Breaking News

မောင်ရစ် - ၂၁ ရာစုသစ်မျိုးဆက် ဘာလဲ၊ ဘယ်လဲ


မောင်ရစ် - ၂၁ ရာစုသစ်မျိုးဆက် ဘာလဲ၊ ဘယ်လဲ

(အယ်ဒီတာ့လက်ရေး) မိုုုုုးမခ ဒီဇင််််ဘာ ၂၀၁၉ ပုံံံံံံံနှိပ်
မိုးမခ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၀

၂၀ ရာစုတုန်းက မျိုးဆက်တွေ ဘယ်နှမျိုး ရှိသလဲ။ baby boomer , generation X ပြီးတော့ အခု Millennial ရာစုသစ်မျိုးဆက်။ မိသားစုနဲ့ ပြောရင် အဖိုးအဖွားမျိုးဆက်၊ အဖေအမေမျိုးဆက်၊ သားသမီးမျိုးဆက်တွေပေါ့။ အခုလာမယ့် သားသမီးမျိုးဆက်တွေက ဘာလဲ ဘယ်လဲ။ ဒါကို သတင်းဆောင်းပါးတွေက ရေးကြတယ်။ ပြန်လည် ကောက်နုတ်တင်ပြလိုက်ပါတယ်။

ရာစုသစ်မျိုးဆက်တွေဆိုတာ ၁၉၈၀ နဲ့ ၂၀၀၀ ကြား မွေးတဲ့သူတွေကို ဆိုလိုတယ်။ အငယ်ဆုံး ၁၃ နှစ်ကနေ အကြီးဆုံး ၃၃ နှစ် ရှိတဲ့ သူတွေကို ဆိုလိုတာပေါ့။ သူတို့က ကွန်ပျူတာနဲ့ ကြီးပြင်းလာတယ်။ သချာင်္ကို သိပ်မသိဘူး။ နှစ်ဆယ်တန်းတွေဟာ အမေရိကန်မှာ သန်း ၈၀ ရှိတယ်။ 

ဘေဘီဘွန်မာ ဆိုတာက ကျနော့်အနေနဲ့ ပြောရင် အဖေတို့၊ အမေတို့ခေတ်၊ ကမ္ဘာစစ်ကြီးပြီးလို့ ပြန်လည်ထူထောင်ရေးကာလ၊ မိသားစုတွေ ကလေးတွေ မွေးကြ၊ အလုပ်တွေ လုပ်ကြ၊ အဲသည်ကနေ မွေးလာတဲ့သူတွေ baby boomer တွေ။ 

ကျနော်တို့က ၁၉၆၀ ကနေ ၁၉၈၀ ကြားမွေးတဲ့သူတွေ။ ကျနော်တို့က generation X တွေ။ စစ်ကြီးနဲ့လည်း ဝေး၊ အဖေ အမေတွေလောက်လည်း တည်ငြိမ်မှုမရ၊ အပြောင်းအလဲ အကူးအပြောင်းတွေ ဖြတ်ရတဲ့ မျိုးဆက်တွေလို့ ဆိုတယ်။

အဖိုးတွေ အဖွားတွေက အိမ်ဆောက်တယ်။ အဖေအမေတွေက အိမ်ပေါ်တက်နေတယ်။ ကျနော်တို့က အိမ်ပေါ်က ဆင်းသွားတယ်။ ကိုယ့်သားသမီးတွေကျတော့ အိမ်ပေါ်မှာလည်း နေတယ်။ အိမ်အောက်မှာလည်း နေတယ်။ သူတို့တွေက ကံအကောင်းဆုံးမျိုးဆက်တွေလို့ ဆိုတယ်။ မိဘနဲ့ အတူတူနေခွင့်ရှိတယ်။ မနေဘဲ ပြောင်းရွှေ့နေကြတယ်။ စီးပွားရေးမကောင်းလို့ အချိန်ပြည့်အလုပ် မလုပ်နိုင်သော်လည်း သူတို့တွေမှာ သုံးစရာ စွဲစရာ ဇိမ်ခံစရာ နည်းပညာခေတ်ထဲမှာ ပတ်ဝန်းကျင်က ဖူးဖူးမှုတ်တာ ခံရတဲ့ ခေတ်လို့ ဆိုကြတယ်။

သူတို့တွေကို ‘ငါမှငါ’ပဲ သိတဲ့ မျိုးဆက် … အင်္ဂလိပ်လို me, me, me, generation လို့ပြောတယ်။ ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်တွေလို့ အဖေ အမေ၊ အဖိုး အဖွားတွေက မျက်စောင်းထိုးကြတယ်လို့ ဆိုတယ်။ ကြည့်လေ … သူတို့က သတင်းစာမဖတ်၊ တီဗီမကြည့်၊ ရေဒီယိုနားမထောင်၊ သူတို့ ဖေ့စ်ဘွတ်တွေ၊ ဘလောက်တွေ၊ တွစ်တာတွေမှာ သူတို့အကြောင်းတွေပဲ သူတို့ တင်တယ်။ အချင်းချင်းပဲ စိတ်ဝင်စားတယ်။ သူတို့ကို သိစေချင်ရင် သူတို့ဆီမှာလာပြီး တင်ရတယ်၊ တက်ခ်ရတယ်၊ လိုက်ခ်ရတယ်၊ ဖောလိုးလုပ်ရတယ်၊ ရှယ်ရတယ်။ သူတို့ကတော့ ကိုယ့်ဆီ မလာဘူး။ သူတို့ဆီ ကိုယ်က လိုက်ရတယ် မဟုတ်လား။

သူတို့တွေဟာ Narcissism တွေလို့ ပြောတယ်။ လိပ်တွေလို့ ပြောတာပေါ့။ သူတို့တွေက ကိုယ့်ကိုယ်ကို အခွင့်ထူးခံတွေလို့ သဘောထားတယ်။ အဲသလိုနေတယ်။ ဖေ့စ်ဘွတ်မှာ သူတို့ အချိန်အဖြုံးဆုံးပဲလေ။ တွစ်တာတွေနဲ့ သူတို့တွေ အလုပ်ရှုပ်နေကြတာပဲ မဟုတ်လား။ သူငယ်ချင်းတွေရဲ့ သြဇာက နိုင်ငံတော်တို့၊ အစိုးရတို့၊ ဟောလီဝုဒ်တို့၊ သတင်းစာတို့ထက် ကြီးတယ်။ မှန်ကြိုက်ခင်တွေ မှန်ကြိုက်မောင်တွေလို့ စာစောင်တွေက သရော်ကြတယ်။ ဒါကြောင့် အရင်တုန်းက တီဗီမှာ ဇာတ်လမ်းတွဲတွေ ခေတ်စားတယ်။ အခုကတော့ တီဗီမှာ reality-TV show တွေ ခေတ်စားတယ်။ ပြောပွဲ၊ ပြိုင်ပွဲ၊ ဒါတွေကို သူတို့ အကြည့်များကြတယ်လေ။ ဒါကလည်း ခေတ်ကြီးကိုယ်တိုင်က သူတို့တွေကို ပစားပေးတဲ့ ခေတ်ဖြစ်နေလို့ အပြစ်မဆိုသာပါဘူး။

သူတို့ခေတ်မှာ တကမ္ဘာလုံး ကပ်မဆိုက်ဘူး။ ကမ္ဘာစစ် မဖြစ်ဘူး။ လူတွေက အချင်းချင်းတွေကြား နည်းပညာကျေးဇူးနဲ့ ပိုနီးစပ်လာတယ်။ နီးကပ်လာတယ်။ အသိပညာ ဗဟုသုတ ဖြန့်ချိဖလှယ်မှုဟာ မိသားစုအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်ကနေ ပိုပြီး ကျယ်ပြန့်လာတယ်။ ဖုံးတွေ၊ အင်တာနက်တွေ၊ အီးမေးတွေ၊ ဖေ့စ်ဘွတ်၊ ဘလော့ဂ်၊ တွစ်တာကနေ တယောက်နဲ့ တယောက် သုခ၊ ဒုက္ခ မျှဝေပြီး အဖြေရှာနေပြီ၊ အချစ်အမုန်းတွေ ရှာနေကြပြီ။ ပြသနာတွေ ရှာနေပြီ။ အဲလို ဖြစ်နေတယ် မဟုတ်လား။

သမိုင်းကို ပြန်ကြည့်မယ်။ 

၁၈၆၀ - ၈၂ မွေးတွေက လွတ်လပ်ရေးတွေ တော်လှန်ရေးတွေအတွက် စစ်ပွဲတွေ ဆင်နွှဲဖို့ မွေးလာရသူတွေ။ 

၁၈၈၃ ကနေ ၁၉၀၀ ပြည့် မွေးသူတွေက လမ်းပျောက်ရှာတဲ့ မျိုးဆက်တွေ၊ သူတို့ခေတ်မှာ ကမ္ဘာစစ်တွေ၊ ဝါဒစစ်တွေ၊ ဒေသတွင်း စစ်တွေ ဖြတ်ကြရတယ်။ 

၁၉၀၁ - ၁၉၂၄ တွေက သခင်အောင်ဆန်းတို့လိုမျိုး၊ ရီဂင်လိုမျိုး မျိုးဆက်တွေ ခေါင်းဆောင်မျိုးဆက်တွေ၊ ခေတ်ပြောင်းတဲ့သူတွေပေါ့။ 

၁၉၂၅ ကနေ ၁၉၄၂ က အသံတိတ်မျိုးဆက်တွေလို့ ဆိုတယ်။ ခေတ်ပြောင်းတော်လှန်ရေးကို ဖြတ်ကြသူတွေ၊ နောက်လိုက်ကောင်းတွေ ပေါ်ထွန်းတယ်။ ခေါင်းဆောင်တွေ ဖော်တာကို လိုက်ဆောက်ကြတယ်ပေါ့။ 

၁၉၄၃ - ၁၉၆၀ တွေကတော့ ဘေဘီဘွန်မား၊ ခေတ်ပြောင်းချိန် ဒီရေမြင့်သစ်မျိုးဆက်တွေ၊ သူတို့တွေက ခေတ်သစ်ဖြစ်အောင် တည်ဆောက်ကြတယ်၊ စွန့်စားကြတယ်။ တီထွင်ဖန်တီးကြတယ်။ ဒေါ်စုတို့ ကျနော်တို့ မိခင်၊ ဘခင် မျိုးဆက်တွေပေါ့။ လမ်းဖောက်ကြသူတွေပေါ့။ 

၁၉၆၀ ကနေ ၁၉၈၀ တွေက Gen X တွေ၊ လမ်းသစ်ကို လျောက်ကြသူတွေ၊ မေးခွန်းတွေ ထုတ်ကြသူတွေ၊ အရင်းရှင်တွေ ကွန်မြူနစ်တွေ ဝါဒတွေကို ပြန် မေးခွန်းထုတ်၊ ဘာသာရေးတွေကို မေးခွန်းထုတ်၊ အတွေးအခေါ်အသစ်တွေ နည်းပညာအသစ်တွေကို ဖော်ထုတ် ဖြန့်ချိသူတွေ ဖြစ်လာတယ်။ အိုဘားမားက အဲသည်ထဲ ပါတာပေါ့။ 

အဲသည်နောက်ဆုံးကတော့ ၁၉၈၀-၂၀၀၀ ခေတ်၊ ၂၁ ရာစုသစ်မျိုးဆက်၊ ဖေ့စ်ဘွတ် ထောင်တဲ့သူ၊ လေဒီဂါဂါ။ နည်းပညာခေတ်ကြီးထဲမှာ လူဖြစ်တဲ့သူတွေ။ သူတို့တွေက ‘ရေကန်အသင့် ကြာအသင့်’ မွေးကြတဲ့သူတွေလို့ ဆိုတယ်။ ကျနော်တို့ သားသမီးတွေ ပါတာပေါ့။

အဆိုးတွေ ပြောရရင် … အဖိုးတွေ အဖွားတွေ ခေတ်မှာ ပင်စင်တို့၊ ငွေစုဘဏ်တို့ မရှိဘူး။ အဖေအမေတို့ ခေတ်မှာ ပင်စင်တို့၊ ငွေစုတာတို့ ရှိတယ်။ ကျနော်တို့ Gen X တွေမှာက stock တွေ bond တွေ ရှိတယ်။ အကြွေးကဒ်တွေ ရှိတယ်။ သူတို့ ရာစုသစ်မျိုးဆက်မှာက စီးပွားကျတာ၊ အကြွေးတွေ ပုံနေတာ၊ အလုပ်လက်မဲ့ ပေါများတာတွေ ရှိလာတယ်။ မသေချာ မရေရာမှုတွေ များတာက သူတို့ မီးလျံမျိုးဆက်တွေပေါ့။

သူတို့ခေတ်မှာ သူတို့တွေက မိဘနဲ့ အသက် ၂၅ ကျော်အထိ ကပ်နေတယ်။ အသက် ၃၀ အထိ အချိန်ပြည့် အလုပ် မရသေးဘူး။ ရရင်လည်း အလုပ်တွေက မမြဲဘူး။ သူတို့က ပြောင်းရင် ပြောင်း၊ မပြောင်းရင် အလုပ်က ပြုတ်တာမျိုး ဖြစ်နေတယ်။ အသက် ၃၀ အထိ အိမ်ထောင်ပြုဖို့ မစဉ်းစားဘူး။ အိမ်ဝယ်ဖို့ မစဉ်းစား (နိုင်) ဘူး။ သူတို့က ဇာတိကို စွန့်ခွာပြီး ပြောင်းရွှေ့ပြီး သွားနေကြတယ်။

ကျနော်တို့မျိုးဆက် X တွေက ရည်မှန်းချက်ရှိတယ်။ တစုံတဦးဖြစ်ဖို့။ ဆရာဝန်၊ အင်ဂျင်နီယာ၊ သမ္မတ၊ စစ်ဗိုလ်၊ ကုန်သည် တခုခု ဖြစ်ဖို့။ အဖိုးအဖွားတွေတုန်းကလည်း ရည်မှန်းချက်ရှိတယ်။ သူတို့ သားသမီးတွေ ငြိမ်းချမ်းဖို့။ အဖေအဖေတို့က ရည်မှန်းချက်ရှိတယ်။ တည်ငြိမ်တဲ့ မိသားစု တည်ဆောက်ဖို့။ အခု ရာစုသစ်မျိုးဆက်တွေကတော့ ဘာမှ မဖြစ်ချင်ဘူး။ သို့မဟုတ် အားလုံးကို တပြိုင်နက်တည်း ဖြစ်ချင်နေသလို ရှင်သန်တယ်။ သူတို့မှာ ကိုးကွယ်ရာ ဘာသာ မရှိဘူး။ သူတို့ကိုယ် သူတို့ပဲ ကိုးကွယ်တော့တယ်။ သူတို့ အိမ်ထောင်ပြုတာ နောက်ကျမယ်။ ၄၀ လောက်မှ ဖြစ်မယ်။ အဲသည်ကျမှ ကလေးမွေးမယ်။ အဲသည်ကျမှ သူတို့ဘဝကို ပြန်စဉ်းစားလိမ့်မယ်။

ဒါပေမယ့် ထူးခြားတာကတော့ အဲသလို ရာစုသစ်မျိုးဆက်တွေ အဲသည်လိုဖြစ်ကုန်ရတာ မိဘတွေဖြစ်တဲ့ ကျနော်တို့ Generation X တွေရဲ့ လက်ချက်ပဲ။ အဖေ အမေတွေကို ပုန်ကန်ပြီး အရင်းရှင်တွေကို တိုက်၊ ကွန်မြူနစ်တွေကို တိုက်တာ Generation X တွေပဲ။ ဗဟိုချုပ်ကိုင်မှုကနေ ဖယ်ခွာပြီးတော့ နည်းပညာတွေ စက်မှုလုပ်ငန်းတွေ အသစ်ထူထောင်ပြီးတော့ Globalized လုပ်တာ၊ မတူတဲ့ လူမျိုး ဘာသာတွေ ကျောချင်းကပ်အောင် နီးစပ်အောင် ၄၀ ကျော် ၅၀တန်း မျိုးဆက်တွေက လုပ်ခဲ့တာပဲ။ ကျနော်တို့တတွေက ကျနော်တို့ သားသမီးတွေကို သူငယ်ချင်းပေါင်း ပေါင်းခဲ့ကြတာပဲ။ 

သည်တော့ အခုမျိုးဆက်တွေက မိဘတွေကို မကြောက်တော့ဘူး။ ပြန်ပြောတယ်၊ ဆွေးနွေးတယ်။ ဆယ်ကျော်သက်တွေ၊ ၂၀၊ ၃၀ တွေဟာ အခု ၄၀၊ ၅၀ တွေနဲ့ ရင်းနှီး ကျွမ်းဝင်နေဆဲဖြစ်တယ်။ အိုဘားမားကို အမေရိကန်ဆယ်ကျော်သက်တွေက သူငယ်ချင်းတဦးလိုမျိုး ရင်းနှီးနေတယ်။ ဒေါ်စုနဲ့ ဟယ်လာရီကတော့ နဲနဲ ကြီးသွားပြီ။ သူတို့က ကျနော်တို့ အဖေ၊ အမေ မျိုးဆက်တွေ။ ဒါပေမယ့် သူတို့လည်း Gen X လောက်နီးနီးတော့ ဂေါ်လီလုပ်တဲ့သူတွေလို့ ၂၁ရာစုသစ် မျိုးဆက်တွေက သဘောထားပါတယ်။

အရိုအသေလိုချင်တယ်၊ ခေါင်းငုံသွားရမယ်၊ လက်အုပ်ချီရမယ်ဆိုတာကို ကြိုက်တာဟာ အဖေ၊ အမေတွေ ခေတ်။ ဒို့အရေး ဒို့အရေး အော်ပြီး သေနတ်ကျည်ဆံတွေ လက်ကိုင်ဒုတ်တွေ ရှေ့က ပြေးဖူးတဲ့သူတွေဟာ Generation X။ အဲသည်ဟာတွေကို အင်တာနက်တွေ ဖုံးတွေ တီဗီတွေကနေ အဆက်မပြတ်ကြည့်ပြီး၊ အဖေအဖေတွေရဲ့ အိပ်ယာဝင်ပုံပြင်ကို နားထောင်ခဲ့သူတွေဟာ အခု တက်ကြွလန်းဆန်းပြီး အကြောက်အလန့် မရှိ၊ လိပ်လိုမျိုး ကိုယ့်အတွက် ရဲရဲကြီး ယက်နေတဲ့ အခုသည် ၂၁ ရာစုမျိုးဆက်သစ်တွေပေါ့။

သူတို့တွေခေတ်မှာ သူတို့ ဘာလုပ်ကြမယ် ထင်သလဲ။ သူတို့က အကြမ်းဖက်တော်လှန်ရေးသမားတွေ မဟုတ်တော့ဘူး။ အနုနည်းနဲ့ တော်လှန်ပြောင်းလဲကြလိမ့်မယ် ထင်တယ်။ ကျနော်တို့တုန်းကတော့ အာခံရတယ်။ ဖီဆန်ရတယ်။ အဖေ အမေတို့တုန်းက သူပုန်ထရတယ်။ အကြမ်းဖက်ရတယ်။ သူတို့ကတော့ ကျနော်တို့မျိုးဆက်တွေကို နားဝင်အောင် ဆွေးနွေးပြောဆိုကြလိမ့်မယ် ထင်တယ်။ ကျနော်တို့ အကျင့်ဆိုးတွေကို သူတို့ရဲ့ ကိုယ်ကျိုးကြည့်မျက်စိနဲ့ ဝေဖန်ပြီး၊ ကိုယ်ချင်းစာပြီး စဉ်းစားအောင် ဖိအားပေးကြလိမ့်မယ်ထင်တယ်။ မတူတဲ့သူတွေ အတူတူ နေထိုင်ပြီး သူ့အကြိုက် ကိုယ့်အကြိုက် Like လုပ်တတ်တဲ့ ယဉ်ကျေးမှု space ကို သူတို့ လူကြီးတွေကို သင်ပေးလိမ့်မယ် ထင်ပါတယ်။ အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်တဲ့အခါ သူတို့ကိုယ်တိုင်က သူများအကြွေးတွေကို ဝင်ထမ်းချင်မှာ မဟုတ်သလို၊ သူတို့တွေကိုယ်တိုင်ကလည်း နောင်လာမယ့် ၂၁ ရာစုလွန်မျိုးဆက်ကို မျိုးဆက်ဟောင်းတွေရဲ့ အကြွေးတွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ပေးရစ်ဖို့ သူတို့ ကြိုးစားလိမ့်မယ် မဟုတ်ဘူး။

ဟုတ်တယ်မို့လား။ ကျနော်တို့ စိုက်ပျိုးတာ ကျနော်တို့ ရိတ်သိမ်းရတယ်။ Generation X ကနေ မွေးဖွားလိုက်တဲ့ Millennial တွေ ပျော်ရွှင် တက်ကြွ မိမိအရေး မိမိတွေး လွတ်လပ်ပုံဖော်နေကြတဲ့ သားသမီးမျိူးဆက်အတွက် မိဘမျိုးဆက်က ဝမ်းသာရမယ် မဟုတ်လား။ လူကြီးတွေက လူငယ်တွေကို မျက်မှောက်ကြုတ် ပြစ်တင်ဝေဖန် ရှုတ်ချရတဲ့ ခေတ်ကုန်ပြီ ထင်ပါတယ်။

လက်နက် လေးမြား၊ အယူအဆ ဝါဒ၊ ကိုယ့်ဘက် သူ့ဘက်၊ ရုပ်ဆိုးကျည်းတန် သွေးတွေနဲ့ ရေးထားတဲ့သမိုင်း၊ အားလုံး ၂၁ ရာစုအဝင်ဝမှာ ထားခဲ့ပါ … တဲ့။ အဲဒါတွေ လွှတ်ချထားတဲ့ လက် ၂ဖက်နဲ့ သူတပါးတွေရဲ့ လက်၂ဖက်ကို မြဲမြဲစွဲကိုင် လက်တွဲ ခရီးဆက်ကြနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။