Breaking News

သစ်ကောင်းအိမ် - ခဲထားခြင်းများ

https://www.reddit.com/r/cutouts/comments/568n51/a_frozen_heart/


သစ်ကောင်းအိမ် - ခဲထားခြင်းများ

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
(ကဗျာဆရာဖေ့စ်ဘွတ်ကနေ ယူပါတယ်)
ရခဲတယ်ဆိုလို့သာလိုက်ပြီး
ရခဲလိုက်ရ
ရထားတဲ့အခဲကြီးဟာ
မီးရှို့ပြီး
အငွေ့ကိုရှုရှိုက်ရတဲ့အခဲကြီးလား
အရည်ဖျော်ပြီး
သွေးကြောထဲထိုးသွင်းလိုက်ရမယ့်
အခဲကြီးလား ဇဝေဇဝါ


ရခဲတယ်ဆိုပြီးသာလိုက်ပြီး
အရခဲထားရ
အရခဲထားတဲ့အခဲကြီးဟာ
မီးပြင်းပြင်းနဲ့
ခွေးငတ်လျက်ဖို့သက်သက်
ခဲထားတဲ့ ထညက်တခဲလား
သွားရေရောင်နဲ့ပြောင်လက်လို့
အစေခံတန်းလျားဘက်ကလွှင့်ပစ်လိုက်တဲ့
အမဲရိုးတချောင်းလား မရေမရာ

ချဉ်ပေါင်ရွက်ကအစ
လူသေအလောင်းအဆုံး
ရေခဲသေတ္တာတလုံးနဲ့
ခဲထားတဲ့ယဉ်ကျေးမှုမှာ
နေရောင်ခြည်တွေ
လက်လှမ်းမမီတဲ့အရပ်မှာ
ရေခဲပြင်ယောင်ဆောင်ပြီး
အိပ်ပျော်နေတဲ့
ဖုတ်ကောင်တကောင်


နွေခေါင်ခေါင်မှာမှ
မွန်းတည့်ချိန်ကြီး
အရူးဝယ်စားခံရတဲ့ရေခဲမုန့်

လတ်ဆတ်စွာစားသုံးဖို့
စားသောက်ဆိုင်တဆိုင်ရဲ့
မီးဖိုချောင်အအေးခန်းထဲ
အရှင်လတ်လတ်ခဲထားတဲ့
ငါးတကောင်

ရခဲဦးဟ!
ရခဲဦးဟ!
....ဆိုပြီး
ရရာ အုတ်ခဲပိုင်းနဲ့ကောက်
အဲဒီ ရခဲလိုက်တာကြီး
ခေါင်းရိုက်ခွဲလိုက်ရ

ရခဲဦးဟ!
မှန်ခေါင်းတလားထဲ
ထည့်ခဲထားတဲ့
ပတ္တမြားကျောက်စီဓား

ရခဲဦးဟ !
စစ်ဖိနပ်ဟောင်းကြီး
ဝိုင်းပြီးထိုင်ဖာဖို့
ဥပဒေတခုထဲထည့်ခဲထားတဲ့
လွှတ်တော်တခု

ရခဲဦးဟ!
ခုချိန်ထိမပုပ်သိုးအောင်
စစ်အေးခေတ်ကြီးထဲ
ထည့်ပြီးခဲထားခဲ့လေသောစစ်ပွဲများ

ရခဲရ
ပျစ်ချွဲချွဲကြယ်ပွင့်ကြီးတလုံး
အနံအသက်မကောင်းတဲ့
မျဉ်းကြောင်းတွေနဲ့
ပိတ်စတခုရဲ့ဘောင်ထဲ
ထည့်ခဲထားကြ
လေယူရာယိမ်းနွဲ့တလွင့်လွင့်
အလံတလက်

ရခဲသမျှ
ပြန်မဆုံနိုင်သေးသလို
ပြန်ဆုံရမယ့်အချိန်တွေနည်းသွားပြီး
ပြန်ဆုံရမယ့်လူတွေလည်းနည်းသွားခဲ့
မြစ်ဝကကျွန်းတကျွန်းပေါ်
ခဲထားတဲ့
အိပ်ယာထနောက်ကျသူ
စက်ဘီးတစင်းနဲ့
ငါ့မြို့ပျင်းလေး

ရခဲသမှ
မတန်တဆတွေပေးခဲ့ပြီး
မတန်တဆတွေချည်းပြန်ရသွားကြ
ကျောက်မီးသွေးပို့ရင်း
လမ်းခုလတ်မှာနှလုံးသွေးခဲပြီး
နှင်းတောထဲရပ်တန့်သေဆုံးနေတဲ့
အသည်းကွဲပုဆိန်ရိုးများ


ရခဲ့မှတော့
ရခဲတယ်ဆိုပြီးပဲရောချရုံ
ရူးသလိုပေါသလိုကျော်လှန်ခံလိုက်ရ
ငယ်ဘဝစာမျက်နှာတွေနဲ့
လက်တွန်းလှည်းတစင်းပေါ်
အခဲခံထားရ
စိတ်အချဉ်ပေါက်နေတဲ့
ဗီယက်နမ်စစ်ပြန်တွေလို
ငါ့သူငယ်ချင်းတွေ


၂၂ ဖေဖော်ဝါရီ ၂၀၂၀