲသည် တန်ဖိုး ၂ ခု စလုံးကို ဟန်ချက်ညီညီနဲ့ လှပစွာ ယက်ဖောက်ဖွဲ့ဆို ပြတတ်ပါသေးတယ်။ အဲသည်လို အယ်နမီဇာတ်ကားထဲမှာ ဖော်ပြပါ ကျောရိုးတွေကို ထည့်သွင်းဖန်တီးဖို့အတွက် ပညာနဲ့ ကျွမ်းကျင်မှု အထူးလိုအပ်လှပါတယ်။ မီယာဇာကီက သူ့အစွမ်းကို သူ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းက ပရိသတ်ဟာ သူ့ရုပ်ရှင်တွေကို တန်းတန်းစွဲကြရတော့တာ ဖြစ်ပါတယ်။
မီယာဇာကီဆိုတာ ခုခေတ် အယ်နမီ (ဂျပန်တို့အကြိုက် စိတ်ကူးယဉ် ကာတွန်း ရုပ်ပြ ရုပ်ရှင်ကား အမျိုးအစား – Anime ) တို့ရဲ့ ဆရာကြီးတဦးပါ။ သူ့ကို ဂျပန်ပြည်မှာ ၁၉၄၁ ဇန်နဝါရီ ၅ ရက်နေ့မှာ မွေးပါတယ်။ ၁၉၆၃ ခုနှစ်ကတည်းကစပြီး အယ်နမီလောကထဲကို ရောက်လာပါတယ်။ သူ ဒါရိုက်တာလုပ်ခဲ့တဲ့၊ သူဖန်တီး ရိုက်ကူးခဲ့တဲ့ အယ်နမီရုပ်ရှင်တွေ အများကြီး ရှိခဲ့ပါပြီ။ အကုန်လုံးနီးပါးက အောင်မြင်တာချည်းပဲ ဖြစ်ပါတယ်။ သူရဲ့ သက်တမ်းမှာ အထင်ရှားဆုံး ကာတွန်းရုပ်ရှင်ကားတွေကတော့ –
Spirited Away, Howel’s Moving Castle, KiKi’s Delivery Service, Castle in the Sky, My Neighbor Totoro, Nausicaa နဲ့ Princess Mononoke တို့ပဲ ဖြစ်ကြပါတယ်။
ဒီကာတွန်းရုပ်ရှင်တွေကို ထာဝရအောင်မြင်နေမယ့် ရုပ်ရှင်တွေလို့ လူအများက မှတ်တမ်းတင်ကြရတာ ဘာကြောင့်ပါလဲ ? ။ ဘာကြောင့်ဆိုတော့ သူရဲ့ အယ်နမီတွေရဲ့ ကျောရိုးတွေမှာ မိသားစု သံယောဇဉ်နဲ့ တန်ဖိုးတွေအကြောင်း၊ သို့မဟုတ်ပါက သဘာဝပတ်ဝန်းကျင်ကြီးကို ဂရုစိုက်စောင့်ရှောက်ဖို့ အရေးကြီးလှတဲ့အကြောင်းတွေကို အမြဲတမ်း ထည့်သွင်းထားလို့ပါပဲ။ တခါတရံကျတော့လည်း အဲသည် တန်ဖိုး ၂ ခု စလုံးကို ဟန်ချက်ညီညီနဲ့ လှပစွာ ယက်ဖောက်ဖွဲ့ဆို ပြတတ်ပါသေးတယ်။ အဲသည်လို အယ်နမီဇာတ်ကားထဲမှာ ဖော်ပြပါ ကျောရိုးတွေကို ထည့်သွင်းဖန်တီးဖို့အတွက် ပညာနဲ့ ကျွမ်းကျင်မှု အထူးလိုအပ်လှပါတယ်။ မီယာဇာကီက သူ့အစွမ်းကို သူ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းက ပရိသတ်ဟာ သူ့ရုပ်ရှင်တွေကို တန်းတန်းစွဲကြရတော့တာ ဖြစ်ပါတယ်။
သူ့ရဲ့ အထင်ရှားဆုံး၊ လူကြိုက်အများဆုံး အယ်နမီကတော့ Spirited Away ဖြစ်ပါတယ်။ အဲသည်မှာ မီယာဇာကီက ကျွမ်းကျင်လိမ္မာစွာနဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတို့ရဲ့ တန်ဖိုး အရေးကြီးပုံကို ထည့်သွင်းတင်ပြထားပါတယ်။ အဲသည်ဇာတ်လမ်းမှာ ကလေးမလေးတယောက်နဲ့ ဝက်အဖြစ် အသွင်ပြောင်းသွားတဲ့ သူမရဲ့ မိဘတွေအကြောင်းဖြစ်ပါတယ်။ သူမရဲ့မိဘတွေက ထူးခြားဆန်းပြားတဲ့ ပွဲတော်စျေးခင်းတခုထဲမှာ တည်ခင်းထားတဲ့ မုန့်ပဲသရေစာတွေစားပြီးနောက် ဝက်တွေ ဖြစ်ကုန်ကြတာပါ။ အဲတာနဲ့ ကလေးမလေးလည်း အဲသည်က ဝိဉာဉ်တွေ၊ တစ္ဆေသရဲတွေကို ဧည့်ခံတဲ့ ရေချိုးခန်းရိပ်သာတခုမှာ အလုပ်ဝင်လုပ်ရပြီး ဧည့်ရိပ်သာပိုင်ရှင် စုန်းမကြီးကို သူ့မိဘတွေ လူပြန်ဖြစ်စေဖို့အတွက် အောက်ကျို့သနားခံရပါတော့တယ်။ အဲသည်နေရာမှာ ကလေးမလေးက သူမနဲ့ ဟိုးအတိတ်တုံးက ကြုံဖူး ဆုံဖူးပေမယ့် အတိအကျမမှတ်မိနိုင်တဲ့ သူငယ်ချင်းကောင်လေးတဦးနဲ့ ပြန်တွေ့ရပါတယ်။ နောက်ပြီးတော့ ကောင်လေးကို အစပြုပြီးတော့ အခြားမိတ်ဆွေတွေလည်း တိုးလာပါတယ်။ အဆုးမတော့ ကောင်မလေးဟာ ရေချိုးခန်းဧည့်ရိပ်သာရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်ပြီး မိဘတွေနဲ့ ပြန်လည်ဇာတ်ပေါင်းနိုင်ခဲ့ပါသတဲ့။
မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတို့ကို အခြေခံတဲ့ ကျောရိုးချင်းတူတဲ့ နောက် အယ်နမီတွေကတော့ KiKi’s Delivery Service, My Neighbor Totoro, Castle in the Sky နဲ့ The Cat Returns တို့ ဖြစ်ကြပါတယ်။ စာပို့သမကလေး ကီကီ – KiKi’s Delivery Service ဆိုရင် မှော်ကဝေမလေး ကီကီက မိဘတွေနဲ့ ခွဲခွာလာပြီးတော့ ပင်လယ်ဆိပ်ကမ်းမြို့ကလေးတခုမှာ သူ့မှော်ပညာတွေ ကျွမ်းကျင်ပြောင်မြောက်လာစေရန် ကျင့်ကြံဖို့အတွက်ပြောင်းရွှေ့နေထိုင်တဲ့ အကြောင်း ဖြစ်ပါတယ်။ ကီကီက သူ့ပတ်ဝန်းကျင်အသစ်ကို ဝိုင်းဝန်းကူညီပေးတယ်၊ မိတ်ဆွေသစ်တွေ ဖွဲ့တယ်၊ ပြီးတော့ သူမရဲ့ မှော်ပညာကို ဆက်လက် လေ့လာထုတ်ဖော်တယ်။ ကီကီက ဘယ်တော့မှ သူ့မရဲ့ မိဘတွေကို မမေ့သွားဘူး။ နေ့တိုင်းစာရေးတယ်။ အဲသည်ရုပ်ရှင်မှာ မီယာဇာကီက မိသားစုနဲ့ မိတ်ဆွေတွေဟာ ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ဖွဲ့ဆိုပြသွားပါတယ်။
My Neighbor Totoro ရုပ်ရှင်မှာကတော့ အမေက ဆေးရုံတက်နေချိန်မှာ ဖခင်ဖြစ်သူနဲ့ တောရွာကလေးမှာ သွားရောက်နေထိုင်ရတဲ့ ညီအမ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ သူတို့ကလေးမလေး ၂ ယောက်က တောအုပ်ထဲက ရုက္ခစိုးလိုမျိုး တောစောင့်သတ္တဝါကြီးတကောင်၊ သူတို့မိဘတွေ၊ ကျောင်းက သူငယ်ချင်းများ၊ အိမ်နီးချင်းများနဲ့ တောထဲက ထူးဆန်းထွေလာအကောင်လေးတွေနဲ့ တွေ့ကြုံဆုံတွေ့ကြတာတွေကို ရိုက်ပြသွားပါတယ်။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် မိမိဘဝမှာ အဓိပ္ပါယ် ဘယ်လောက်ရှိသွားနိုင်ပုံကို ပြောသွားတယ်လို့ ထင်ပါတယ်။
Castle in the Sky ဆိုတဲ့ ကာတွန်းမှာကတော့ လာပူတာဆိုတဲ့ ကောင်းကင်ထဲက မိုးပျံမြို့တော်ကြီးကဆင်းလာတဲ့ မင်းသမီးငယ်ကလေးတယောက်အကြောင်း ဖြစ်ပါတယ်။ သူမကို မိုးပျံသဘောင်္ကြီးထဲမှာ အကျဉ်းချခံထားရက ခုန်ချပြီး လွတ်မြောက်လာပုံ၊ အဲသည်မှာ ကောင်လေးတယောက်က ကယ်ဆယ်လိုက်တာ၊ ပြန်ပေးဆွဲသူတွေက သူတို့ကို မရ ရအောင် ပြန်ပြီး ဖမ်းဆီးလိုက်တာ စသည့်အခန်းတွေ ပါဝင်ပါတယ်။ အဲသည်မှာ ကောင်လေးက မိုးပျံ ပင်လယ်ဓါးပြတွေနဲ့ ပေါင်းပြီး ကောင်မလေးကို ပြန်ကယ်ရပုံ၊ အဲသည်မှာ ပြန်ပေးဆွဲတဲ့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်ကလည်း လာပူတာ မိုးပျံမြို့တော်ကြီးက မင်းစိုးရာဇာတဦး ဖြစ်နေတာကို သူတို့ သိလိုက်ရပုံ၊ သူတို့တတွေ အဲသည်မြို့တော်ပျက်ကြီးကို ရောက်ရှိသွားချိန်မှာ မင်းသမီးကလေးအနေနဲ့ အဲသည်မြို့ကြီးကို လုံးဝဥဿုံဖျက်ဆီးပစ်လိုက်မှသာ အားလုံး ငြိမ်းချမ်းရေး ရကြလိမ့်မယ် ဆိုတာကို သိရှိသွားရပုံနဲ့ အဲသည်အတွက် စွန့်စားဆောင်ရွက်ကြပုံတို့ကို တင်ဆက်ထားတာကို ရှု့စားကြရပါတယ်။ မိသားစုကို မမေ့လျော့ဖို့ နဲ့ မိတ်ဆွေသစ်တွေ တိုးပြီး ဖွဲ့နိုင်ဖို့ကို မီယာဇာကီက ပြောပြထားပါတယ်။
The Cat Returns မှာတော့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူကလေးရဲ့ ကျောင်းနောက်ကျလို့ အပြေးအလွှားသွားရင်း လမ်းမှာ ကံဆိုးရပုံတွေနဲ့ ဇာတ်ကို ဖွင့်ထားပါတယ်။ သူမမှာ တဖက်သတ်ကြိုက်ရတဲ့ ကောင်ကလေးနဲ့လည်း အဆင်က မပြေလို့ စိတ်ညစ်နေချိန်၊ ကျောင်းအပြန်လမ်းမှာ ကြောင်တကောင်ကို ကားမတိုက်မိအောင် ဝင်ကယ်လိုက်မိတာက စပြီး ထူးဆန်းထွေလာ ဝင်္ကပါဇာတ်နဲ့ တိုးတော့တာပါပဲ။ သူမကယ်လိုက်တဲ့ ကြောင်က ကြောင်နိုင်ငံတော်က မင်းသားတပါး၊ လူလိုလဲ စကားပြောနိုင်သေး၊ အဲသည်က ကြောင်သံတမန်တွေက သူမကို လက်ဆောင်တွေ တဖွဲဖွဲတွေ ပို့ပေးလို့ စိတ်ညစ်ရ၊ ပြီးတော့ ကြောင်ဘုရင်ကြီးက သူမကို ကြောင်မင်းသားလေးနဲ့ လက်ဆက်ပေးဖို့ အတင်းအကြပ်စီစဉ်တော့တာပါပဲ။ ကလေးမလေးလည်း ဒုက္ခပင်လယ်ဝေနေချိန်မှာ မမြင်ရတဲ့အသံရှင်က လိပ်စာတခုကို သွားပြီး အကူအညီတောင်းဖို့ အကြံပေးပါတယ်။ အဲသည်မှာ တွေ့ရတာက ဘာရွန်ဆိုတဲ့ ကြောင်သူစွမ်းကောင်း၊ သူ့နောက်လိုက် ကြောင်ဖက်တီးကြီး၊ ပြီးတော့ ကျီးကန်းတကောင်၊ သူတို့အားလုံးက လူစကားပြောတတ်သတဲ့။ အဲသည်ကနေ စွန့်စားခန်းတွေ တောက်လျောက်နဲ့ ကြောင်နိုင်ငံတော်ကြီးဆီ ရောက်သွား၊ ပြသနာတွေအကုန်လုံးကို ဖြေရှင်းနိုင်ခဲ့။ အဆုံးမှာတော့ ကလေးမလေးဟာ သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှုတွေ ရှိပြီး သတ္တိတွေ ပိုကောင်းလာတော့တယ် လို့ ဆိုပါတယ်။
ကလေးတွေ၊ လူငယ်လေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိကြဖို့၊ ရဲရင့်ဖို့ မီယာဇာကီက အားပေးတဲ့ အခြားကာတွန်းရုပ်ရှင်တွေကတော့ Porco Rosso, Howl’s Moving Castle နဲ့ Whisper of the Heart တို့ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ Porco Rosso ကာတွန်းကားမှာဆိုရင် စစ်တိုက်ဖို့ ရွေးချယ်ခဲ့လို့ ဝက်အဖြစ် ကျိန်စာအတိုက်ခံလိုက်ရတဲ့ လေယာဉ်မောင်းပိုင်းလော့အကြောင်း ကို ဇာတ်လမ်းလုပ်ထားတာ ဖြစ်ပါတယ်။ အဲသည်ကျိန်စာပျယ်ဖို့ သူဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး – သူရဲ့ လေယာဉ်စက်ပြင်ကြီးရဲ့ မြေးမလေးနဲ့ တွေ့မှပဲ လမ်းစတွေ့တယ်လို့ ဆိုပါတယ်။ ကောင်မလေးက အမေရိကန်ပိုင်းလော့တယောက်ကို Porco Rosso နဲ့ လေယာဉ်ပြိုင်မောင်းဖို့ စိန်ခေါ်လိုက်ပါတယ်။ ဖြစ်ပုံက အဲသည်အမေရိကန်ကောင်က ကောင်မလေးကို လက်ထပ်ချင်ပါသတဲ့။ အဲသည် စိန်ခေါ်ပွဲမှာ Porco Rosso အနိုင်လည်းရ၊ ကျိန်စာလည်း ပျယ်သွားတယ်လို့ ဆိုပါတယ်။
Howl’s Moving Castle မှာတော့ ဆိုဖီဆိုတဲ့ ကောင်မလေးကို ဟောင်းလ်ဆိုတဲ့ မှော်ဆရာကလေးက ကယ်တင်လိုက်တာနဲ့ စထားပါတယ်။ အဲတာကို မနာလိုတဲ့ စုန်းမကြီးတယောက်က ဆိုဖီကို ကျိန်စာတိုက်လိုက်တာ ဆိုဖီခင်ဗျာ အဖွားအိုကြီးအဖြစ် အသွင်ပြောင်းသွားရပါတယ်။ ဆိုဖီလည်း တကိုယ်တော်ခရီးထွက်ပြီးတော့ ဖြေဆေး အရှာထွက်ရပါတော့တယ်။ အဲသည်မှာ ဆိုဖီလည်း ဟောင်းလ်ရဲ့ မိုးပျံရဲတိုက်ကြီးထဲက မီးမှင်စာလေး တကောင်နဲ့ ကလေးငယ်လေးတဦးကို အဖော်လုပ်ပြီး မှော်ဆရာစစ်ပွဲကြီးထဲမှာ ရင်ဆိုင်စွန့်စားရပါတော့တယ်။ ဆိုဖီအကူအညီနဲ့ပဲ ဟောင်းလ်ကိုယ်တိုင်လည်း သူ့လိပ်ပြာ သူပြန်ရှာတွေ့ပြီးတော့ သူမိထားတဲ့ ကျိန်စာကနေ လွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ ဆိုဖီလည်း မူလအတိုင်း ကောင်မလေးကလေး ပြန်ဖြစ်သွားပါတယ်။ မီယာဇာကီက မိမိအချစ်စစ်ကို ယုံကြည်ဖို့ လှပစွာ ဖွဲ့ဆိုသွားတာ ဖြစ်ပါတယ်။
Whisper of the Heart မှာကတော့ အထက်တန်းကျောင်းသူကလေးက စာကြည့်တိုက်ကတ်တလောက်ထဲက အမည်တခုနောက်ကို လိုက်စုံစမ်းရာက အဲသည်နံမယ်နဲ့ သက်ဆိုင်သူ ကျောင်းသားလေး တဦးနဲ့ ဆုံကြရပုံ၊ ပြီးတော့ သူတို့တတွေ စုံမက်ချစ်ခင်သွားကြရပုံ၊ တနေ့မှာတော့ ကောင်လေးက နိုင်ငံခြားကို သွားပြီးတော့ ပညာသင်ဖို့ အကြောင်းဆိုက်လာပုံ၊ ကောင်လေးက စမ်းသပ်ကာလတလအတွင်း ဝင်ခွင့်ရဖို့ ကြိုးစားရမှာ ဖြစ်လို့ ကောင်မလေးကလည်း အဲသည်တလအတွင်းမှာ သူဝါသနာပါတဲ့ စာရေးခြင်းအတတ်နဲ့ ဇာတ်လမ်းတပုဒ် အပြီးရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပုံ၊ သူမရေးတဲ့ ဇာတ်လမ်းက ကောင်လေးရဲ့ အဖိုးအိမ်က ကြောင်သူရဲကောင်းရုပ်တု (ခုနင်က ပြောထားတဲ့ ဘာရွန်ဆိုတဲ့ ကြောင်နဲ့ တထပ်တည်း တူတယ်)ကို ကြည့်ပြီးတော့ စိတ်ကူးယဉ် ရေးသားပုံ၊ ပြီးတော့ ကောင်လေးက ကျောင်းဝင်ခွင့် ကျရှုံးသွားခဲ့ပုံ၊ သို့သော် ကောင်မလေးက သူမကတိအတိုင်း ဇာတ်လမ်းတပုဒ်ကို ပြီးဆုံးအောင် ရေးနိုင်ခဲ့ပုံတို့ကို ကာတွန်း ရုပ်ရှင် ရိုက်ပြသွားတာ ဖြစ်ပါတယ်။
နောက် နံမယ်ကြီး ဇာတ်လမ်းတခုကတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်လေးစားဖို့ကို ကျောရိုးပြုထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနံမယ်က Nausicaa, the Valley of the Wind နဲ့ Princess Mononoke တို့ ဖြစ်ပါတယ်။ နာစကာ ဇာတ်ကားမှာတော့ သဘာဝပတ်ဝန်းကျင်ဘေးဆိုက်နေတဲ့ မြို့ဟောင်းကြီးတခုနဲ့ ဖွင့်ထားပါတယ်။ နောက်တခန်းမှာတော့ အဆိပ်သင့်နေတဲ့ တောအုပ်ထဲမှာ အိုမူဥခွံကြီးတွေလိုက်ရှာနေတဲ့ နာစကာကို ပြပါတယ်။ အဲဒီလောကကြီးမှာ တောအုပ်တွေက သဘာဝကပ်ဘေးတွေနဲ့ အဆိပ်သင့်နေပြီး မြို့ကြီးတွေကတော့ ဧရာမကျိုင်းကောင်ကြီးတွေရဲ့ ရန်ကို စိုးရိမ်ကြောင့်ကြ နေရပါတယ်။ နာစကာဆိုတဲ့ မင်းသမီးလေးနေထိုင်တဲ့ မြို့တော်က လေစီးကြောင်းတောင်ကြားထဲမှာ ရှိပြီး တောင်ကြားထဲက တိုက်ခတ်နေတဲ့ လေကြောင့် ကျိုင်းကောင်တွေဘေးက သက်သာတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အဲသည်တောင်ကြားကို အိမ်နီးချင်းမြို့တော်တခုက ဝင်ပြီး ကျုးကျော်လိုက်တဲ့အချိန်ကစပြီး လုံခြုံမှုတွေ မရှိတော့ပါဘူး။ အဲသည်မှာ နာစကာအနေနဲ့ လူတွေ၊ မြို့တော်တွေနဲ့ အဆိပ်သင့်နေတဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ကျိုင်းကောင်ကြီးတွေ ကြား အတူတကွ ရှင်သန်နိုင်ကြဖို့ ငြိမ်းချမ်းရေးကို ရှာဖွေရပါတော့တယ်။ အဲသည် အယ်နမီမှာ မီယာဇာကီက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားကြဖို့ကို တင်ပြထားတာကို တွေ့ရပါတယ်။
Princess Mononoke မှာကတော့ ဆမ်ဆိုတဲ့ မြေခွေးစိတ်ပေါက်နေတဲ့ လူမကလေးအကြောင်း ဖြစ်ပါတယ်။ သူမ နေတဲ့တောအုပ်ထဲမှာ မြေခွေးတွေ၊ တောဝက်တွေက တောစောင့်နတ်ကြီးတွေအဖြစ် သတ်မှတ်ထားခြင်း ခံထားရပါတယ်။ အဲသည်မှာ မင်းသားလေး အရှီတာကာမှာတော့ တောဝက်ကြီးတကောင်က တိုက်သွားတဲ့ ကျိန်စာက လွတ်မြောက်ဖို့ လမ်းစရှာနေသူပါ။ သူတို့ ၂ ဦး ပေါင်းပြီးတော့ တားဆီးရမှာက မယ်တော် အီဘိုရှီရဲ့ အစီအစဉ် ဖြစ်ပါတယ်။ မယ်တော်အီဘိုရှီက တောအုပ်ကြီးကို မီးရှို့ပြီးတော့ တွင်းထွက် သံမဏိတွေကို ထုတ်ယူမယ်လို့ ပြင်နေတာ ဖြစ်ပါတယ်။ သူတို့တတွေ အောင်မြင်အောင် စွန့်စားနိုင်ကြလို့ ကျိန်စာတွေကလည်း လွတ်မြောက်ကြရပါတယ်။ အဲသည် အယ်နမီမှာ မီယာဇာကီက သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ကြဖို့ကို တင်ပြထားပါတယ်။
မီယာဇာကီ ဆိုတာ အယ်နမီလောကမှာ ဆရာကြီးတဆူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ ရုပ်ရှင်ကာတွန်းတွေ ရိုက်ကူးနိုင်သူ ဖြစ်ပါတယ်။ အခုအချိန်မှာ သူ ၆၈ နှစ် ရှိသွားပါပြီ။ နောက်ဆုံးပေါ် ရုပ်ရှင်က ပိုညို … ပါတဲ့။ နောင်များမှာလည်း အယ်နမီဆရာကြီးရဲ့ ဇာတ်ကားပေါင်းများစွာ ဆက်လက်ရှုစားခွင့်ရဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ ။
(ပွင့်ဖြူနန္ဒာ။ အသက် ၁၂ နှစ်။ ၇ တန်း။ မိုးမခအဆိုင်းမင့်အတွက် မီယာဇာကီအကြောင်း အင်္ဂလိပ်လို ရေးပေးလို့ မြန်မာဘာသာပြန်ပြီး တင်ဆက်လိုက်တာ ဖြစ်ပါတယ်)