Breaking News

ငြိမ်း(ပဲခူး) - ကျွန်တော်နဲ့ စက်ဘီးအကြောင်း အနည်းငယ်


ကျွန်တော်နဲ့ စက်ဘီးအကြောင်း အနည်းငယ်
ငြိမ်း(ပဲခူး)
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀

လျှပ်စစ်စက်ဘီးလေးတွေနဲ့ ရုံးတက်နေကြတဲ့ လူတွေကို ဘတ်စ်ကားပေါ်ကနေ ကျွန်တော် မြင်မိတဲ့အခါတိုင်း တစ်ချိန်တုန်းက စက်ဘီးနင်းခဲ့တဲ့အကြောင်းလေးတွေကို သတိရမိတယ်။
ကျွန်တော်တို့တုန်းက စက်ဘီးနင်းတတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်စက်ဘီးရှိတဲ့အိမ်ဟာ လမ်းတစ်လမ်းမှာ နှစ်အိမ် သုံးအိမ်လောက်ပဲ ရှိတယ်။ ဆိုင်ကယ်ဆိုတာတော့ ပြောမနေနဲ့။ ဝယ်နိုင်ဖို့နေနေသာသာ လမ်းမှာတွေ့ရဖို့တောင် ခဲယဉ်းပါတယ်။ ပြီးတဲ့အခါ စက်ဘီးတန်ဖိုးကလည်း ကျွန်တော်မှတ် မိသ လောက် ထောင်ဂဏန်းလောက် ပဲရှိတယ်။ အဲဒါတောင် လူတိုင်းလိုလို မဝယ်နိုင်ကြဘူး။ 

အဲဒီအချိန်တုန်းက စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ပြည်သူအများစုဟာ စီးပွားရေးတွေ ကြပ်တည်းနေကြတယ်။ ပြီးတဲ့အခါ အစစ အရာရာကုန် ဈေးနှုန်းတွေက မြင့်မား၊ လူနေမှုအဆင့် အတန်းတွေကနိမ့်ကျ။ ကိုယ့်အိမ် မီးလင်းဖို့အ တွက်တောင် မီတာမတပ်နိုင်။ ဖုန်းကိုင်နိုင်ဖို့ဆိုတာ ဝေလာဝေး။ ဝမ်းဝအောင် မနည်းရှာစားနေရတဲ့ အခြေအနေပေါ့။ အဲဒီလို အခြေအနေမှာ ကျွန်တော်က လေးတန်းကျောင်းသား အရွယ်လောက်ဖြစ်နေပြီ။ အဲဒါကြောင့် ပစ္စည်းအသစ် အဆန်းလေးတွေကိုမြင်ရင် ထိတွေ့ကိုင် တွယ်ချင်တဲ့ စိတ်ရယ် လိုချင်တက်မက်တဲ့ စိတ်ရယ် ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်လို့နေပါပြီ။

ကျွန်တော်တို့ အိမ်မျက်စောင်းထိုးလောက်မှာ သူငယ်ချင်း ညီဇော်တို့အိမ်ရှိတယ်။ ညီဇော်တို့အိမ်မှာ ကလေးစီးစက်ဘီးလေးတစ်စီး ရှိပါတယ်။ အဲဒီစက်ဘီးလေးရဲ့ ဘေးနှစ်ဖက်မှာ ဘီးသေးသေးလေးကို တစ်ဖက်တစ်ဘီးစီ တပ်ထားတဲ့ ထောင့်နှစ်ခုပါတယ်။ အဲဒီစက်ဘီးလေးကို ညီဇော်က နံနက်ခင်းတိုင်း နင်းလို့နေပါတယ်။ နင်းတယ်လို့သာ ပြောတာပါ။ ညီဇော်က အများအားဖြင့် သူ့ခြေထောက်နှစ်ဖက်နဲ့ ထောက်ပြီးသွားတာ များတယ်။ သူလည်း ကျွန်တော့်လိုပဲ စက်ဘီးမနင်းတတ်သေးဘူး။ တစ်ခါတစ်လေကျရင် လမ်းထဲမှာရှိတဲ့ ကလေးတွေက ညီဇော်ရဲ့စက် ဘီးလေးနောက်ကနေ လိုက်တွန်းပေးကြတယ်။ တွန်းနေရင်း ညီဇော့်စက်ဘီးလေး လမ်းဘေးရေမြောင်းလေးနားကိုရောက်ခါနီးပြီ ဆိုတာနဲ့ ဝိုင်းပြီးဆွဲထားကြတာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ ညီဇော်ဟာ စက်ဘီးလေးပေါ်မှာထိုင်ကာ ခြေထောက်နှစ်ဖက်နဲ့ထောက်ပြီးသွားနေတဲ့အချိန် ညီဇော့်အမက မပြောမဆိုနဲ့ ခပ်ကြမ်းကြမ်းလေးတွန်းလိုက်တာကြောင့် ညီဇော်ကတစ်နေရာ စက်ဘီးလေးက တစ်နေရာ ဖြစ်သွားတယ်။ အဲဒီအခါ ညီဇော့်ခမျာ တရှုတ်ရှုတ်နဲ့ငိုပြီး သူ့ အမေကို သွားတိုင်တော့တာပဲ။ အမှန်တကယ်တော့ ညီဇော့်အမက ညီဇော့်ကို စက်ဘီးနင်းတတ်စေချင်လို့ တွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

ညီဇော်ဟာ စက်ဘီးကလေးကို နံနက်ခင်းတိုင်းမှာ နင်းနေရင်းနဲ့ မကြာခင်အချိန်မှာပဲ စက်ဘီးနင်းတတ်သွားတယ်။ မုန့်ဆိုင်သွားလည်း ညီဇော်က စက်ဘီးလေးနဲ့ ဈေးဆိုင်သွားလည်း ညီဇော်က စက်ဘီးလေးနဲ့ ပေါ့။ မြင်ရတဲ့ကျွန်တော့်မှာ အားကျလို့နေမိပါတယ်။ ညီဇော်တို့မိသားစုက အပေါင်ဆိုင်လုပ်ငန်းလုပ်တော့ ပိုက်ဆံရှိတယ်။ အဲဒီတော့ ညီဇော့်အမေက ညီဇော့်အတွက် စက် ဘီးလေးကို ဝယ်ပေးနိုင်တာပေါ့။
နံနက်အိပ်ယာနိုးပြီဆိုတာနဲ့ ကျွန်တော်ဟာ ညီဇော်တို့အိမ်ကိုပဲ ချောင်းနေမိတယ်။ အဲဒီလိုချောင်း နေရင်း ညီဇော် စက်ဘီးလေးနင်းပြီးထွက်လာပြီ ဆိုတာနဲ့ ပြေးပြီး ညီဇော့်စက်ဘီးနောက်ကထိုင်ခုံ ကိုကိုင်ကာ တွန်းတော့တာပဲ။ အဲဒီအခါ ညီဇော်ဟာ ခြေထောက်နှစ်ချောင်းကိုမြှောက်ပြီး လက်ကိုင်နှစ်ဖက်ကိုထိန်းကာ အ လိုက်သင့်စီးနေတော့တာပေါ့။ အချိန်တော်တော်ကြာအောင်တွန်းပြီးလို့ ကျွန်တော် မောလာတဲ့အခါ ညီဇော်က တစ်လှည့် ပြန်တွန်းပေးတယ်။ အဲဒီအခါ ကျွန်တော့်မှာ ပျော်လိုက်တာများ ပြောမနေနဲ့။

စက်ဘီးလေးဟာ အရက်မူးသမားတစ်ယောက်လမ်းလျှောက်နေသလို ဟိုယိမ်းဒီယိုင်နဲ့ ခဲလေးတွေ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ မြေသား လမ်းလေးပေါ်မှာ ရွေ့လျားလို့နေတယ်။ ဒီလိုနဲ့ ရက်အတန်ကြာအောင် ညီဇော့်စက်ဘီးလေးကိုနင်းရင်း ကျွန်တော် စက်ဘီးနင်းတတ်သွားပါတယ်။ ကျွန်တော့်​တကိုယ်လုံးလည်း ပွန်းရာပဲ့ရာတွေနဲ့ ပြည့်လို့။

အမေ့ဆီက မုန့်ဖိုးရပြီဆိုတာနဲ့ ကျွန်တော်ဟာ စက်ဘီးအငှားဆိုင်ကလေးဆီကို သွားတော့တာပဲ။ စက်ဘီးငှားခက တစ်နာရီကို တစ်ဆယ်လား နှစ် ဆယ်လား မမှတ်မိတော့ဘူး။ စက်ဘီးပုံစံလေးတွေကတော့ အမျိုးမျိုးပါပဲ။ ကျွဲချိုလို လက်ကိုင်နဲ့ စက်ဘီးလေးတွေ လက်ကိုင်အဖြောင့်နဲ့ စက်ဘီးလေးတွေ ဘားတန်းပါတဲ့ စက် ဘီးလေးတွေ ဘားတန်းမပါတဲ့ စက်ဘီးလေးတွေ စတဲ့ စက်ဘီးလေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအ ချိန်တုန်းက စက်ဘီးလေးတွေကို ငှားစီးနေကြတဲ့ ကျွန်တော်နဲ့ ရွယ်တူတွေ ကျွန်တော့်ထက်ငယ်တဲ့ ကလေးလေးတွေဟာ နွေရာသီရဲ့ ညနေခင်းလေးထဲက မြေသားလမ်းကလေးတွေပေါ်မှာ စက်ဘီးလေးတွေကို ကိုယ်စီ နင်းနေကြတယ်။ အဲဒီမြင် ကွင်းကလေးက ဘာနဲ့တူသလဲဆိုတော့ အခုခေတ် ကစားနည်းမျိုးစုံထဲက တိုက်ကားမောင်းနေသလိုပါပဲ။

မြေသားလမ်းကလေးတွေပေါ်မှာ ဖြောင့်ဖြောင့် တန်းတန်းသွားနေတဲ့ စက်ဘီးလေးတွေက သွားလို့ ပြီးတော့ ရပ်လိုက် နင်းလိုက်နဲ့ သွားနေတဲ့ စက်ဘီးလေးတွေလည်း ရှိပါသေးတယ်။ အဲဒါဆိုရင် အဲဒီစက်ဘီးလေးကို နင်းနေတဲ့လူဟာ စက် ဘီးမနင်းတတ်သေးဘူး။ ပြီးတဲ့အခါ စက်ဘီးနင်းတဲ့လူရဲ့ဘေးနားကနေ ပြေးလိုက်ပြီး လက်ကိုင်ထိန်းပေးနေတဲ့ လူတွေလည်း ရှိသေးတယ်။ အဲဒီလူကတော့ စက်ဘီးနင်းတာ ကျွမ်းကျင်တဲ့လူပဲ ဖြစ်ပါတယ်။ ပြီးတော့ သူ့ပါးစပ်ကလည်း တ တွတ်တွတ်နဲ့ စက်ဘီးလေးကို ဘယ်လိုနင်းရလဲ ဆိုတာ သင်ခန်းစာတစ်ခုလို ပို့ချလို့နေသေးတယ်။

နောက်ပြီး အရှေ့ဘက်ကနင်းလာတဲ့ စက်ဘီးလေးနဲ့ အနောက်ဘက်က နင်းလာတဲ့ စက်ဘီးလေးတို့ တိုက်မိကြတာရှိသေးတယ်။ ကိုယ်ငှားစီးတဲ့ အချိန်တစ်နာရီအတွင်း ကိုယ်ပိုင်တာဆိုတော့ အသားကုန်နင်းကြတာ။ ငှားစီးတဲ့စက်ဘီးလေးတွေဆိုတော့ ဘရိတ်မပါဘူး။ အဲဒီတော့ အ ရှိန်မထိန်းနိုင်ဘဲ တစ်စီးနဲ့တစ်စီး တိုက်မိကြတာပေါ့။ အဲဒီအခါကျရင် အခြားစက်ဘီးလေးကို နင်းနေတဲ့လူတွေဟာ အမြန်ပြေးလာကြပြီး ထူကြရတယ်။ ငိုယိုနေတဲ့လူနဲ့ ပွန်းပဲ့ဒဏ်ရာရတဲ့လူနဲ့ပေါ့။ အသက်အန္တရယ် ဖြစ်လောက်အောင်တော့ မထိခိုက်မိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းကလေးတွေဟာ မြေသား လမ်းကလေးတွေ ဖြစ်နေတာကြောင့်ပါ။

ကျွန်တော်တို့ မိသားစုမှာ ကိုယ်ပိုင်စက်ဘီးလေးတစ်စီးရှိတယ်။ အဲဒီစက်ဘီးလေးက အဖေအ လုပ် သွားတဲ့အခါတိုင်း စီးနေတဲ့ စက်ဘီးလေးပါ။ ဘား တန်းပါတဲ့ ယောကျ်ားစီး စက်ဘီးလေးပေါ့။ အဖေ့စက်ဘီးလေးကို ကျွန်တော်မနင်းနိုင်ခင် အချိန်တုန်းက အဖေ့စက်ဘီးလေးရဲ့နောက်က ထိုင်ခုံပေါ်မှာထိုင်ပြီး ကျွန်တော်တို့ မြို့က လေးရဲ့ အစွန်အဖျားမှာရှိတဲ့ မြို့သစ်ကို သွားခဲ့ဖူးတယ်။ အဲဒီမှာ အဖေ့သူငယ်ချင်းရှိတယ်။ အဖေက သူ့ ငယ်ချင်းဆီကို အလည်သွားတာပါ။ ဝေးဝေးလံလံ ခရီးတွေမသွားဘူးတဲ့ ကျွန်တော့်အ တွက်တော့ ပျော်ရွှင်ကြည်နူးမိခဲ့ပါတယ်။

မြို့ကလေးထဲကနေ မြို့သစ်ကိုရောက်ဖို့အတွက်  အချိန်တော်တော်ကြာအောင် အဖေ့မှာ စက်ဘီးနင်းရတယ်။ အဲဒီအချိန် ကျွန်တော်ကတော့ အဖေ့စက်ဘီးလေးရဲ့နောက်ကထိုင်ခုံပေါ်မှာထိုင်ရင်း လေကောင်း လေသန့်တွေကို ရှူရှိုက်ကာ ကောင်းကင်ထက်က တိမ်စိုင်တိမ်လိပ်တွေကိုကြည့်ပြီး အလိုလိုအူမြူးနေခဲ့ပါတယ်။
၉ တန်းကျောင်းသားဘဝမှာ ကျွန်တော် ပထမဆုံး စီးခဲ့ဖူးတဲ့ စက်ဘီးလေးကတော့ ဖီးဆင့်စက် ဘီး အစုတ်ကလေးပါ။ စျေးပေါပေါနဲ့ရလို့ အဖေကတန်တယ်ဆိုပြီး ဝယ်ထားတာပေါ့။ စဝယ်ခါစတုန်းကတော့ စက်ဘီးလေးဟာ ဆေးရောင်တွေပြယ်လွင့်လို့။ သံချေးတွေ အထပ်ထပ်နဲ့။ အဲဒီလိုဖြစ်နေတာကို အဖေက တိုက်ချွတ်ပြီး ပြန်ရွိုင်းလိုက်တယ်။ အဲဒီစက်ဘီးလေးဟာ ကျွန်တော့်ရဲ့ ၉ တန်းကျောင်း သားဘဝတစ်နှစ်ပတ်လုံး စီးတော်ယာဉ်အဖြစ်နဲ့ အသုံးတော်ခံခဲ့ပါတယ်။

ကျွန်တော်ကျောင်းသွားဖို့ပြင်ဆင်ပြီး ပြီဆိုတာနဲ့ အဖေက ဆီတွေနဲ့ဝင်းနေတဲ့ ဖီးဆင့်စက်ဘီး လေးပေါ်မှာ အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်ဟာ အဖေနင်းနေတဲ့ ဖီးဆင့်စက်ဘီးလေးပေါ်မှာထိုင် ကာ ကျောင်းသွားတက်ရပါတယ်။ အဖေ့ရဲ့ဖီးဆင့်စက်ဘီးလေးဟာ ပြည်သူတွေပိုင်တဲ့နိုင်ငံကို သူ့ မိသားစုပိုင်ပစ္စည်းတစ်ခုလို လိုက်နက်စီးနင်း တင်းကြပ်စွာနဲ့ အုပ်ချုပ်နေတဲ့ ထိုင်ခုံမက်သူကြီးရဲ့ အုပ်ချုပ်မှုအောက်က အခြေခံလူတန်းစားမိသားစုတစ်စုဖြစ်တဲ့ ကျွန်တော်တို့မိသားစုလေးရဲ့ ဇိမ်ခံကားတစ်စီးဆိုလည်း မမှားပါဘူး။  ဒါပေမယ့် သူ့တို့စီးနေတဲ့ကားတွေကတော့ တကယ့်ကားအကောင်း စားတွေပေါ့။

ကျွန်တော် ၁၀ တန်း ကျောင်းသားဘဝရောက် တော့ အဖေက ဂျပန်စက်ဘီးတစ်ပတ်နွမ်းလေး ဝယ်ပေးတယ်။ ကျွန်တော်ကျောင်းသွားရင် စီးဖို့အ တွက်ပါ။ ဂျပန်စက်ဘီးလေးက အနာအဆာအနေနဲ့ နောက်မားကပ်လေးထက်ပိုင်းကျိုးနေတယ်။ အဲဒါကို အဖေက ကလစ်လေးတစ်ခုနဲ့ချိတ်ဆက်ပေး ထားတယ်။ အဲဒီစက်ဘီးလေးကို စတင်ပိုင်ဆိုင်တဲ့ အချိန်တုန်းကဆို ကျွန်တော်ဟာ အဝတ်စုတ်လေးတစ်ခုကို ဆီစွတ်ပြီး စက် ဘီးလေးရဲ့ စတီးလ်ခွေတွေ စမုတ်တံတွေ မားကတ်တွေကို ပွတ်တိုက်ကာ အချိန်တိုင်းလိုလို  'သ' နေမိခဲ့ပါတယ်။ နောက်ပြီး ကြည့်လို့မဝအောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။

ညနေကျောင်းဆင်းပြီဆိုတာနဲ့ ဂျပန်စက်ဘီးလေးနဲ့ အိမ်ပြန်မယ့်ကျွန်တော့်မှာ မျက်နှာပွင့်ရတယ်။ ကျွန်တော့်စက်ဘီးလေးနဲ့ လမ်းကြုံလိုက်မယ့် သူငယ်ချင်းတွေက တန်းစီနေလို့ပါ။ အဲဒီအခါ ကျွန်တော့်မှာ သူငယ်ချင်းတွေကို အလှည့် ကျခေါ်ရပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ကျောင်းဆင်းချိန်ညနေခင်းလေးတွေဟာ စက် ဘီးလေးတွေကိုယ်စီနင်းပြီး အိမ်ပြန်နေကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေနဲ့ ပြည့်နှက်လို့နေသေးတယ်။ ပြီးတဲ့အခါ အခုခေတ် ယိုး ဒယားဆိုင် ကယ်စီးပြီး ကျောင်းတက်သလိုမျိုး ကားအကောင်း စားစီးပြီးကျောင်းတက်သလိုမျိုး ကျွန်တော်ကျောင်း တက်ခဲ့တဲ့အချိန်တုန်းကလည်း ဂျပန်စက်ဘီးတစ်ပတ်နွမ်းလေးစီးပြီး ကျောင်းတက်ခဲ့ဖူးပါတယ်။ အခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ''ဂေါ်'' ခဲ့ဖူးတယ်ပေါ့ဗျာ။
ဆယ်တန်းအောင်ပြီး ပထမနှစ် ကာလိပ်တက်တဲ့ အထိ ဂျပန်စက်ဘီးလေးကို အသုံးပြုခဲ့ပါသေးတယ်။
 နောက်ကျတော့ ကျွန်တော်တက်တဲ့ကောလိပ်က မြို့အပြင်မှာရှိတာဆိုတော့ အရမ်းဝေးတာကြောင့် တုတ်တုတ်စီးပြီး သွားတဲ့အခါ သွားတယ်။ သူငယ်ချင်းတစ်ယောက်က ဆိုင်ကယ်နဲ့ လာခေါ်တဲ့အခါ လာခေါ်တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာတော့ ကျွန်တော်နဲ့ စက်ဘီးလေးတွေဟာ ဝေးမှန်းမသိ ဝေးလို့သွားပါတော့တယ်။

ငြိမ်း(ပဲခူး)