Breaking News

ကိုတင်ထွန်းနိုင် - ပွဲတော်

KT#

ပွဲတော်
ကိုတင်ထွန်းနိုင်
(မိုးမခ)ဖေဖော်ဝါရီ ၄၊ ၂၀၂၀

ဆပ်ကပ်လည်းကြည့်ရမယ်
ပြဇာတ်လည်း ကြည့်ကြမယ်
ညကို အလင်းနဲ့ပေါက်ခဲ့ပေါ့။

စိတ်ထဲမှာ ပန်းစည်းတွေ ကိုင်ထား
အရောင်နဲ့ရနံ့ အစုံရတယ်လေ။

ချားရဟတ်ပမာစိတ်တွေက
ပစ္စုပ္ပန် တည့်တည့်
အပျော်အတွက်ပါပဲ

ကစားစရာ တွေလည်းတပုံ
စားစရာ တွေလည်းစုံ
ကြွားစရာ တွေလည်းကုန်
ဟောဒီပွဲတော်ဟာ ဒုက္ခကိုနှမ်းဖြူးထားလေရဲ့။

တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်တဲ့အကြည့်ဟာ
ပွဲတော်ညရဲ့ ခေတ်အစားဆုံးသီချင်းပဲ
ကျဲကျဲတောက်အလင်းအားမှာ
စွယ်တော်ရွက်တွေ အလွယ်နဲ့ကြွေသွား
တယ်လီဖုန်းနံပါတ်တွေဟာ အသည်းယားစရာကောင်းရဲ့။

ဘဝတွေကိုမိတ္တူချုံ့လိုက်တော့
ပွဲတော်တစ်ခုရခဲ့
ဒီခေတ်များနဲ့ဒီအဖြစ်များပါပဲ။

ပွဲတော်ညမှာ ခင်ဗျားကောက်ကိုင်မိတာ
သူတပါးဒေါသမဟုတ်ရင်ပြီးတာပဲ
ရထားဟာ မီးပေါင်ပြည့်နေပေါ့။


စေတီတော်ရဲ့ ဆည်းလည်းသံမှာ
လရောင်ဖြာနေ
သန္တိသုခနှင်းတွေ ညထဲတဖွဲဖွဲ
ဟေး ခနဲအော် အသံစိုင်တစ်ခု
လေထုထဲလွင့်လာ
ပွဲတော်ဟာ ငြိမ်းချမ်းပေရဲ့။

ဘုရားအဆူဆူနဲ့လွဲခဲ့သူတွေ
ပွဲတော်ကိုအမိဖမ်း ထိစမ်းဖို့
အရောက်လာခဲ့ကြပြီ။