Breaking News

အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း (၇)



အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း (၇)

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀

ဗန်းမော်တင်အောင်က ဒဂုန်တာရာကို ပြောတယ်
မမခင်ဦးစံပယ်။

မမခင်ဦးစံပယ်
ဗန်းမော်တင်အောင်က ဒဂုန်တာရာကို
"ကိုဌေးမြိုင်" တဲ့
"ရန်သူက သေစေချင်တဲ့အခါ
မသေအောင် ကြိုးစားနေရတာလည်း
တိုက်ပွဲတစ်ခုပဲပေါ့" တဲ့။

မမခင်ဦးစံပယ်ရယ်
အဲဒီတိုက်ပွဲက လွမ်းစရာကောင်းလွန်းတော့
အဲဒီ ဗထက်ခြိုက်ကြီးကို
လွမ်းတဲ့အလွမ်းကလည်း
သေနင်္ဂဗျူဟာ မြောက်လွန်းလှချည်ပေါ့။

မမခင်ဦးစံပယ်
"အောင်ဆန်း(သို့မဟုတ်)အရိုင်း" ရဲ့
ဒဂုန်တာရာ။

မမခင်ဦးစံပယ်
"ဗဟိန်း(သို့မဟုတ်)ကဗျာ" ရဲ့
ဒဂုန်တာရာ။

အဲဒီ ဒဂုန်တာရာက ပြောဖူးတယ်
ဗန်းမော်တင်အောင် ဟာ
သူ့ရဲ့နောက်ဆုံးရဲဘော်ပါပဲ တဲ့။

ရဲဘော်ရဲဘက်အချစ်ဟာ
ခေတ်ကြီးတစ်ခုလုံး
လှိုင်းထန်စေခဲ့။

မသေတဲ့မြစ်ကြီး
တစ်ယောက်ရင်ထဲ
တစ်ယောက်စီးခဲ့။

၂၀ ရာစု
လူထုနဲ့ နိုင်ငံတော်
လွတ်မြောက်ရေးလမ်းပေါ်မှာ
ထွန်းကားခဲ့
ရဲဘော်ရဲဘက်ယဉ်ကျေးမှုပေါ့
မမခင်ဦးစံပယ်။

မမခင်ဦးစံပယ်ရေ
ဘဝကို
" ဗ " ငါးလုံးနဲ့တည်ဆောက်
" ဗ " ငါးလုံးဟာ
ကျနော်တို့ရဲ့
သေနင်္ဂဗျူဟာမြောက်ရာဇဝင်ပေါ့။

အဲဒီ ရာဇဝင်
ရင်ခုန်သံတွေ
ရှင်ပြန်ထမြောက်
ကောင်းကင်အောက်မှာ
ဘုန်းမောင် တစ်ယောက်တည်းရယ် လေ။

မြိုင်ရဲ့
ကိုတင်ဦး
ဟုတ်ရဲ့။

သူဟာ
အဖြူရဲ့
ချစ်လှစွာသော လင်းယုန်ကြီး
ဟုတ်ရဲ့။

သူဟာ
ထာဝရ
သူဟာ
ဗထက်ခြိုက်
သူဟာ
တိုက်ပွဲဝင် နေမင်းရောင်
လမင်းရောင်၊ ကြယ်မင်းရောင်
ဗန်းမော်တင်အောင်။

မမခင်ဦးစံပယ်ရယ်
ဗိုလ်ချုပ်အောင်ဆန်း
သခင်ဗဟိန်း
ဗန်းမော်တင်အောင်
ဘဝဟာ
အဲဒီ ရွှေတောင်ကြီးတွေနဲ့
ဖွဲ့စည်းသတ္တိ
အချစ်ရှိခဲ့။

အဘိဓမ္မာလှပ
အသိပညာရခဲ့။

မမခင်ဦးစံပယ်
ဘဝက
အသိကို ပြဋ္ဌာန်းသတဲ့
(အသိက
ဘဝကို မပြဋ္ဌာန်း)
လောကကမ်းပါးမှာ
ကျနော်တို့ဘဝတွေကို လမ်းပြ
လွမ်းစရာ့ ဗထက်ခြိုက်ကြီးတွေလေ။

မမခင်ဦးစံပယ်
ဘဝက
အသိကို ပြဋ္ဌာန်းတယ်ဆိုရင်
အဲဒီလမ်းပြသူတွေရဲ့ဘဝက
ကျနော်တို့အသိကို ပြဋ္ဌာန်းတာပါပဲ။

မမခင်ဦးစံပယ်ရယ်
တော်လှန်တဲ့ဘဝဆိုတာ
အောင်ဆန်းက ပြဋ္ဌာန်းတာပါ။

မမခင်ဦးစံပယ်ရယ်
တိုးတက်တဲ့ဘဝဆိုတာ
ဗဟိန်းက ပြဋ္ဌာန်းတာပါ။

မမခင်ဦးစံပယ်ရယ်
လူငယ်ရဲ့ဘဝဆိုတာ
ဗန်းမော်တင်အောင်က ပြဋ္ဌာန်းတာပါ။

ခေတ်တစ်ခေတ်မှာ
အဲဒီခေတ်နဲ့ကိုက်ညီတဲ့ အရောင်
ရာဇဝတ်ကောင်ဆိုတာ
အမှောင်ထဲမှာ အမြဲရှိတယ်။

မမခင်ဦးစံပယ်
နေဝင်း ဟာ
ကျနော်တို့ခေတ်ရဲ့ရာဇဝတ်ကောင်ပဲ။

အဲဒီရာဇဝတ်ကောင်
ညအမှောင်ကို တိုက်ဖို့
ကျနော်တို့မျိုးဆက်ဟာ
အိပ်မက်ထဲမှာ
သူရဲကောင်းရှာကြ။

ကံ့ကော်တောမှာ
သူရဲကောင်းရှာကြ။

ကတ္တရာလမ်းပေါ်မှာ
သူရဲကောင်းရှာကြ။

စက်ရုံနဲ့လယ်ကွင်းတွေကြားမှာ
သူရဲကောင်းရှာကြ။

ကျနော်တို့ဟာ
သူရဲကောင်းရှာခဲ့ကြပေါ့
မမခင်ဦးစံပယ်။

ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ဖက်ဆစ်ညအမှောင်ကိုတိုက်ဖို့
အလင်းရောင်ဆိုတဲ့
လက်နက်တိုက်ကိုရှာခဲ့ကြတယ်။

၇၄
၇၅
၇၆
သွေးတွေ မခြောက်သေးဘူး
မမခင်ဦးစံပယ်။

အဲဒီ သွေးတစက်စက်
ကျနော်တို့မျိုးဆက်ကို
လက်နက်တပ်ဆင်သူ
သူဟာ
ဗန်းမော်တင်အောင်ပါ မမခင်ဦးစံပယ်။

သူပေးတဲ့
အဘိဓမ္မာလက်နက်
ဓားဆိုရင်လည်း ထက်ခဲ့တယ်။

သူပေးတဲ့
အနုပညာလက်နက်
မြားဆိုရင်လည်း ဖြောင့်ခဲ့တယ်။

မမခင်ဦးစံပယ်ရယ်
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မစ်ရှီဂန်မဲဇာမှာ
" ဗ " ငါးလုံး ရာဇဝင်
လွမ်းလို့ရင်ခုန်တယ်။

လွမ်းနေရင်
ကောင်းကင်မှာ
ကြယ်တွေ စုံတယ်။

လွမ်းနေရင်
ဗုံတွေမှာ
တေးသံ စုံတယ်။

လွမ်းနေရင်
ကမ်းခြေမှာ
ခြေရာတွေ စုံတယ်။

မမခင်ဦးစံပယ်
ဟောဒီက လင်းယုန်ကမ်းခြေမှာ
ဂျက်လန်ဒန်
ကျနော်တို့ရင်အုံကမ်းခြေမှာ
ဗန်းမော်တင်အောင်ပေါ့။

မမခင်ဦးစံပယ်ရယ်
သစ်ပုပ်ပင်ရိပ်မှာ
ကျနော်တို့ငယ်ဘဝကို ချိတ်ခဲ့။

လူဆိုတာ
ငယ်တုန်းပဲ
"နီ" နိုင်တာပါ မမခင်ဦးစံပယ်။

သစ်ပုပ်ပင်အောက်မှာ
နီရဲတောက်ပခဲ့ကြ
ကျနော်တို့ဘဝဟာ
မ ဆ လ ညအမှောင်အောက်မှာပေါ့။

မ ဆ လ ညအမှောင်
တင်းနှောင်သံကြိုး
ဓားမိုးဖက်ဆစ်
အာဏာရှင်ခေတ်ပေါ့။

စစ်သံဖနောင့်အောက်မှာ
သူရဲကောင်းဟာ
လမ်းပျောက်ကို ရှာပေးခဲ့တယ်။

သူရဲကောင်းဟာ
လူတစ်ယောက်ရဲ့တန်ဖိုးကို ရှာပေးခဲ့တယ်။

သူရဲကောင်းဟာ
တိုက်ပွဲအနုပညာကို ရှာပေးခဲ့တယ်။

သူရဲကောင်းဟာ
ကျနော်တို့ရဲ့အောင်ပွဲကို ရှာပေးခဲ့တယ်။

အဲဒါ
ဗန်းမော်တင်အောင်။

ဗဟိန်းအောင်တို့အဖေ
ကျော်ဇောအောင်တို့အဖေ
ကျနော်တို့မျိုးဆက်ရဲ့
အဘိဓမ္မာအဖေပေ့ါ
မမခင်ဦးစံပယ်။

၁၉၆၀
အမေရိကန်လူငယ်တွေ
ဘော့ဘ်ဒီလန်နဲ့ ကြီးပြင်းခဲ့တယ် ဆိုတယ်။

၁၉၇၀
ကျနော်တို့လူငယ်တွေ
ဗန်းမော်တင်အောင်နဲ့ ကြီးပြင်းခဲ့ကြတာပေါ့။

ဗိုလ်ချုပ်အောင်ဆန်းက
ရိုးသားမှုနဲ့ အမှန်တရားကိုပေးတယ်။
သခင်ဗဟိန်းက
ခွပ်ဒေါင်းစိတ်ဓာတ်ကိုပေးတယ်။

ဗန်းမော်တင်အောင်က
အနည်းဆုံးအတ္တကိုပေးတယ်။

အဲဒီ ဗထက်ခြိုက်ကြီးတွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။

ကျနော်လွမ်းတာ
စည်းနဲ့ကမ်းနဲ့ပါ
ပရမ်းပတာ မဟုတ်
ပုဂ္ဂိုလ်ကိုးကွယ်မှု မမည်
ယုံကြည်ပါ မမခင်ဦးစံပယ်။

နားနဲ့ မနာ
ဖဝါးနဲ့ နာပါ မမခင်ဦးစံပယ်။
ခရူးရှက် * ပြုတ်ကျရခြင်းမှာ
ပုဂ္ဂိုလ်ကိုးကွယ်ခံရမှု
အားနည်းသောကြောင့်လည်း တစ်ချက်ဖြစ်သည် တဲ့
ဥက္ကဋ္ဌမော် ပြောခဲ့ဖူးတယ်
မမခင်ဦးစံပယ်။

ကျနော်လွမ်းတယ်
အလွမ်းရဲ့အလှတရား။

ကျနော်လွမ်းတယ်
အောင်ဆန်း စသဖြင့်
ဗဟိန်း စသဖြင့်
ဗန်းမော်တင်အောင် စသဖြင့်
ဗ က ပ စသဖြင့်
ဗ က သ စသဖြင့်။

အလွမ်းဆိုတာ
ကျောက်သားမှာပွင့်တဲ့ပန်း
အမတပန်း၊ မသေပန်းပါ မမခင်ဦးစံပယ်။ ။

(ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)
* Nikita Khrushchev(1894-1971), Former Premier of the Soviet Union