Breaking News

မင်းကိုနိုင် - ဝါးဋီကာ

Art - Min Ko Naing


မင်းကိုနိုင် - ဝါးဋီကာ

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၀
.
"ဘ၀ဆိုတဲ့ ပင်လယ်ကို မကူးခင် အခြေခံပညာဆိုတဲ့ ချောင်းရိုးလေးကို အရင်ကူးဖို့ ဆရာဟာ မင်းတို့အတွက် ဝါးတံတားလေးပါ"
.
တခါက ကျောင်းဆရာလေးတစ်ယောက် စာမေးပွဲကြီးဖြေဖို့ နှုတ်ဆက်ချိန် သင်ပုန်းကြီးပေါ်ရေးပေးခဲ့သည့် အမှတ်တရဖြစ်ပါသည်။ ထိုဆရာက သူ့မူပိုင်စကားလား၊ တစ်စုံတစ်ယောက်၏ စာကို ပြန်ကိုးကားသည်လား သေချာမပြောပြခဲ့၍ မူရင်းကို မဖော်ပြနိုင်တော့ပါ။ ထိုခိုင်းနှိုင်းချက်ကိုမေ့မရသည့်အတွက် ဘ၀တွင် တိုက်ဆိုင် လာတိုင်းဝါးတံတားနှင့်တူသူတွေအကြောင်း တွေးမိမြဲ။ ထိုအတွေးကပင် လူတွေဟာ ဘယ်လို ဝါးတွေနှင့်တူပါလိမ့်ဟု ကျွန်တော် အကဲဖြတ်နေမိပါသည်။
အနင်းခံဘ၀နှင့် အသုံးတော်ခံသွားကြရာမှာ ဝါးတံတားမျှ မဟုတ်။ ဝါးဖောင်၊ဝါးငြမ်း တို့သည်လည်း ကိစ္စတခု လိုရာရောက်အောင် ပို့ဆောင်ပေးရာမှာ အရေးပါခဲ့ကြသလောက် ကိစ္စပြီးမြောက်သော် လူတွေက သဘာ၀ကျ ကျ ဘေးဖယ်ထားကြမြဲသို့မဟုတ် အလားတူ နောက်ထပ် ကိစ္စတွေ အတွက် နင်းကြ သုံးကြ ရမြဲ။ ထို အနင်းခံ အဖြည့်ခံများကလည်း နာလှချေရဲ့ဟု မညည်းညူကြပါ။ အချို့အနင်းခံ၊ အဖြည့်ခံ ဝါးတံတား၊ဖောင်၊ ငြမ်းများက ဤသို့ပင် နှလုံးပိုက်လိုက်ကြသေးသည်။
.
“ကျုပ်တို့က ဖြေသာပါတယ်၊ တစ်ပွဲပြီးတစ်ပွဲ အသုံးတော် ခံရပေမယ့် ကိစ္စများစွာ ပြီးမြောက်တာကိုး၊ မျှစ်ဘ၀မှာ ချိုးစာခံလိုက်ရတဲ့ ညီနောင်များရဲ့ အဖြစ်ထက်စာရင် ကြိမ်ဖန်များစွာ ကောင်းကျိုးရှာနိုင်ခဲ့တာကိုး”
ထိုအခါ ကျွန်တော်တို့ ၀န်းကျင်တွင် မျှစ်ဘ၀မှာပင် ချိုးဖဲ့ အစားခံလိုက်ရသည့် အနာဂါတ်တန်ဖိုး များစွာကို သတိပြုလာမိပါသည်။
၀ါးတစ်ပင်ဘ၀ မျှစ်က စသည်ကို လူတိုင်းသိသည်။ မျှစ်လို ချိုးစားမခံခဲ့ရလျှင် သူတို့ ဘာတွေဆက်ဖြစ်နိုင်ပါ လိမ့်။

စာအုပ်တစ်အုပ် ကျွန်တော်တို့ ဖတ်နေသည် ဆိုပါတော့။ နှလုံးသား တည်ငြိမ် သိမ်မွေ့မှုအတွက် ရသပဲဖြစ်စေ၊ သိမှုအတွက် သုတဖြစ်စေ၊ ကိုယ်စီဘ၀ လမ်းရွေးချယ်ပဲ့ကိုင်ဖို့ ဒဿနအတွေးအခေါ်ပဲဖြစ်စေ စာအုပ်ကိုယ်စီ စာမျက်နှာကိုယ်စီမှာ စီတန်း ဖော်ပြကြပါလိမ့်မည်။ ထိုစာမျက်နှာ စာရွက် စက္ကူများမှာ ဝါးပျော့ ဖတ်မှ ဖြစ်လာသည်ကိုသတိမူမိပါလိမ့်မည်။

ကျွန်တော်တို့ တစ်သက်တာ ဖတ်ခဲ့ရေးခဲ့ကြသော စာများအတွက် ရှေ့ကအမှားကိုနောက်လူတွေမလိုက်မိဖို့က အစ စာမျက်နှာများက သင်ပေးခဲ့ကြပါသည်။

စက္ကူဖြစ်ရန် “ပျော့ဖတ်ဝါး”များလို ဖြစ်တည်ပေးကြသည့် လူသားဘဝတွေကို ကျွန်တော် ဆင်ခြင်မိပြန်ပါသည်။
.
ဝါးကဖြစ်လာသည့် စက္ကူချင်းပင် တန်ဖိုးက မတူ။

တံဆိပ်ခေါင်းလို ကြာလေ အဖိုးတန်လေ ဘ၀များဖြစ်သူဖြစ်၊ လက်ထပ်စာချုပ်၊ နားလည်မှု စာချွန်လွှာတို့လို ခန့်ခန့့်ကြီး နေနိုင် သူက နေနိုင်။

ထီလက်မှတ်လို ဘ၀ကကော၊ လူတွေကို အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ကူးယဉ် ပျော်ရွှင်ခွင့် ပေးထားနိုင်သည်။ ပြီးတော့မှ မဟုတ်ကာမှလွဲရော ဆိုကာရယ်မောလိုက်လို့ရသေး။

အောင်စာရင်းစာရွက်လိုကတော့ ရင်ခုန် စရာအကောင်းဆုံး၊ အဆုံးအဖြတ်များနှင့် တရားသူကြီး ဖတ်ပြသည့် စီရင်ချက်များ။

ဝါးပင် ဘ၀ချင်းတူပါလျက်အသုံးတော်ခံဖြစ်စဉ် နေရာ ကာလအလျောက် တန်ဖိုးများ အဓိပ္ပါယ်များ ခြားနားကုန်တာကို တစ်ခါက ပင်ဝါးရုံများ၏ မျှစ်စို့ မျှစ်ပေါက် ညီနောင်အချင်းချင်း စကားပြောခန်းကို ကျွန်တော် နားဆင်နေ မိပါသည်။
ငါတို့က အမြတ်ဆုံးထဲမှာ ပါတယ်ကွ။ လူတိုင်း သည်းခြေကြိုက်ငွေစက္ကူဖြစ်ခွင့်ရတယ်ဟု မော်ကြွားသည့် ဝါးကလည်မော်ကြွားပါလိမ့်မည်

ငွေစက္ကူချင်း တူတာတောင် ဇင်ဘာဘွေ ဒေါ်လာနှင့်ဗြိတိသျှ စတာလင်ပေါင် ငွေစက္ကူကလည်း တန်ဖိုးချင်း ကွာလှကြောင်း ငြင်းခုံခြေဖျားထောက်နိုင်ကြပါသေးသည်။

“အဖေတို့ ဖက်ဆစ်ကို တော်လှန်ကြတုန်းက ဘာသေနတ်မှ ရတာမဟုတ်ဘူးကွ၊ စောင့်ဖို့လည်း အချိန်မရတော့ ဝါးချွန်နဲ့ပဲ တော်လှန်ခဲ့ရတာ”

ဟော တိုက်တိုက်ဆိုင်ဆိုင်၊ အဖေတို့စကားဝိုင်းမှာ ကျွန်တော် စဉ်းစားနေသည့် ဝါးတွေက ပါနေပြန်ပါပေါ့လား။

နိုင်ငံတစ်ခု နယ်မြေတစ်ခု၏ သမိုင်းတွင် လွတ်မြောက်ရေး တော်လှန်ရေးတွေမှာလည်း ရရာလက်နက်အဖြစ် အနှီ ဝါးတွေ ပါနေပြန်ပါပေါ့လား။
တင်းဝါး၊ကြသောင်းဝါး၊မျှင်ဝါး၊ဝါးပိုး၊ဝါးနက်၊ဝါးယား....
ကျွန်တော် မသိသေးတာတွေ ကျန်ဦးမည်။ ဝါးမျိုးစုံ၏ လူ့လောကထဲ အသုံးတော်ခံ ပုံစံတွေကိုကြည့်ရင်း လူတွေဟာ ဝါးနဲ့တူရင် ဘယ်လိုဝါးမျိုး ဖြစ်မလဲဟု ရေရွတ်မိ ပါသည်။

နေပူပူမှာ အိမ်တော်ရာထီး၊ ပုသိမ်ထီး တို့ဖြင့် အေးမြတင့်တယ်ခဲ့ဖူးကြပါလိမ့်မည်။
လူ့သမိုင်းတွင် ထီးအစမှာ ဝါးကပင်ဖြစ်ပါလိမ့်မည်။ စတီးကိုင်း၊သံကိုင်း၊ ပလတ်စတစ်ကိုင်း စသည်တို့က နောက်မှ ပေါ်လာတာဖြစ်သည်။ ဝါးဖြင့် လုပ်ထားသည့် ထီးကိုင်း၊ထီးခရိုင်တိုဖြင့် တန်ဆာဆင်အပ်သော ထီးမျိုးစုံအောက် လူသားတွေ နေဒဏ် မိုးဒဏ် အကာအကွယ်ရခဲ့ဖူးပြီ၊ ရွာစည်းရိုး ကင်းစခန်းတွေမှာ ရှေ့ဆုံးက ရင်ဆိုင်ရန် အသင့်ရှိသည့် ဝါးချွန်များ၊ ကင်းတဲများ၊ အဲသလိုလူတွေ။
နွေဦးမှာ ထနောင်းရိပ်၊ မန်ကျည်းရိပ်အောက် အေးအေးလူလူ ထိုင်နိုင်သည့်ပက်လက် ကုလားထိုင်လေးတွေ။

ကြယ်စုံညတွေမှာ စံပယ်ငုံအလှနှင့်အတူပုံပြောပြခဲ့သည့် အဘွားအိမ်ရှေ့က ကွပ်ပျစ်ကလေး။ ဝါးတွေနှင့်ပင်ဖြစ်ခဲ့သည်မို့ ထိုဝါးပင်နှင့်တူသည့် လူတွေကလည်း သူတို့ဘ၀အဓိပ္ပါယ် သူတို့ ဖွင့်ဆို ဂုဏ်ကလေးခံကာ ကျေနပ်ကြပါလိမ့်မည်။

လူတွေ အခြေခံအကျဆုံးက စား၀တ်နေရေးဆိုသည့် အလျောက်၊ ဂူထဲမှ ထွက်ခါ ထွန်ယက် စိုက်ပျိုးတတ် အမဲ လိုက်ရာမှ မွေးမြူတတ်လာသည်။ ယဉ်ကျေးမှု ထွန်းကားစခေတ်တွင် နေရေးအတွက် သစ်ရွက်သစ်ခက်များ ထိုးကာ နေလာရာမှ ဝါးကို ခွဲတတ်ခြမ်းတတ် နှီးဖျာတတ်လာရာကအစ ချစ်စရာ အိမ်ကလေးများ၊ မိသားစုဘ၀ ကိုယ်စီကို တန်ဖိုးရှိစေသည့် တဲကလေးများမှလည်း ဝါးဖြင့်ပင် ဆောက်ခဲ့ရသည် မဟုတ်ပါလား။

ဝါးအိမ်ကလေး နဲ့ အတူနေစဉ်က မိသားစုချင်းသစ္စာရှိရှိ၊ရုန်းကန်ခဲ့၊ရင်ဆိုင်ခဲ့ ဘာမဆို အတူမျှယူခဲ့သော သာဓကတွေကလည်း ဝါးကပေးသည့် ဘ၀အဓိပ္ပါယ် တချို့မဟုတ် ပါလား။ ကိုယ်ဟာ မင်းတို့ မိသားစုကို ပျဉ်ထောင်အိမ်၊ အုတ်ခံအိမ် တွေနဲ့ မထားနိုင်ခဲ့ပေမယ့် ကိုယ့်ရဲ့ဖြူစင်တဲ့ ၀င်ငွေနဲ့ဆောက်ခဲ့တဲ့ ဝါးအိမ်လေးဟာ ရဲတိုက်ကြီးလို လုံခြုံမှုမျိုး ပေးနိုင်ခဲ့ပါတယ်ဟူသည့် စကားမျိုး ရင်ထဲမှာဖြစ်ဖြစ် အနည်းဆုံးပြောကြတာ နားထောင်တတ်လျှင်ကြားဖူးပါ လိမ့်မည်

ကိုယ်တိုင်ကိုယ်က စျေးမကြီးလှသော်လည်း စွမ်းသမျှ ရိုးသားလှပခဲ့သည့် ဝါးအိမ်လေးလို လူသား များ
ဝါးခမောက်လေးလို လူသားများ
ဝါးဖျာလို ဝါးခေါင်းအုံးလိုလူများ
ဝါးကျည်တောက်လို ချွေးနှဲစာတွေစုပြီး တရွေ့ရွေ့ လှမ်းခဲ့ရသော ဘ၀များ လူများ။
ကြေး၊ကြိုး၊သားရေ၊လေ၊လက်ခုပ်တဲ့။ ကျွန်တော်တို့ ရိုးရာတူရိယာငါးမျိုးမှာပင် ဝါးနှင့်လုပ်သည့် တူရိယာငါးမျိုး မှာပင် ဝါးနှင့်လုပ်သည့် တူရိယာက နှစ်မျိုးပါလိုက်သေး။ ငါးအချိုး နှစ် ဆိုတာ တစ်ရာမှာလေးဆယ်ရာနှုန်း။

နန်းတော်ထဲက ငွေနှဲကြီးက မဟာဂီတဖန်တီးပြသလို၊နွားကျောင်းသား၏ ဝါးပလွေကလည်း နေညိုညိုမှာ လေချိုသွေးလျှင် ရင်ထဲတနင့်ကြီး လွမ်းသွားအောင် စွမ်းပါသေးသည်။

နန်းတော်ရှေ့ဆရာတင်၏ တောဓလေ့ တောရနံ့သင်းသော တေးများကို ခံစားလိုက်ပါ။ ပလွေဖြင့် သံစဉ်ရှာခဲ့သည့် တေးတွေဟု သိမှတ်ဖူးပါသည်။ ဘ၀မှာ အသပြာများ ကုဋေမကြွယ်ပေမယ့် ဝါးပုလွေငယ်လို သံချိုသာခဲ့ပါရဲ့ဟု နှစ်သိမ့်ကြည်နူးရသည့် ဘ၀ တွေလည်း ရှိကြပါသည်။

ဟော ….. လက်ခုပ်၊ ဝါးလက်ခုပ်တဲ့၊ ဘယ် ဂီတ ဖန်တီး ဖန်တီး၊ ၊အခြေခံက စည်းနဲ့ဝါး၊ စည်းက ကြေးတူရိယာ၊ ဝါးဆိုမှတော့ ဝါးပဲပေါ့။ ကိုင်း ၊ ဝါးက ဘယ်လောက် အခြေခံကျလိုက်သလဲ။ ပျော်စရာ အောင်ပွဲတွေက ဒိုးပတ် ဝိုင်းမှာ ဝါးလက်ခုပ်မြိုင်မြိုင်နဲ့ ပျော်နိုင်ဖို့။

ဝါးလက်ခုပ်လို လူသားတွေကလည်း ရှိသေးသကိုး။

ကျွန်တော် တွေးနေစဉ်မှာပင် ခင်မောင်ရင်၏ “တောသားကြီး” သီချင်းက ပလွေတို လေချိုဖြင့်ထွက်လာသည်။ ဒီသီချင်းက ပတ္တလားနှင့်မှ လိုက်သည်ဟု တညီတညွတ်တည်း ဆိုကြ၏။ ပတ္တလားတောင်မှ သံပတ္တလား၊ ကြေးပတ္တလားနှင့်မလိုက်။ တောဖွဲ့တေးမို့ တောသဘာ၀ကျကျ ဝါးပတ္တလားနှင့်မှ အလိုက်ဆုံးတဲ့။

ကျွန်တော့်မျက်လုံးတွေ အဖေ့အိမ်ခန်းက ဝါးပတ္တလားဆီ ရောက်သွားသည်။ လားလား ၊ ဝါးဘ၀ထဲမှာ အတော့် ကို စာဖွဲ့ရမည့် ပြာလဲ့မှာ ဇာချဲ့ရမည့် ဝါးပါလား။ ဝါးပိုးဝါးကို အဆစ်နှစ်ဖက်ပါအောင်အကျအနရွေး၊ အထူဗြက်တွေကို အတိုင်းအဆမလွဲချော်အောင် ခုတ်။ ဝဲဘက်ကဗြက်ကျယ်ကျယ် ထုထည်ပါးပါး။ ယာဘက်ရောက်လေလေ ဗြက်ကျဉ်းကျဉ်း ထုထည်ထူထူ။ အတော်ကို ပညာပါရသည့် အလုပ်။ အသံလွှဲကျယ်စနစ်မှန်ဖို့၊ ဝါးလုံးတွေကို ခြမ်းကာပေါင်းစပ်၊ အစိုဓါတ် ပျောက်အောင် ကာလရှည် ပေါင်းခံ၊ ကျပ်ခိုးတိုက်လည်းခံ။ ပြီးတော့ ကျပ်ခိုးဝြပီဆိုမှ ဘယ်ညာကြီးငယ်စဉ်လိုက် ကြိုးနှင့် တွဲနှောင်၊ တံတားလိုခင်း၊ ပြီးတော့ လက်ခတ်နှင့် စိတ်တိုင်းကျ နှက်ပေရော့။

ဝါးနှင့် တူတဲ့ ဘ၀ ဘယ်ဝါးဘ၀ အားကျသလဲ ဆိုသည့်အတွေး၊ ဝါးပတ္တလားကို ကြည့်ရင်း ကျွန်တော့် မေးခွန်း တွေ ဆွံ့အသွားပါသည်။
မျှစ်ဘ၀မှာ ချိုးအစားမခံရအောင် နေခဲ့ရ ၊ အရွယ်ရောက်မှ ခုတ်ထစ် ပုံဖော်၊ ဂီတဝိုင်းထဲ၀င်ဖို့ ကျပ်တိုက် ကြိုး နှောင်၊ ထိုညီနောင်များ။ ဝါးခြမ်း ၂၄ ခုက ဂီတတွေမြည်ပြနေကြပါရော့လား။ ကြိုးနှင့် စုချည်၊ လက်ခတ်နှင့် တဒိန်းဒိန်း နှက်တာကိုပဲ အံမလေး၊ အဘလေး၊ အော် ညည်း ကြသလား။ ကြည်မြတဲ့ ဂီတဆိုတာ ပြနေကြသလား။
.
လူဟာ ဝါးနှင့်တူလျှင် ကျွန်တော်တို့ ကိုယ်စီ ဘဝတွေ ဘယ်လို ဝါးတွေနှင့် တူပါလိမ့်။
.
မင်းကိုနိုင်
(ထုတ်ဝေရန် စီစဥ်ဆဲ essay ပေါင်းချုပ်စာအုပ်မှာ ပါဝင်မယ့် အက်ဆေးပါ။ ထပ်မံ မိတ်ဆက်ပါတယ်။)