Breaking News

ဇင်လင်း - “အမျိုးသားရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ် ပေါက်ရေး”


ဇင်လင်း - “အမျိုးသားရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ် ပေါက်ရေး”

(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၀

ယ နေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ဆန်းစစ်ပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)လုပ်ငန်းစဉ်သည် ရှေ့မတိုး နောက်မဆုတ် တစ်ဆို့မှုများနှင့် ကြုံနေရသည်။ အကျိုးဆက်အဖြစ် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံသည်လည်း သောင် မတင် ရေမကျဖြစ်နေရသည်။ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများရပ်တန့်နေပြီး၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်ဖြစ်လာသည်။ ယင်းသို့ မတည်မငြိမ် ရှိနေစဉ်မှာပင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက နီးသည်ထက် နီးလာနေသည်။ 

၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ပို၍ အရေးကြီးသည်။ မြန်မာနိုင်ငံ မဲဆန္ဒရှင်ပြည်သူတို့ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် ပါတီကို ရွေးချယ်မည်လား။ သို့မဟုတ် သမိုင်းဘီး နောက်ပြန် လည်စေမည့် ပါတီကို ရွေးချယ်မည်လားဆိုသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသည်။ 
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဆန္ဒမဲပြားများကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့လိုသည်။ လတ်တလောတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့များက ပြည်သူအတော်မျာများ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းနေ သည်ဟု ဆိုကြသည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံ့အရေးကိစ္စများအပေါ် အာရုံစိုက်မှု အားနည်းနေသည်ဟုလည်း သုံးသပ် နေကြသည်။ မည်သို့ဆိုစေ ပြည်သူလူထုသည် အရေးကြီးသော နိုင်ငံရေးအချိုးအကွေ့များနှင့် ကြုံတိုင်း သူတို့၏ သမိုင်း ကို သတ္တိဗျတ္တိရှိစွာ ဆုံးဖြတ် ရေးသားခဲ့ကြသည့် အစဉ်အလာရှိသည်ကိုမူ ငြင်း၍ မရေပ။

၂၀၁၇ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာအနက် ၉ နေရာ အနိုင်ရရှိခဲ့သည်။ NLD ပါတီ က ပြည်သူ့ လွှတ်တော်တွင် ၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၃ နေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း ၉ နေရာ အနိုင်ရရှိခဲ့သည်။ ရာခိုင်နှုန်း အားဖြင့် ၄၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) သည် ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော ပါတီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ SNLD သည် ပြည် သူ့လွှတ်တော်တွင် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်တွင် ၄ နေရာ စုစုပေါင်း ၆ နေရာ အနိုင်ရရှိခဲ့သည်။ 

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ၏ ထူးခြားချက်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် မဲပေးပိုင် ခွင့်ရှိသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက မဲပေးသူ အရေအတွက် ကျဆင်းခဲ့သည်။ ပြည်နယ် လွှတ်တော်များတွင်မှု မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်၏ ထက်ဝက်နီးပါးခန့် လာရောက် မဲပေးခဲ့ကြသည်ဟု စစ်တမ်းများက ဆိုသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီသည် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ၆ နေရာသာ အနိုင်ရရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအရ မဲဆန္ဒနယ် ၁၃ နေရာအနက် လက်ရှိ အာဏာရပါတီ NLD က ၅၃.၈ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၂၃ ရာခိုင်နှုန်း၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီ အဖွဲ့ချုပ် နှင့် ဒေါက်တာ အေးမောင်၏ သား ဦးတင်မောင်ဝင်းတို့က ၇.၉ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း တွေ့ရသည်။

၂၀၁၈ နိုဝင်ဘာလ ၃ရက်တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၉ သိန်းကျော်အနက် ဆန္ဒမဲပေးသူပေါင်း ၃၈၂၉၆၁ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်းကျော်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် တာမွေ၊ လဲချားမြို့နယ် မဲန္ဒနယ်များတွင် မဲပေးသူ ၃ဝ ရာခိုင်နှုန်းကျော်ဖြင့် အနည်းဆုံးဖြစ်သည်။ ကန်ပက်လက်၊ မတူပီနှင့် ဆိပ်ကမ်းမြို့နယ်များတွင် မဲပေးသူ ၆ဝ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်သည်။ ကြိုတင်မဲပေးသူပေါင်း ၂၄၇၆၆ ဦးရှိပြီး ပယ်မဲ ၈၇၂၄ မဲ၊ ပျောက်မဲက ၇၅ မဲ ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သော စာရင်းအချက်အလက်များအရ သိရသည်။

 မြန်မာတပြည်လုံးအတိုင်းအတာနှင့် ကျင်းပခဲ့သော ၂၀၁၅ နိုဝင်ဘာ ၈ ရက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်အနက် ၂၄ သန်းနီးပါး မဲပေးခဲ့ကြသဖြင့် ၆၉ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက် ကော်မရှင်အနေဖြင့်  ၂၀၂၀  ရွေးကောက်ပွဲကြီးကို စံသတ်မှတ်ချက် ငါးချက် ချမှတ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲများသည် လွတ် လပ်ရမည်၊ တရားမျှတ ရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည်၊  အများယုံကြည်ရမည်၊  ပြည်သူ့ဆန္ဒနှင့်  ရွေးကောက်ပွဲ ရလဒ် တစ်ထပ်တည်း ကျရမည် ဆိုသော အခြေခံမူ ငါးချက်ဖြင့် ရပ်တည် ဆောင်ရွက်သွားမည်ဟုသိရသည်။  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ လူဦးရေ ၇ သန်းသာ ရှိခဲ့ပြီး၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၂၁ သန်း အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲလာသောကြောင့် သတင်းအတု၊ သတင်း အမှား၊ အမုန်းစကားများ ပိုမို များလာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ထောက်ပြ ထားသည်။ လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို၊ သတင်းမျိုးစုံ တင်မည့် အကောင့်များ ရှိနေသည်။ ထိုအကောင့် ပိုင်ရှင်များအနေဖြင့် သူတို့၏ ထင်မြင်ချက်များနှင့် သူတို့ ရရှိသည့်  သတင်းများကို အမှားအမှန် မခွဲခြားဘဲ အင်တာနက်တွင် တင်လာမည်ဖြစ်သဖြင့် အထူးသတိပြုကြရမည်ဟု ဆိုသည်။

အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆွယ်စည်းရုံးမည့် နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ဥက္ကဋ္ဌ က မေတ္တာရပ်ခံထားသည်။ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လွှာတင်ပြလာလျှင် အထောက်အထား ခိုင်လုံပါက အရေးယူဆောင်ရွက်သွားမည် ဟု ဆိုသည်။ နိုင်ငံရေးပါတီများ အနေဖြင့် မည္သူက တိုင်တန်းသည် ဖြစ်စေ၊ ကန့်ကွက်လွှာ တင်သည်ဖြစ်စေ၊ မိမိတို့က ဥပဒေ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ထားရန်သာ အဓိကဖြစ်သည်ဟု ဆိုသည်။ ရွေး ကောက်ပွဲများသည် ဒီမိုကရေစီ၏ ပြယုဂ် တစ်ခုဖြစ်သဖြင့် ရွေးကောက်ပွဲ အဆင့်ဆင့် ဆောင်ရွက်ချက်များကို ယုံကြည်ခြင်းသည် ဒီမိုကရေစီကို ယုံကြည် သက်ဝင်စေရေးအတွက် အဓိက သော့ချက်ဖြစ်ပေသည်။ 

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နို့စို့အရွယ် ဒီမိုကရေစီ ကလေးငယ်ကို လမ်းလျှောက်တတ်အောင် ပံ့ပိုး ကူညီရဦးမည်ဆိုသည်ကို ပြည်သူအများ သိရှိကြပါသည်။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အလွန့်အလွန်အရေးပါသည့် သမိုင်းအကွေ့အချိုးဖြစ်ကြောင်း မြန်မာနိုင်ငံသူနိုင်ငံသားများ သိရှိကြပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး အထွေထွေ အကျပ်အတည်းများမှ လွတ်မြောက်ရန် ၂၀၂၀ ရွေးကောက်ပွဲသည် သော့ချက်ဖြစ်သည်ဆိုခြင်းကိုလည်း ပြည်သူလူထု သိရှိကြပါသည်။ 

ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းဖြင့် ဝင်လာရေးကိစ္စ၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့် အလမ်းများ ဖေါ်ဆောင်နိုင်ရေးကိစ္စ၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ပေးရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်ကို ပြန်သူအများ တန်းတူခံစားနိုင်ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အစရှိသော ကိစ္စအဝဝကို ဖြေရှင်းနိုင်ရေးအတွက် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်သူ လူထုအနေဖြင့် တက်တက်ကြွကြွ နိုးနိုးကြားကြား ပြန်လည် မဲပေးကြရမည်ကို နားလည်သဘောပေါက်ကြသည်။

လတ်တလော နိုင်ငံရေး အခင်းအကျင်းများကို လေ့လာလျှင် တပ်မတော်၏ ကျောထောက်နောက်ခံမှု ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် NLD အစိုးရတို့အကြား အာဏာလွန်ဆွဲပွဲ စတင်ပြင်းထန်လာနေသည်။ 

၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံရေး ထိပ်တိုက်တိုးမှု ပြင်းထန်လေလေ ဖြစ်လာနေသည်။ ထင်ရှားသော ပြကွက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ လွှတ်တော်အတွင်း၌ အားပြိုင်မှု ပြင်းထန်နေခြင်းကို ကြည့်လျှင် သိနိုင်သည်။ လက်ရှိတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေရး လွှတ်တော်တွင်းမှ ဆောင်ရွက်ရန် ကြိုးပမ်းနေသော်လည်း တပ်မတော်က ပူးပေါင်း ကော်မတီ၏ လုပ်ဆောင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် မကိုက်ညီဟု ဆိုကာ ကန့်ကွက်နေခြင်းကြောင့် လွှတ်တော်တွင်းမှ ပြင်ဆင်မည့်ကြိုးပမ်းမှုသည် ထိရောက်နိုင်ခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေရးကိစ္စသည် ငြိမ်းချမ်းရေးခရီး၌ ကြီးမားသော အခက်အခဲ ဖြစ်လာ သည်။ ယုံကြည်မှုပျက်ပြားစေသည့် ခုခံဟန့်တားမှုလည်း ဖြစ်နေသည်။ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများက တပ်မတော်ကို လွှတ်တော်နိုင်ငံရေး၌ ဆက်လက်ပါဝင်နေခြင်းမှ ဆုတ်ခွာစေလိုသည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ ထောက်ခံမှုအရ တပ်မတော်က လွှတ်တော်အတွင်းမှ ထွက်ခွာရန် ငြင်းပယ်လျှက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) ကလည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် စစ်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိစ္စ အဆုံးအဖြတ်ပေးရမည့် နေရာဌာနများ၌ ရှိနေသူတို့သည် ပြည်သူလူထု၏ ပျော်ရွှင်ချမ်းမြေ့မှုကို ရှေးရှု၍ ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ’ ပြင်ဆင်ရေးကို အားပေး ထောက်ခံသင့်ပေသည်။ 

လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCA လမ်းကြောင်းအတိုင်း ဆက်လက်လိုက်ပါရန် တွေဝေလျှက်ရှိသည်။ လက်ငင်း ရခိုင်နှင့် ရှမ်မြောက်ဒေသများတွင် ပေါ်ပေါက်နေသော စစ်ရေး ပဋိပက္ခများကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ခက်ခဲလာနေသည်။ တိုင်းရင်းသားများ၏ လိုလားချက် များနှင့် သဘောထား ဆန္ဒများကို အခြေခံ ၍ ပါဝင်သင့်သူအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်ပင် မလွယ်ကူသည့် အခြေအနေဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ နီးလာလေ အာဏာလွန်ဆွဲပွဲ ပြင်းထန်လာလေ ဖြစ်နေသည်။ ထိုအခင်းအကျင်းသည် နိုင်ငံနှင့် ပြည်သူအများအတွက် မကောင်းသော နိမိတ်ပုံဖြစ်သည်။ ရခိုင်ပြည်နယ်ပြဿနာပေါ်ပေါက်စဉ္တွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများဖြစ်ပွားသည့်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက တပ်မတော်အား ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့သည်။ ထိုအချိန်က တပ်မတော်အား နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုမှ NLD အစိုးရက ကာကွယ်ပြောဆိုခဲ့သည်။ တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ ကိုင်တွယ်ဖြေရှင်းရာ၌ NLD အစိုးရက တပ်မတော်နှင့် သင့်သင့်မြတ်မြတ် ပူးပေါင်း ဆောင်ရွက်လိုသော သဘောထားကို ပြသခြင်းဖြစ်သည်။ ယင်းသို့ တပ်မတော်အား ကာကွယ်မှုကြောင့် NLD အစိုးရအား အနောက်အုပ်စု၏ ထောက်ခံမှု ကျဆင်းခဲ့ရသည်။ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများလည်း ကျဆင်းခဲ့ရသည်။ အတုံ့အလှည့် အနေဖြင့် တပ်မတော် က ပြည်သူလူထု၏ မျက်နှာကို ထောက်ရှု၍ NLD အစိုးရ၏ မူဝါဒ လမ်းစဉ်ကို ထောက်ခံ ဝန်းရံ ဖေါ်ဆောင်သင့်ပေသည်။

ရှစ်လေးလုံးပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပြည်သူလူထု၏ ပဓါန တောင်းဆိုချက်သည် နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု (Political System Change) ဖြစ်သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီ ရပိုင်ခွင့် ကို တောင်းဆိုခြင်း ဖြစ်သည်။ ‘တန်းတူရေး’ ဟု ဆိုရာတွင် လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်၊ ကိုးကွယ်သည့် ဘာသာ မျှမက၊ ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးအထိ ပါဝင်သည်။ အနှစ်ချုပ်ပြောရလျှင် ရွေးကောက်တင်မြှောက်ခံ အစိုးရနှင့် ထိုအစိုးရကို ရွေးချယ်တင်မြှောက်ပေးခဲ့သော ပြည်သူလူထုတို့အကြားရှိ နိုင်ငံရေးပဋိညာဉ်စာချုပ် (Political Covenant) ကို ယနေ့တိုင် ပြန်လည်ညှိနှိုင်း ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်တွင် ပေါ်ပေါက်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာသည် နိုင်ငံရေးပဋိညာဉ်စာချုပ်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးကိစ္စြဖစ်သည်။

Freedom House အဖွဲ့၏ သတ်မှတ် တိုင်းတာချက်အရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်၌ နိုင်ငံ ၁၁၆ နိုင်ငံတွင် ရွေးကောက်ပွဲ ဖြင့် တင်မြှောက်သော ဒီမိုကရေစီစနစ် (Electoral democracy) ရှိနေပြီ ဖြစ်သည်။ အချို့နိုင်ငံများတွင် ရွေးကောက်ပွဲများ ရှိသော်လည်း ရွေးချယ်တင်မြှောက်ခံရသူ လူထုကိုယ်စားလှယ်များအား အုပ်ချုပ်ရေးအာဏာ အပြည့်အဝ လွှဲပြောင်းပေး ခြင်း မရှိသေးဟု ဆိုသည်။ မြန်မာနိုင်ငံသည် Freedom House အဖွဲ့၏ သတ်မှတ်တိုင်းတာချက်အရ ဒီမိုကရေစီ လွတ်လပ် ခွင့် အမှတ် ၁၀၀ အနက် ၃၀ မှတ်သာရသဖြင့် တစ်စိတ်တစ်ပိုင်းသာ လွတ်လပ်သည်ဟု ဆိုသည်။ အဓိက အားနည်းချက် မှာ စစ်ဖက်ဆိုင်ရာ အင်အားစုများက ပါလီမန်လွှတ်တော်အပေါ် သြဇာလွှမ်းမိုးမှု ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်မှန် သော ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုထံမှ တိုက်ရိုက်အာဏာစီးဆင်းရမည်။ တနည်းအားဖြင့် ပြည်သူလူထုထံ၌ စစ်မှန်သော အချုပ်အခြာ အာဏာ ကျင့်သုံးခွင့် ရှိရမည်။ ဆိုလိုသည်မှာ ကက်ဘိနက်တစ်ဖွဲ့လုံးကို ရွေးကောက်ပွဲ အနိုင်ရ ပါတီက တာဝန်ခံခန့်အပ်ရမည်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် သက်ဆိုင်ရာ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီး၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်။ တရားစီရင်ရေးစနစ်သည် လွတ်လပ်၍ အမှီအခို ကင်းလွတ်ရမည်။ တိုင်းရင်းသား ပြည်သူ လူထု အများစုလိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ကျင့်သုံးရမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံမူများမှာ ‘အမျိုးသားရင်ကြားစေ့ရေး၊ ‘ပြည်တွင်းငြိမ်းချမ်းရေး’၊ ‘တရားဥပဒေ စိုးမိုးရေး’၊ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး’၊ ‘ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ်အောင်လုပ်ဆောင်ရေး’ များဖြစ်ကြောင်း ရွေးကောက်ပွဲ မတိုင်မီကပင် တင်ပြထားသည်ဟု ဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်း တွင် အဖွဲ့ချုပ်က သတ်မှတ်ထားသော အခြေခံမူများနှင့်အညီ တာဝန်ယူမည်ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အထူးပြုပြောကြားခဲ့သည့် အချက်မှာ National Reconciliation ဖြစ်သည်။

“အရေးအကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့ ချမ်းသာဖို့ဆိုလို့ရှိရင် ညီညွတ်မှု ဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျမတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အစိုးရ လို့ ပြောတဲ့အခါမှာ ကျမတို့ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင်မဟုတ်ဘူး၊ ကျမတို့ကို မဲ မပေး မထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျမက ရှင်းရှင်း လင်းလင်း ပြောချင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေး သို့မဟုတ် အမျိုးသားရင်ကြား စေ့ရေး အထူးလိုအပ်နေသည့်အချက်မှာ ငြင်းစရာမလိုသော ကိစ္စဖြစ်သည်။ အထူးသဖြင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ညီညွတ်လိုသော သဘောထား ခိုင်ခိုင်မာမာရှိဖို့လိုသည်။ ယခုအချိန် အထိ တိုင်းပြည်ဆင်းရဲမွဲတေကာ နိုင်ငံတကာအလယ် မျက်နှာငယ်နေရခြင်းမှာ အမျိုးသားရင်ကြားစေ့ရေး မလုပ်နိုင်ခြင်း ကြောင့်ဟု ဆိုလျှင် မမှားပါ။ ထို့ကြောင့် ‘၂၀၂၀ ရွေးကောက်ပွဲ’ တွင် “အမျိုးသားရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး” ကို တာဝန်ခံမည့် လွှတ်တော်နှင့် အစိုးရပေါ်လာဖို့လိုသည်။ ထိုသို့ တာဝန်ခံနိုင် မည့် နိုင်ငံရေးပါတီကို မဲပေးရွေးချယ်ရန်မှာ မဲဆန္ဒရှင်ပြည်သူတို့ သမိုင်းပေးတာဝန် ဖြစ်ပေသည်။။။။
(၂၀၂၀ ဖေဖေါ်ဝါရီ ၃ ရက်၊ တနင်္လာနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး)