Breaking News

ကိုသန်းလွင် - လက်ဘနွန် အစိုးရ အသစ်နှင့်အဟောင်း



ကိုသန်းလွင် - လက်ဘနွန် အစိုးရ အသစ်နှင့်အဟောင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လက်ဘနွန်ခေါင်းဆောင်များကအစိုးရအသစ်ဖွဲ့စည်းရန်သဘောတူလိုက် ကြပါသည်။

ဤအစိုးရသစ်ကို ပြည်သူတို့စောင့်နေရသည်မှာကြာလှပြီဖြစ်ပါသည်။ ယခင်အစိုးရအဟောင်းဖြစ်သော ဝန်ကြီးချုပ်ဟာရီရီ (Saad Hariri) ဆူနီမွတ်စလင်ခေါင်းဆောင်က ရာထူးမှယမန်နှစ်အောက်တိုဘာလတွင် နုတ် ထွက်ပေးခဲ့ ပါသည်။ ဤသည်မှာ တိုင်းပြည်တွင်ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပါတ်အကြာမှာ ဖြစ်ပါသည်။ ဆူပူဆန္ဒပြနေသည်မှာ ၁၉၉၀ခုနှစ် ၁၅နှစ်ကြာ ပြည်တွင်းစစ်အပြီးတွင် အာဏာရရှိခဲ့သော အမျိုး အဆင့်ခွဲခြားသည့် (Sectarian elite) အစိုးရကိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ပြည်သူများကတိုင်းပြည်ကို အုပ်ချုပ်ရန် ကက်ဘိနက် အသစ်ကိုစောင့်စားနေခဲ့ ကြသည်။

ဤသည်မှာအပြောင်းအလဲလုပ်ရန် နှေးကွေးနေသော၊ အချိန်ဆွဲနေသော လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေး သမားများ၏ နောက်ဆုံးတွင် တိုင်းပြည်ကို အလျော့ပေးရခြင်းဖြစ်ပါသည်။ အနောက်နိုင်ငံများနှင့် ရင်းနှီးပြီးဖြစ် သော မစ္စတာဟာရီရီမှာ (Future Movement) ခေါ်လှုပ်ရှားမှုဖြင့်နာမည်ရပြီဖြစ်သော်လည်းအစိုးရ အသစ်တွင် ပါဝင်ခြင်းမရှိတော့ပါ။ သူမပါတော့သော်လည်း အစိုးရအသစ်သည် အစိုးရအဟောင်းနှင့် ခွဲခြားရန် ခက်ခဲနေပါ သေးသည်။ အချို့အဖွဲ့ဝင်များမှာ ဟစ်စဘူလာ(Hezbollah) အဖွဲ့နှင့် ရင်းနှီးမှုရှိပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ဆန္ဒပြပွဲများ ရပ်တန့်မသွားသည်မှာ မထူးဆန်းလှပါ။

အစိုးရအသစ်မှာ စီးပွားရေးနှင့် နိုင်ငံရေး အဆောက်အဦးများ ပြိုလဲသွားစေနိုင်သော အခက်အခဲများစွာ နှင့်ရင်ဆိုင်နေရပါသည်။ ပြည်ပအကြွေးမှာ ၈၆ဘီလီယံရှိပြီး ဂျီဒီပီ ၏ ၁၅၀ ရာခိုင်နှုန်းရှိပါသည်။ အစိုးရအနေဖြင့် လူတို့၏အခြေခံလိုအပ်ချက်ဖြစ်သောလျှပ်စစ်ပါဝါ နှင့်ရေပေးဝေရေးအပြင် အမှိုက်ကို သိမ်းကောက်ရန်ပင်မစွမ်း ဆောင်နိုင်သေးပါ။

နိုင်ငံခြားသုံးငွေမှာမရှိသလောက်ဖြစ်နေပြီးလက်ဘနွန်နိုင်ငံ၏ ၁၉၉၇ ခုနှစ်ကတည်းက ဒေါ်လာကို အခြေခံ၍ထားခဲ့သော ငွေကြေးမှာ ငွေဖေါင်းပွမှုကြောင့် ၆၀ရာခိုင်နှုန်းမျှ တန်ဖိုးဆုံးရှုံးနေပါသည်။

၄င်း၏ စီးပွားရေးဝန်ကြီးက ကတ်ဘိနက်ဝန်ကြီး၏အလုပ်အဖြစ် ပထမဆုံး ဒေါ်လာ ၄ - ၅ ဘီလီယမ်မျှ ချေးငှါးရန် ပြင်ဆင်နေပါသည်။ ၄င်းသည် တိုင်းပြည်တွင်မရှိမဖြစ်လိုအပ်နေသော လောင်စာ ဆီနှင့်ဆေးဝါးများ တင်သွင်းရေးအတွက်ဖြစ်ပါသည်။ ယခုအချိန်အထိကတော့ နိုင်ငံကို အမြဲတစေအကူအညီပေးနေသော ဆော်ဒီ အာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဥရောပနိုင်ငံများနှင့် ကာတာနိုင်ငံများက ငွေချေးငှါးအောင်မစွမ်း ဆောင်နိုင်သေးပါ။ ထိုနိုင်ငံ များက လက်ဘနွန်နိုင်ငံတွင် ချေးငွေအသစ်ရရှိရန်၊ ခြစားမှုတိုက်ဖျက်ရေး၊ ဝန်ထမ်းများ၏လခစနစ်ပြုပြင်ရေး၊ အကောက်ခွန်ပြုပြင်ရေးစသော လုပ်ငန်းများကိုမြင်လိုကြသည်။

အသက် ၆၀ ရှိပြီဖြစ်သော ဝန်ကြီးချုပ်သစ် ဟာဆန်ဒီရာ (Hassan Diab) မှာယခင်ပညာရေး ဝန်ကြီး လုပ်ခဲ့ပြီး ကွန်ပြူတာ အင်ဂျင်နီယာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်သည်။ ၄င်းအနေဖြင့် လက်ဘနွန်၏ကြီးမား သော ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ယခုအချိန်အထိမူ တိုင်းပြည်၏အာဏာသည် ဆန္ဒပြ သူများ မတွေ့လို မမြင်လိုသော ခေါင်းဆောင်များ၏လက်ထဲမှာသာရှိနေပါသေးသည်။ ယခုလက်ဘနွန်နိုင်ငံအသစ် သည်လက်ဘနွန်အဟောင်းလိုဘဲဖြစ်နေပါသေးသည်။ လူဟောင်းများကသူတို့ရပ်တည်နိုင်ရေးအတွက်ပါတ်ဝန်း ကျင်အသစ်နှင့် လိုက်လျောညီထွေရှိအောင်ပြုပြင်နေကြပါသည်။

လက်ဘနွန်နိုင်ငံ၏ စီးပွားရေးမှာ အခြေခံမှစ၍ (Structural Change) ပြောင်းလဲပြစ်ရန်လိုအပ်နေပါ သည်။ အစိုးရသစ်ကကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရန်လည်း လိုအပ်ပါသည်။ အခြားစကားနှင့် ပြောရလျှင် အာဏာကို လက်မလွှတ်လိုသေးသော သူများလက်ထဲမှ အာဏာကို အရယူရန်လိုအပ်ပါသည်။

ဆန္ဒပြသူများက အစိုးရအောက်မှ လူအားလုံး၊ လူအားလုံးဆိုသည်မှာ အကုန်လုံးကို ပြောင်းလဲပြစ်ရန် လိုသည် ဟု ယူဆကြပါသည်။ ပြည်တွင်းစစ်ပြီးကတည်းက အာဏာယူထားကြသူအားလုံးကို ဆိုလိုပါသည်။ သူတို့အာဏာကို လက်ရှိစိုးပိုင်သူတို့က စွန့်လွှတ်ရန် အရိပ်အရောင်မျှပင်မပြကြသေးပါ။ သူတို့က ခွဲခြားအုပ်ချုပ် တတ်သော လူတို့၏ ညဉ်အတိုင်း လူများကို စည်းရုံးပြီး ပြုပြင်ရေးလုပ်ငန်းများ၏ ချန်ပီယံများဖြစ်လိုကြပါသည်။ သူတို့လုပ်ငန်းမအောင်မြင်ရခြင်းမှာ ခြစားနေသောစနစ်ကြီးက ဟန့်တားနေ၍ ဖြစ်သည်ဟု အပြစ်ဖို့လိုကြသည်။

ထိုလူများထဲတွင် အရေးကြီးသော လူပုဂ္ဂိုလ်နှစ်ဦးပါဝင်ပါသည်။ သူတို့မှာ ဟစ်စဘိုလာနှင့် ရင်းနှီးသူ သမ္မတမိုက်ကယ်အေယွန် (Michael Auon) ခရစ္စယာန်ဘာသာဝင်ဖြစ်ပြီး သူနှင့်အတူ ဘယ်ရီ (Nabih Berri) ရှီယားမွတ်စလင်ခေါင်းဆောင် လွှတ်တော်ဥက္ကဌ တို့ဖြစ်ကြပါသည်။ သူတို့သည် ပြည်တွင်းစစ်ကာလက အရေး ကြီးသောနေရာများတွင်ပါဝင်ခဲ့ကြပါသည်။ အေရွန်သည် လက်ဘနွန်စစ်တပ်၏ တပ်ချုပ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး မစ္စတာဘယ်ရီက ရှီဟာစစ်တပ်စစ်အုပ်စု၏ ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ တပ်ချုပ်အေရွန်မှာ ပြင်သစ် ပြည်တွင်း စစ် ပြီးချိန်၌ ခိုလှုံနေခဲ့ကြပြီး ၂၀ဝ၅ခုနှစ်တွင် လက်ဘနွန်သို့ ပြန်ရောက်လာခဲ့သည်။ သူမျှော်လင့်ခဲ့သည့်အတိုင်း သမ္မတရာထူးကို ၂၀ဝ၆ ခုနှစ်တွင်ရရှိခဲ့ပါသည်။ ဤကဲ့သို့ရခဲ့ခြင်းမှာ ဟစ်စဘိုလာ တို့ကထောက်ခံသောကြောင့် ဖြစ်ပါသည်။

သူတို့သည် အာဏာကိုအလွယ်တကူဖြင့် စွန့်ပစ်မည့်လူများမဟုတ်ကြပါ။ သမ္မတရာထူးကို မယူမှီ ကလေးတွင်သူ၏အမတ်အများဆုံးရသည့် အုပ်စု ( Free Patroitic Movement) ကိုသားမက်ဖြစ်သူ ဘာဆဲလ် (Gebran Bassil) ကိုလွှဲပေးခဲ့ပါသည်။ သူတို့နှင့်အတူ ဟစ်စဘိုလာခေါင်းဆောင် နာစရာလား (Hassen Nasrallah) တို့သည် အစိုးရသစ်တွင် အရေးပါသူတို့ဖြစ်ကြပါသည်။

ဒီဇင်ဘာလကုန်ပိုင်းလောက်ကသတိပေးခဲ့ပြီး ဇန်နဝါရီလ ၁၄ရက်နေ့တွင်အစိုးရက အစိုးရသစ် ပြောင်းလဲရန် လုံးပမ်းနေခိုက်တွင် ဆန္ဒပြသူများက ဘေရွတ်မြို့ရှိ လမ်းများကို ပိတ်ဆို့ပြီး “Week Of Rage” ဖြစ်စေရမည်ဟု ကြွေးကြော်ခဲ့ကြပါသည်။

လူပေါင်းများစွာတို့က ဗဟိုဘဏ်ကို စီးနင်းပြီးနောက် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်တို့ ထိပ်တိုက်တွေ့ ဆုံ၍ ပြဿနာများစတင်ပါတော့သည်။ ဆန္ဒပြပွဲ၏ အသွင်မှာလည်း တစ်မျိုးပြောင်းလဲသွားသည်။ တိုင်းပြည်၏ ဘဏ်များသည် ခြစားခြင်းကိုစတင်ဖြစ်ပွားအောင်လှုံဆော်ပေးသည့် နေရာများဖြစ်သည်ဟု ဆိုကာပြည်သူတို့က ဘဏ်များကို စီးနင်းကြသည်။

ဇန်နဝါရီ ၁၈၊ ၁၉ ရုံးပိတ်ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို မီးသတ်ပိုက်ဖြင့် ပက်ခြင်း၊ ရာဘာကျည်ဆံဖြင့်ပစ်ခြင်း၊ မျက်ရည်ယိုပုံးများဖြင့် ပြစ်ခတ်ခြင်းဖြင့် ဖြိုခွင်းခဲ့ရာတွင် ဘေရွတ်မြို့လည်ခေါင်တွင် လူပေါင်းများစွာတို့ကို ဒဏ်ရာအနာတရဖြစ်စေခဲ့သည်။

လက်ရှိ လက်ဘနွန်လွှတ်တော်သည် ၂၀၂၂အထိ သက်တမ်းရှိသည်။ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပကာ အစိုးရအသစ်ပေါ်ထွက်လာရေးကို လုံးပမ်းလိုကြသည်။ သို့သော် ဟစ်စဘိုလာနှင့် လက်ရှိပါတီအများအပြားကမနှစ်သက်ကြချေ။

လက်ဘနွန်ခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲကို သူတို့အလိုကျအသုံးချနိုင်ကြပါသည်။ ၂၀၁ဂ ရွေးကောက်ပွဲတွင် “နိုင်သူက အကုန်ယူစတမ်း” ဆိုသည့်အတိုင်း လွတ်လပ်သော လူမှုအဖွဲ့အစည်း များကို မဲယှဉ်ပြိုင်ခွင့် ပေးခဲ့သည့်တိုင်လူဦးရေ ၆ ဒဿမ ဝဂ သန်း တွင်မဲပေးသူက ၅၀ ရာခိုင်နှုန်းမျှပင် မပြည့်ဘဲ ဟစ်စတိုလာနှင့်သူ့မိတ်ဆွေပါတီများကအမတ်နေရာ ၁၂၈ နေရာတွင်အများဆုံးရခဲ့ကြပါသည်။ သို့သော်လည်း မဲအပြတ်အသတ်အနိုင်ရခဲ့သည်တော့ မဟုတ်ပါ။

ဆန္ဒပြသူများတွင်ခေါင်းဆောင်မရှိပါ။ သူတို့အနေဖြင့် သီးသန့်ပါတီထူထောင်ရန်လည်း မရှိပါ။ ၁၉၄၃ ခု ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရသည့် အချိန်ကတည်းက တိုင်းပြည်၏မူဝါဒ လိုဖြစ်နေခဲ့သည်မှာ သမ္မတသည် (Maronite) ဖြစ်ရမည်။ ဆိုလိုသည်မှာ ဆီးရီးယားအခြေခံသော ကက်သလစ် ခရစ်ယာန်ဖြစ်ရမည်။ ဝန်ကြီးချုပ် သည် ဆူနီမွတ်စလင်ဖြစ်ရမည်။ လွတ်တော်ဥက္ကဌသည် ရှီဟာမွတ်စလင်ဖြစ်ရမည်ဟူ၍ သတ်မှတ်ထားသည်။ တိုင်းပြည်သည် ကိုးကွယ်သည့် ဘာသာရပ်များအတိုင်း အုပ်စုကွဲနေပြီး ခရစ်ယာန်၊ မွတ်စလင်စသည်ဖြင့် အသင်းအဖွဲ့ ၁၈မျိုးရှိသည်။

လွတ်လပ်ရေးရပြီးကတည်းက အပိုင်းပိုင်းကွဲနေသော လူမျိုးစုများသည် အစုလိုက်၊ အစုလိုက် မိမိတို့ အာဏာပြန့်ပွားရေးကို ရှေးရူ၍အလုပ်လုပ်နေကြသည်။ အောက်ခြေမှအငယ်ဆုံးအလုပ်ကိုပင် ဘာသာအယူဝါဒ (Sect) အလိုက်ခွဲပေးရသည်။ ပြုပြင်ရေးလုပ်သူသည်ဤကွဲပြားမှုကိုတိုက်ဖျက်ရမည်။ တရားစီရင်ရေးကို လွတ် လပ်စွာ စီရင်နိုင်စေရမည်။ အင်အားတောင့်တင်းသော အစိုးရဖြစ်စေရမည်။ ပြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်။

တကဲ့ပြောင်းလဲရေးကို မလုပ်နိုင်သမျှလက်ဘနွန်သည် ရှုတ်ထွေးမှုကုန်ပြီး စီးပွားရေး နှင့် နိုင်ငံရေးဆိုင် ရာ ပြိုကွဲဆုံးရှုံးမှုများနှင့် ကြုံရနိုင်ပါသည်။

ကိုသန်းလွင်

Ref: The New Lebanon is The Old Lebanon, Mohamad Bazzi. New YorkTimes 30, January 2020