Breaking News

ဒေါက်တာဇော်မျိုးထက်(ယူကေ) - “ဝူဟန်ဗိုင်းရပ်စ်ပိုး၊ ကျောက်ရောဂါ နှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်လား”


ဒေါက်တာဇော်မျိုးထက်(ယူကေ) - “ဝူဟန်ဗိုင်းရပ်စ်ပိုး၊ ကျောက်ရောဂါ နှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်လား”

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀

လတ်တလောမှာ တရုတ်ပြည် ဝူဟန်မြို့ကတဆင့် ပျံ့နှံ့လာခဲ့တဲ့ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် တကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဖြစ်နေပါတယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် စစ်ပွဲတွေထက် ရောဂါကပ်ဘေးတွေက လူ့သမိုင်းကိုပြောင်းခဲ့တာများပါတယ်။

“သမိုင်းဆိုတာ မအအောင် သင်ရတာ” ဆိုတဲ့ သမိုင်းပညာရှင်ပါမောက္ခဒေါက်တာသန်းထွန်းရဲ့ အဆိုအမိန့်ဟာ အင်မတန် တန်ဘိုးရှိလှပါတယ်။ လူမျိုးတမျိုးလုံး မအအောင် သမိုင်းကို အသေအချာ လေ့လာပြီး သမိုင်းက အမှားတွေ အားနည်းချက်တွေကို သင်ခန်းစာယူကြဖို့ အလွန်ပဲ အရေးကြီးပါတယ်။ လူသားမျိုးနွယ်တခုလုံးအတွက်လည်း ထို့အတူပါပဲ။

လွန်ခဲ့တဲ့ နှစ် ၅၀၀ ခန့်က စပိန်စစ်ဗိုလ်ကောတက်စ်ဟာ ကျူးဘားနိုင်ငံကနေ တောင်အမေရိကတိုက်ကို ကျူးကျော်ဖို့ ပြင်ဆင်ပါတယ်။ ၁၅၁၉ ခုနှစ်ဆိုတော့ ဘုရင့်နောင်နဲ့ တပင်ရွှေထီးတို့တောင် ၃ နှစ်သားလောက်ပဲ၊ နို့စို့ကောင်းနေသေးတဲ့အရွယ်ပဲ ရှိပါလိမ့်ဦးမယ်။ ကောတက်စ်ဟာ လူ၅၀၀ လောက်နဲ့ တောင်အမေရိကတိုက်ဘက်ကို ရွက်လွှင့်ခဲ့ပြီး ပင်လယ်ကမ်းခြေကို ဆိုက်ရောက်တာနဲ့ စီးလာခဲ့တဲ့သင်္ဘောတွေကို ဖျက်ပစ်ပါတယ်။ သူ့ရဲ့စစ်သည်တွေ နောက်ကြောင်းမပြန်ရအောင်လို့ နောင်ရိုးတိုက်ပွဲမှာလိုပဲလုပ်ခဲ့တဲ့ စစ်ရေးပရိယာယ်တခုပါ။ သူကတောင် နောင်ရိုးတိုက်ပွဲထက် အနှစ် ၂၀ နီးပါးလောက် စောပါတယ်။

အဲဒီအချိန်မှာ တောင်အမေရိကတိုက်က အက်ဇ်တက် အင်ပါယာ ထွန်းကားချိန်ဖြစ်ပါတယ်။ ဘုရင့်နောင်ရဲ့ တောင်ငူအင်ပါယာဟာ လူဦးရေ ၆သန်း ရှိချိန်တုန်းက အက်ဇ်တက်အင်ပါယာမှာ လူဦးရေ ၁၆ သန်းတောင် ရှိခဲ့ပါတယ်။ စစ်ပွဲတွေနိုင်လို့ အခွန်ဆက်သမှုတွေကြောင့် အက်ဇ်တက်တွေဟာ တက္ကစကိုကိုကန်ရဲ့အလယ်မှာ တီနိုချစ်လန်းမြို့တော်နဲ့ ထည်ထည်ဝါဝါ ရှိခဲ့ပါသတဲ့။ လူဦးရေ ၂သိန်းလောက်ရှိတဲ့ တီနိုချစ်လန်းနေပြည်တော်ကို လူ၅၀၀လောက်ပဲရှိတဲ့ ကောတက်စ်က ဘာလို့ ၂နှစ်အတွင်း စစ်နိုင်ခဲ့သလည်း၊ စိတ်ဝင်စားစရာပါ။ ၁၅၂၁ ခုနှစ်၊ ဘုရင့်နောင်နဲ့ တပင်ရွှေထီးတို့ ၅နှစ်သားအရွယ်လောက်မှာ ကောတက်စ်ဟာ အက်ဇ်တက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကောတက်စ်က အချိန်တိုတိုအတွင်းမှာ ဘာလို့ တီနိုချစ်လန်းနေပြည်တော်ကို သိမ်းပိုက်နိုင်ခဲ့သလဲ။ သူ့ရဲ့လက်နက်တွေအစွမ်းကြောင့်လား၊ သူ့ရဲ့ စစ်တိုက်စွမ်းရည် စစ်ပရိယာယ်တွေက အရမ်းကောင်းလွန်းလို့လား။ တကယ်တော့ သူတို့ကို စစ်နိုင်အောင် ကူခဲ့တာကတော ကောတက်စ်နဲ့ သူ့စစ်သားတွေ ဥရောပကနေ ပါလာခဲ့တဲ့ ကျောက်ရောဂါ Small pox ကြောင့်ပါပဲတဲ့။ ကောတက်စ်ဟာ စစ်ရေးကျွမ်းကျင်တဲ့ စစ်ဗိုလ်တဦးပါ။ ဒါပေမယ့် ဒီလောက် အချိန်အတိုလေးအတွင်းမှာ လူ ၂သိန်းလောက်နေတဲ့ နေပြည်တော်တီနိုချစ်လန်းကို အောင်နိုင်ဖို့ရာက မလွယ်ပါဘူး။ ၁၅၂၀နှစ်မှာ ကျောက်ရောဂါကပ်ဘေးကြီးဖြစ်ပြီး မြို့တော်ရဲ့ လူဦးရေ တဝက်နီးနီး ကျောက်ရောဂါကြောင့် သေဆုံးခဲ့တယ်။ ကျောက်ရောဂါဟာ လေထဲကနေ ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရရင်လည်း သေတဲ့နှုန်းက မြင့်ပါတယ်။ ကျောက်ရောဂါရသူတွေဟာ တကိုယ်လုံးအရည်ကြည်ဖုတွေထွက်၊ ဖျားနာပြီး မျက်စေ့ကွယ်တာတွေလည်း ဖြစ်တတ်ပါတယ်။

ကျောက်ရောဂါက ရှေးတုန်းကတည်းကအီဂျစ်၊ အိန္ဒိယနဲ့ တရုတ်ပြည်တွေမှာ ရှိခဲ့ပြီး ၁၁ရာစုကျမှ စစ်ပွဲတွေနဲ့အတူ ဥရောပကို ရောက်သွားခဲ့ပါတယ်။ အဲဒီကမှတဆင့် ဥရောပတိုက်သားတွေ ကိုလိုနီနယ်ချဲ့မှုကြောင့် တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါတယ်။ အက်ဇ်တက်လူမျိုးတွေကကျောက်ရောဂါနဲ့ အထိအတွ့မရှိတာကြောင့် ကိုယ်ခံဓာတ်မရှိတော့ အသေအပျောက်များခဲ့ပါတယ်။ တချိုဆို တအိမ်လုံးသေဆုံးလို့ အိမ်ကိုပဲ လှဲချပြီးသင်္ချိုင်းလုပ်ခဲ့တာတွေတောင် ရှိခဲ့ပါသတဲ့။ တမြို့လုံး အလောင်းတွေက တောင်ပုံရာပုံ ရှိခဲ့ပါတယ်။

ကျောက်ရောဂါပိုးကို ဇီဝလက်နက်အဖြစ် သမိုင်းမှာသုံးခဲ့ကြပါတယ်။ ၁၈ ရာစုတုန်ကတည်းက ဗြိတိသျှတွေဟာ ဇီဝလက်နက်နဲ့ အမေရိကားမှာနယ်ချဲ့စစ်ပွဲတွေမှာ သုံးခဲ့ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တဦးက ကျောက်ရောဂါဆေးရုံက စောင် ၂ထည်နဲ့ ပုဝါကို လက်ဆောင်အဖြစ် ဒေသခံအမေရိကန်တွေကို ပေးခဲ့ဘူးတယ်တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလည်း ဗြိတိသျှတွေ၊ အမေရိကန်တွေ၊ ဂျပန်တွေနဲ့ ဆိုဗီယက်တွေက ကျောက်ရောဂါကို ဇီဝလက်နက်အနေနဲ့ သုံးဖို့ ကြံစည်ခဲ့ကြပါသေးတယ်။သမိုင်းမှာမှားခဲ့ကြတာ သင်ခန်းစာတွေပါပဲ။ တချိန်တုန်းက စစ်နိုင်ဖို့လုပ်ခဲ့စဉ် သူရဲကောင်းဖြစ်နိုင်ပေမယ့် သမိုင်းမှာ ရာဇဝတ်ကောင်ဗီလိန်ဖြစ်သွားနိုင်ပါတယ်။ နပိုလီယန်ကို အခုထိ လေးစားကြတာက အင်ပါယာဖြစ်ခဲ့လို့ နိုင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် မဟုတ်ပါဘူး။ အခုလက်ရှိခေတ်အထိ သုံးနေဆဲဖြစ်တဲ့၊ သူအုတ်မြစ်ချခဲ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာဥပဒေသတွေကြောင့်ပါ။

အခုလည်း ဝူဟန်ဗိုင်းရပ်ပိုးဟာ ဇီဝလက်နက်အဖြစ်သုံးဖို့ထားရာကနေ အမှတ်မထင် ပျံ့နှံ့ခဲ့တယ်လို့ ဆိုသူတွေ ရှိနေပါတယ်။ အဲဒီသတင်းက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူသားတွေအတွက် သတိထားစရာပါပဲ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဟူသောဆောင်ပုဒ်ကို လက်ဝယ်ထားပြီး စစ်တပ်အတွက်ကို ငွေကြေးပုံသုံးတဲ့နိုင်ငံတွေ သမိုင်းကို သေချာ လေ့လာသင့်ပါတယ်လို့ သမိုင်းပညာရှင်တွေက ဆိုပါတယ်။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာ့သမိုင်းကို ပြောင်းပစ်ခဲ့တဲ့ သဘာဝဘေးရန်နဲ့ သမိုင်းကြောင်းတွေကို အထူးလေ့လာသင့်ပါတယ်။ အခုလို အင်တာနက်ခေတ်မှာ စစ်လက်နက်တွေဟာ အချက်အလက်ဒေတာတွေလောက် အသုံးမဝင်တော့ပါ။ ၂၁ ရာစုရဲ့စစ်ပွဲတွေဟာ စီးပွါးရေးစစ်ပွဲတွေဖြစ်ပါတယ်။ ဒါတောင် သဘာဝဘေး ရောဂါကပ်ဝင်လာရင် တိုးတက်လှပါတယ်ဆိုတဲ့နိုင်ငံတွေတောင် ဘာမှမတတ်နိုင်ပါ။ သမိုင်းမှာ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ စတဲ့ကပ်ရောဂါတွေကိုလည်း ကြုံခဲ့ရပြီးပါပြီ။ ၁၄ ရာစုတုန်းက Black Death လို့တင်စားခံခဲ့ရတဲ့ ပုလိပ်ရောဂါကြောင့် ကမ္ဘာ့လူဦးရေ ၃ပုံတပုံလောက် သေဆုံးခဲ့ပါတယ်။

၁၄ရာစုအတွင်းက မွန်ဂိုတပ်တွေဟာ ခရိုင်းမီးယားစစ်ပွဲမှာ ပုလိပ်ရောဂါနဲ့သေသူတွေရဲ့ အလောင်းတွေသုံးပြီး ဇီဝစစ်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်ရဲ့ဇီဝစစ်ဆင်ရေးတွေကြောင့် တရုတ်လူမျိုး ၄သိန်းလောက် သေဆုံးခဲံပါတယ်။ ကာလဝမ်းရောဂါပိုး၊ ဒေါင့်သန်းရောဂါပိုးနဲ့ ပုလိပ်ရောဂါပိုးတွေကို ဂျပန်တွေက ဇီဝလက်နက်အဖြစ် ဗုံးတွေထဲထည့်ကျဲခဲ့တာပါတဲ့။

ကမ္ဘာ့စီးပွါးရေးမှာ နံပါတ်တစ်ဖြစ်လာနိုင်ပြီး စစ်အင်အားတောင့်တင်းလှတဲ့ တရုတ်နိုင်ငံတောင် ယခုဆိုရင် ဝူဟန်ဗိုင်းရပ်စ်ပိုးတကောင်ကြောင့် လက်မှိုင်ချထားရပါတယ်။ ကျန်းမာရေးဟာလာဘ်ကြီးတပါးဖြစ်ပြီး ရောဂါကာကွယ်ရေးဟာ နိုင်ငံတိုင်းအတွက် အရေးပါလှပါတယ်။တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည််ဆိုတဲ့ဆောင်ပုဒ်ကို ဝူဟန်ဗိုင်းရပ်စ်တကောင်က ကိုင်လှုပ်လျှက် ရှိပါတော့တယ်။ ။


ဒေါက်တာဇော်မျိုးထက်(ယူကေ)