Breaking News

FactCheck | နာမည်ကြီး သတင်းဌာန အယောင်ဆောင် Facebook Page အတုများ

FactCheck | နာမည်ကြီး သတင်းဌာန အယောင်ဆောင် Facebook Page အတုများ

အဆိုပါ Facebook page အတု ၂၀ ကျော်အနက် အများစုကို လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဖွဲ့က စီမံခန့်ခွဲနေခြင်းဖြစ်ကာ အချို့၏တည်နေရာမှာ ဗီယက်နမ်၊ ပါကစ္စတန်စသည့် ပြည်ပနိုင်ငံများမှဖြစ်သည်။

သော်ဇင်မျိုး Myanmar NOW

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀



ပြည်တွင်းပြည်ပအခြေစိုက် လူသိများထင်ရှားသည့် သတင်းဌာများ၏ နာမည်နှင့်အမှတ်တံဆိပ်ကို အသုံးပြုထားသည့် အယောင်ဆောင် Facebook Page အတု ၂၀ ထက်မနည်း ၂၀၁၉ နိုဝင်ဘာမှ စတင်ပြီး ထွက်ပေါ်လာသည်ကို Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ တွေ့ရသည်။

အဆိုပါ Page အတုများသည် မကြာသေးမီကမှ ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် Like လုပ်ထားသူ ထောင်ဂဏန်းဝန်းကျင်သာရှိသေးသည်။ 7Day ၊ Eleven၊ DVB၊ Mizzima၊ VOA နှင့် Khit Thit Media စသည့် သတင်းဌာနအစစ်များကဲ့သို့ အယောင်ဆောင်ထားကြပြီး အ‌‌‌ကြောင်းအရာတူများကို Page တစ်ခုနှင့်တစ်ခု အတူတူပင် တင်ထားကြသည်ကို တွေ့နေရသည်။

လတ်တလောတွင် အဆိုပါ သတင်းမှားများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခြင်းမရှိသေးသော်လည်း အယောင်ဆောင်၊ အတုများဖြစ်နေသည့်အတွက် မယုံကြည်ရသည့် Page များဖြစ်သည်။

ထို့ပြင် အဆိုပါ Page အတုများကို လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့တည်းက ဖန်တီး ပြုလုပ်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။

Like လုပ်ထားသူပေါင်း ၃၀,၀၀၀ ကျော်ရှိသည့် အယောင်ဆောင်ထားသည့် 7Day News’ Journal အတု Page ကို စီမံခန့်ခွဲနေသူ ၄ ဦး၏တည်နေရာမှာ ဗီယက်နမ်မှဖြစ်ကြောင်း Facebook Transparency (စာမျက်နှာ၏ ပွင့်လင်းမြင်သာမှု) တွင် တွေ့ရသည်။

အဆိုပါဗီယက်နမ် တည်နေရာဖြင့် ရှိနေသည့် အယောင်ဆောင် Page သည် သတင်းဌာနအစစ် 7Day News Journal ၏ ဝက်ဘ်ဆိုက်မှ သတင်းများကို လတ်တလော မျှဝေနေသည်ကို တွေ့ရသည်။ ထို့အပြင် အခြားသော တရားဝင်သတင်းဌာနများ၏ အမည်အသုံးပြုပြီးဖွင့်လှစ်ထားသည့် Page အတုများစွာလည်း ရှိနေသည်။ သို့သော် အဆိုပါ Page များတွင် မည့်သည့်အကြောင်းအရာမျှ တင်ထားခြင်းမရှိသေးပေ။

ထို့ပြင် Like လုပ်ထားသူပေါင်း ၆၀,၀၀၀ ကျော်ရှိသည့် အယောင်ဆောင်ထားသည့် 7Daynew Page ကို လေးဦးက စီမံခန့်ခွဲနေသည်ကို တွေ့ရပြီး ၎င်းတို့အားလုံး၏ တည်နေရာမှာ ပါကစ္စတန်မှဖြစ်သည်ကို Facebook Transparency (စာမျက်နှာ၏ ပွင့်လင်းမြင်သာမှု) တွင် တွေ့ရသည်။

၂၀၁၇ အောက်တိုဘာလအတွင်းက ပြုလုပ်ထားသည့် 7Day သတင်းဌာနအယောင်ဆောင်ထားသည့် Like လုပ်ထားသူပေါင်း တစ်သိန်းကျော်ရှိသည့် အခြား Facebook Page အတုတစ်ခုလည်း ရှိနေသေးသည်။ သို့သော် အဆိုပါ Page တွင် တင်ခဲ့သည့် အကြောင်းအရာအားလုံးကို ဖျက်ထားကြောင်း တွေ့ရသည်။

ကျွန်ုပ်တို့၏ အချက်အလက်စစ်ဆေးမှုအရ အဆိုပါအယောင်ဆောင် Page များကို Newton Myanmar ဆိုသည့် Facebook Page နှင့် ဗီအိုအေသတင်းဌာန Fans ဆိုသည့် Page များက ‘တစ်ဆင့်’ ပြန်လည် မျှဝေနေသည်ကို တွေ့ရသည်။

Newton Myanmar ဆိုသည့် Facebook Page သည် Internet News ဆိုသည့် ဝက်ဘ်ဆိုက်နှင့် Facebook Instant Articles ရရှိထားသည်။

Fireshot_capture_001.Jpg


ထို့ပြင် Like လုပ်ထားသူပေါင်း တစ်သန်းကျော်ရှိသည့် သတင်းဘုရင် ဆိုသည့် Page နှင့် Like လုပ်ထားသူပေါင်း ၇ သိန်းကျော်ရှိသည့် စာပေ-အရိပ် ဆိုသည့် Facebook Page များက ကလည်း အဆိုပါ Internet News ဝက်ဘ်ဆိုက်မှ အကြောင်းအရာများကို ‘ပုံမှန်’ မျှဝေနေကြသည်။

အဆိုပါ Internet News ဆိုသည့် ဝက်ဘ်ဆိုက်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်အကြောင်းအရာများကို ပြန်လည်ကူးယူဖော်ပြနေပြီး တရားဝင်သတင်းဌာနများမှ သတင်းများကိုလည်း ကူးယူအသုံးပြုနေသည်။ ထို့အပြင် အဆိုပါဝက်ဘ်ဆိုက် တွင် ကိုရိုနာဗိုင်းရပ်အကြောင်း သတင်းမှားတချို့ကိုလည်း ဖြန့်ဝေခဲ့ကြောင်းတွေ့ရသည်။

၂၀၁၅ ‌ရွေးကောက်ပွဲမကျင်းပခင်နှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်တို့တွင်လည်း ပြည်တွင်းပြည်ပအခြေစိုက် ယုံကြည်စိတ်ချရသည့် သတင်းဌာနကြီးများကဲ့သို့ အယောင်ဆောင်ထားကြသည့် Facebook Page များ ထွက်ပေါ်ခဲ့ဖူးသည်။ အဆိုပါ အယောင်ဆောင်Page အတုများသည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရပြီး လူသိများထင်ရှားသည့် သတင်းဌာနများ၏ နာမည်နှင့် အမှတ်တံဆိပ်များကို အသုံးပြုကာ အယောင်ဆောင်ခဲ့ကြပြီး သတင်းမှားအများအပြားကို ထုတ်လွှင့်ခဲ့ကြသည်။

အစပိုင်းတွင် သတင်းဌာနများ၏ Facebook စာမျက်နှာများမှ တင်သည့် သတင်းများအတိုင်းကူးယူကာ လူအများကို လှည့်ဖျားခဲ့ကြခြင်းဖြစ်ပြီး Like နှင့် Follower များပြားလာသည့်အခါ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကို ဦးတည်တိုက်ခိုက်သည့် သတင်းမှားများကို ရေးသားဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်တော့ အဆိုပါ အယောင်ဆောင် Page များသည် လှုပ်ရှားမှု မရှိတော့ပေ။

Fireshot_capture_002.Jpeg


7day news ဆိုသည့် page အတုတွင် တင်ထားသည့် မဟုတ်မမှန်သတင်းနှင့်ပုံများ

မြန်မာနိုင်ငံတွင် သတင်းတု၊ သတင်းအမှားများကို အမှန်ဟုယုံကြည်ကာ မျှဝေနေကြသည့် သာမန်လူမှုကွန်ရက် အသုံးပြုသူ အများအပြားရှိနေသည်။ အများစုသည် မိမိတို့လက်ခံရရှိထားသည့် သတင်းများနှင့်ပတ်သက်ပြီး သတင်းအကြောင်းအရာနှင့် သတင်းရင်းမြစ်များကို စစ်ဆေးမှုမပြုကြဘဲ မျှဝေနေကြခြင်းဖြစ်သည်။ Myanmar Now ၏အချက်အလက်စစ်ဆေးမှုများအရ လူမှုကွန်ရက်တွင်ထွက်ပေါ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှားများကို လူမှုကွန်ရက်အသုံးပြုသူ သိန်းနှင့်ချီ ပြန်လည်မျှဝေနေသည်ကို တွေ့ရသည်။

ယုံကြည်စိတ်ချရသည့် အစစ်အမှန် နာမည်ကြီး သတင်းဌာနအများစုမှာ အစစ်အမှန်ဖြစ်ကြောင်း Facebook တွင် အတည်ပြုထားသည့် verified badge အပြာရောင်အမှန်ခြစ် (Blue Mark) ကို ရရှိထားကြပြီး Like လုပ်ထားသူပေါင်း သိန်းချီရှိကြသည်။ Follower အများဆုံးဖြစ်သည့် 7Day သတင်းဌာန၏ Facbook Page ဖြစ်သည့် 7Day News Journal သည် Like လုပ်ထားသူပေါင်း၂၄ သန်းကျော်ရှိပေသည်။