Breaking News

ဖိုးသံ(လူထု) - ကျွန်တော်နဲ့အားကစား(၁)

Photo - Irrawaddy


ဖိုးသံ(လူထု) - ကျွန်တော်နဲ့ အားကစား (၁)

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀

ကျွန်တော်ကအားကစားထူးချွန်သူမဟုတ်ပါ။ အားကစားကိုဝါသနာပါသူပါ။ ဒါပေမဲ့ကျွန်တော့်ဘဝ တလျှောက်မှာ ငယ်ငယ်ကလေးကစလို့ အိုကြီးအိုမအထိ အားကစားနဲ့ ပတ်သက်ရတာတွေများလွန်းလို့ ဆောင်းပါးကိုအခုလိုခေါင်းစဉ်တပ်လိုက်တာဖြစ်ပါတယ်။

ကျွန်တော့်အဖို့အားကစားဟာ ဒီအင်န်အေထဲကပါလာတာ၊ မျိုးရိုးလိုက်တာလို့ဆိုရင်ရနိုင်မယ် ထင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိသျှကိုလိုနီဘဝမှာ လူငယ်များကြီးပွားရေးကိုလှုံ့ဆော်လှုပ်ရှားခဲ့ တဲ့ကျွန်တော့်အဖေ၊ ကြီးပွားရေးဦးလှ- နောင်မှာလူထုဦးလှ-ဟာ သူလူငယ်ဘဝမှာပဲ သူကိုယ်တိုင်လည်း အားကစားတွေလုပ်၊ တခြားဗမာနိုင်ငံသားလူငယ်တွေကို အားကစားလုပ်ဖို့တိုက်တွန်းနှိုးဆော်ခဲ့ပြီး အိမ် ထောင်ကျပြီးနောက်မှာလည်း အားကစားလုပ်ငန်းတွေနဲ့ ခွဲမရအောင်လုပ်ကိုင်နေထိုင်သွားတာဖြစ်လို့ပါ။ 

ကျွန်တော့်အသက်သုံးလေးနှစ်လောက်ကထင်ပါရဲ့။ ကျွန်တော့်အဖေဟာ ကာယဗလဦးဇော်ဝိတ်၊ ဦးနေဝင်း (နောင်မှာကျွန်တော့်ကြီးတော် ဒေါ်ဦးနဲ့အိမ်ထောင်ပြုသူ)တို့နဲ့အတူ လွတ်လပ်ကာစဗမာနိုင်ငံသား တွေကို အားကစားအတွက်လှုပ်ရှားလှုံ့ဆော်တာတွေလုပ်ရင်း ဝဝတုတ်တုတ်(အဲဒီတုန်းက) ကျွန်တော့် ကို အင်္ကျ ီချိုင်းပြတ်၊ ဘောင်းဘီတိုနဲ့ အားကစားကိုယ်ဟန်ပြတာတွေလုပ်ခိုင်းပြီး ရုပ်ရှင်ရိုက်၊ တပြည်လုံး အနှံ့လှုံ့ဆော်ပြသတာတွေလုပ်ခဲ့တာမှတ်မိနေပါတယ်။ 

အဲဒီနောက်တော့ ညောင်လေးပင်သား ကျွန် တော့ဖခင်ဟာ မန္တလေးမှာအားကစားလှုပ်ရှားမှု၊ စာပေယဉ်ကျေးမှုလှုပ်ရှားမှုတွေလုပ်ရင်း မန္တလေးရဲ့ မြို့မျက်နှာဖုံးတဦးဖြစ်လာတာဆိုတော့ သူ့ရဲ့အားကစားလှုပ်ရှားမှုတွေမှာ ကျွန်တော်ဟာအမြီးလို နောက်ကတန်းလန်းပါနေခဲ့ပါတယ်။ နောင်မှာဗထူးကွင်းဖြစ်လာမယ့် ယူဘီအေအေဘော့လုံးကွင်း (Upper Burma Atheletic Association)ကို ဘော့လုံးပွဲရှိတဲ့ နေ့တိုင်း၊ အစည်းအဝေးလုပ်တဲ့နေ့တိုင်း ကျွန်တော်ပါသွားလေ့ရှိပါတယ်။ ဒါ့အပြင်အဖေကိုယ်တိုင်ကြက်တောင်ရိုက်၊ ဂေါက်သီးရိုက်၊ တင်းနစ် ရိုက်သွားရာတွေမှာလည်း ကျွန်တော်ပါတာချည်းပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် အဖေကမန္တလေး ထောင်နဲ့ရန်ကုန်ထောင်တွေထဲမှာ သူထောင်ကျနေတုန်း အားကစားပွဲတွေကြီးမှူးလုပ်တော့လည်း ကျွန် တော်သွားကြည့်ရတာ မှတ်မိနေပါတယ်။

ဒီလိုနဲ့ကျွန်တော်တယောက် ကျွန်တော့်အိမ်အနီးအနားက ကွက်လပ်ကျယ်ကျယ်မှန်သမျှမှာ ဘော့ လုံးကန်၊ ဗော်လီဘောရိုက်ဖြစ်လာပါတော့တယ်။ ညနေကျောင်းဆင်းပတဲ့လားဆိုရင် လွယ်အိတ်ကိုစား ပွဲပေါ်ပစ်ပြီး ဘော့လုံးကန်တဲ့နေရာကိုသုတ်ခြေတင်တော့တာပါပဲ။ အဲဒီတုန်းကကျွန်တော်ကျက်စားလေ့ ရှိတာက နီးရင်တိုင်းချစ်ကျောင်း၊ ဝေးရင်ကယ်လီကျောင်းပါ။ ကျွန်တော့်ဘဝရဲ့အစောဆုံးအားကစား လှုပ်ရှားမှုတွေသန္ဓေတည်ပေါက်ဖွားရာနေရာနှစ်ခုလို့ပြောနိုင်မယ်ထင်ပါတယ်။

တိုင်းချစ်ကျောင်းထဲမှာက နွေးရာသီကျောင်းပိတ်ရက်လိုအခါမှ ကျွန်တော့်လိုအဲဒီကကျောင်းသား မဟုတ်သူတွေ ကစားခွင့်ရကြပါတယ်။ အဲဒီလိုကစားရာမှာ တိုင်းချစ်ကျောင်းပတ်ဝန်းကျင် ၃၃လမ်း၊ ၈၅လမ်းပေါ်နဲ့ ကိုယ်ရံတော်ဝင်း၊ ထီးဝင်းထဲကကလေးတွေပဲများကြပါတယ်။ နောက်ပြီး အဲဒီတိုင်းချစ် ကျောင်းထဲမှာနေကြတဲ့ ကိုပါနဲ့ကိုတာညီအကို (ဒါရိုက်တာမောင်တင်ဦးနဲ့ဇော်ဝမ်း)တို့လည်း ပါကြတာ ပေါ့။ 

တခါမှာတော့ အဲဒီတုန်းကခေတ်စားနေတဲ့ ကလေးဘော့လုံးသင်းတစ်သင်း ကျွန်တော်တို့ဖွဲ့စည်းကြ ပါတယ်။ အဓိကဦးဆောင်ဖွဲ့စည်းတာက ကိုပါ (မောင်တင်ဦး) ဖြစ်ပါတယ်။ သူကကျွန်တော်တို့ထက် နည်းနည်းကြီးပါတယ်။ သူကိုယ်တိုင်မပါပါဘူး၊ သူကဘတ်စကက်ဘောပဲကစားတာကိုမှတ်မိနေပါတယ်။ ကျွန်တော်ထောင်ကထွက်လာတော့ ကိုတာကနာမည်ကြီးမင်းသားဇော်ဝမ်းဖြစ်နေပြီး သူ့အကိုကိုပါ ကလည်း အောင်မြင်တဲ့ဒါရိုက်တာဦးတင်ဦးဖြစ်နေပါပြီ။ ဒါကြောင့်အဲဒီတုန်းက သူတို့နဲ့ရင်းနှီးတဲ့ ဆွေမကင်းမျိုးမကင်းတွေက “ကိုပါကြီးဟာငယ်ကတည်းက ဦးစီးဦးဆောင်လုပ်တာ၊ ညွှန်ကြားတာ ဝါသနာပါတယ်”လို့ပြောကြပါတယ်။ ကိုပါကဘော့လုံးအသင်းနာမည်ကို “ပျံလွှား”လို့ သူကရွေးလိုက် ပါတယ်။ ဒါပေမဲ့ သူကငွေအင်းအားစိုက်ထုတ်နိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် ဘော့လုံးသင်းအတွက် ယူနီဖောင်းလုပ်ရမယ့် စွပ်ကျယ်အင်္ကျ ီဝယ်တာ၊ အင်္ကျ ီ ပေါ်မှာပျံလွှားရုပ်ပုံနဲ့ စာလုံးရိုက်တာတို့အတွက် ကျွန်တော့်တို့ဘော့လုံးသမားတွေကိုယ့်ဟာကိုယ်ပဲပိုက်ဆံ ထုတ်ကြရပါတယ်။ မှတ်မှတ်ရရ၊ စွပ်ကျယ် အင်္ကျ ီကိုကျွန်တော်နဲ့ နောက်အဖော်တယောက်တို့ မန္တလေး.ဈေးချို အလယ်ပေါက်က ဆိုင်တဆိုင် မှာသွားဝယ်ကြပါတယ်။ စွပ်ကျယ်ဆယ့်လေးငါးထည်ဝယ်တာ ကျပ်သုံးဆယ် လောက်ကျတယ်ထင်ပါရဲ့၊ ဆိုင်ရှင်ကိုကျွန်တော်တို့ကငွေချေလိုက်တဲ့အခါမှာတော့ ဆိုင်ရှင်ဦးလေးကြီးမျက်လုံးပြူးသွားတာကိုမှတ် မိနေပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ပေးလိုက်တဲ့ငွေက အကြွေအနုပ်တွေချည်း လိုလိုဖြစ် နေလို့ပါပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်စုဘူးထဲကထုတ်ယူလာခဲ့ရတာမဟုတ်ပါ လား။

တိုင်းချစ်ကျောင်းဟာ ကျွန်တော့်အိမ်နဲ့တစ်ပြတောင်မဝေးပေမယ့် ကယ်လီကျောင်းကတော့ ကျွန် တော့်အိမ်နဲ့နှစ်ပြကျော်ကျော် လှမ်းပါတယ်။ အဲဒီမှာတော့ အုတ်တန်း၊ ထီးဝင်း၊ ရသာတန်း၊ အပ်ချုပ်ဝင်း၊ စတဲ့နေရာက ကလေးတွေစုကြတယ်လို့မှတ်မိပါတယ်။ အားလုံးကျွန်တော်နဲ့မတိမ်းမယိမ်း၊ ကျွန်တော့် ထက်အသက်ငယ်သူတွေသာဖြစ်ပါတယ်။ ကျွန်တော့်ထက်ကြီးတဲ့လူနည်းပါတယ်။

ဒီနေရာမှာဖြတ်ပြောချင်တဲ့ကိစ္စလေးတခု ခေါင်းထဲကိုဝင်လာပါတယ်။ အခုကျွန်တော်ဒီတရုတ်ပြည် မှာ အနှစ် နှစ်ဆယ်ကျော်လောက်စာသင်နေတာ ကျောင်းသားတွေ ထောင်ဂဏန်းရှိပြီး ကိုယ့်ဆီလာ ဘာသာပြန်လို့ သိကျွမ်းရတဲ့ မိတ်ဆွေတွေလည်း အမြောက်အမြားရှိပါတယ်။ ဒါပေမဲ့ အခုကျွန်တော့်မှာ ဘယ်လိုမှဖြေရှင်းလို့မရတဲ့ဒုက္ခတခုနဲ့တွေ့နေရပါတယ်။ အဲဒါကတော့ သိကျွမ်းသူတွေရဲ့နာမည်တွေကို မမှတ်မိတာပါပဲ။ တခါတလေသိပ်အားနာစရာကောင်းပါတယ်။ ဒါနဲ့ပြောင်းပြန် အခုဒီဆောင်းပါးကိုရေး မယ်လုပ်တဲ့အခါမှာတော့ အထက်မှာပြောခဲ့တဲ့ ၁ဝနှစ်သားတစ်ဝိုက်ကသူငယ်ချင်းတွေရဲ့နာမည်တွေ၊ ရုပ်ရည်တွေကိုပြန်စဉ်းစားတိုင်းအကုန်လိုလိုမှတ်မိနေပါတယ်။ လွန်ခဲ့တဲ့အနှစ် ခြောက်ဆယ်လောက်က မင်း- ငါပြောခဲ့ကြသူတွေပေါ့။

ကျွန်တော်မှတ်မိသလောက်ဆိုရင် ကျွန်တော်ငယ်ငယ်လေးတုန်းက ကယ်လီ ကျောင်းလို့အများ သိကြတဲ့ ယုဒသန်အောက်မေ့ဘွယ်ရာ နှစ်ခြင်းခရိယာန် (ဂျပ်ဆင်မယ်မိုရီရယ်ဘက်ပ်တစ္စ) ဘုရား ကျောင်းကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ထိပြီးပျက်စီးခဲ့ပါတယ်။ ၁၉၅ဝစုနှစ်များအစောပိုင်း မှာမှ ပြန်ပြင်ခဲ့တာပါ။ ဒါတောင်မှ ဘုရားကျောင်းတောင်ဘက်က အုတ်နီရောင်အဆောက်အဦကို တော်တော်နဲ့ မပြင်နိုင်ခဲ့ပါဘူး။ နောက်ပြီးအရင်က စာသင်ကျောင်းခန်းတွေနေရာတွေမှာလည်း ကွက် လပ်နဲ့အုတ်ခုံတွေသာကျန်ပါတယ်။ အဲဒီကွက်လပ်တွေမှာကျွန်တော်တို့တတွေ ဘောလုံးကစားကြ၊ ဗော် လီဘောကစားကြတာဖြစပါတယ်။

ကျွန်တော်တို့ငယ်ငယ်က မန္တလေးတောင်ပေါ်ကိုတက်တဲ့အခါ အမြင့်ကိုရောက်လို့ မန္တလေး မြို့ကို စီးပြီး လွှမ်းခြုံမြင်ရတယ်ဆိုတာနဲ့ ပထမဆုံးလုပ်ကြတာက ကိုယ့်အိမ်ဘယ်နားမှာလဲဆိုတာကို ရှာကြည့် တာပါ။ နှစ်ထပ်သာရှိတဲ့ကျွန်တော်တို့လူထုတိုက်ကို တောင်ပေါ်ကဘယ်လိုမှမမြင်နိုင်ပါဘူး။ ဒီတော့ ကျွန်တော်တို့လုပ်တာက ကယ်လီကျောင်းရဲ့ belfry ခေါ် ခေါင်းလောင်းကြီးတွေချိတ်ဆွဲထားတဲ့ မျှော်စင်လို အမိုးချွန်ချွန်ကြီးကိုရှာတာဖြစ်ပါတယ်။ အဲဒီချွန်ချွန်ကြီးရဲ့ဘယ်ဖက်နားမှာက သူ့ လောက် မမြင့်ပေမယ့် သူ့လိုပဲချွန်ချွန်ကြီးနှစ်ခု ထိုးထွက်နေတဲ့ဖားသားလဖုန်းကျောင်းက ဘုရားရှိခိုးကျောင်းကို လည်း လှမ်းမြင်ရပါတယ်။ ငါတို့အိမ်က ကယ်လီဘုရားရှိခိုးကျောင်းရဲ့ ညာဖက်နားမှာဖြစ်ရမယ်လို့ မှန်းကြ၊ ပြောကြတာမှတ်မိနေပါတယ်။

ကယ်လီကျောင်းအကြောင်းကျွန်တော်ရေးချင်ရတာရဲ့ အဓိကအကြောင်းရင်းတခုကတော့ ကျွန်တော့်ဘဝရဲ့ အပြစ်အကင်းစင်ဆုံးနဲ့အပျော်ရွှင်ဆုံးလို့ဆိုရမယ့် လူပျိုပေါက်မဖြစ်မီကာလ (အသက် ကိုးနှစ် အရွယ်လောက်ကနေ ဆယ့်သုံးလေးနှစ်အရွယ်လော်ကအထိ)မှာ ညနေတိုင်းလိုလိုသွားရောက် အချိန်ကုန်လွန်စေတဲ့နေရာဖြစ်လို့ပါပဲ။ အဓိကက ဘော့လုံးကန်တာပါ။ ဒါပေမဲ့အခုအချိန်မှာပြန်စဉ်း စားလိုက်တော့ ဘော့လုံးကန်တာထက် ကစာမယ့်လူမစုံခင်လူစောင့်ရင်း အချိန်ကုန်လွန်စေခဲ့တာတွေ ကိုမှတ်မိနေပါတယ်။ တချိန်ကအဲဒီ (၈၁×၈၂-၃၃×၃၄)လမ်းတွေအကြားက တပြပတ်လည် အကွက် ကြီးဟာ အမေရိကန်ဘက်ပတစ္စသာသာနာပြုအသင်းက ပိုင်ဆိုင်တဲ့အကွက်ကြီးဖြစ်ပြီး ဒုတိယကမ္ဘာ စစ်မတိုင်မီက ကယ်လီစာသင်ကျောင်းရှိခဲ့ပါတယ်။ ဒီအကွက်ကြီးဘေးနှုတ်ခမ်း.တလျှောက်မှာ နှစ်ခြင်း ဘာသာကိုးကွယ်တဲ့ ဆရာဆရာမတွေရဲ့အိမ်တွေချည်းလို ဖြစ်ပါတယ်။ ဘုရားကျောင်းဝိုင်း အတွင်းမှာ လည်းဆရာကြီးတွေရဲ့အိမ်နှစ်အိမ်လားရှိပါတယ်။ စာသင်ကျောင်းဆိုလို့ ကျွန်တော်တို့ ချာတိတ်တွေဟာ ခုနကပြောသလို လူစောင့်ရင်းလေကန်ကြတဲ့အခါ ဒီကျောင်းမှာဆရာကြီးရွှေဥဒေါင်းလည်းနေဖူးတယ်လို့ ကြီးကြီးကျယ်ကျယ် တွေပြောကြတာလည်းမှတ်မိနေပါတယ်။ ဘုရားကျောင်းကြီးရဲ့အရှေ့ဘက်မှာ အတော်ကြီးတဲ့ တမာပင်ကြီးတပင်ရှိပြီး အဲဒီတမာပင်ကြီးအောက်မှာပဲ လူစုံအောင်စောင့်ရင်းလေကန် ကြ၊ တမာပင်ပေါ်ကလူနဲ့ အောက်ကလူ တမာသီးစစ်တိုက်ကြ ကစားကြတာတွေလုပ်ကြပါတယ်။

ပြောမယ့်သာပြောတယ်၊ ဒီကွင်းမှာဘော့လုံးလာကစားကြတာက မလာတရက်၊ လာတရက် စုစု ပေါင်းလိုက်မှ ကလေးပေါင်. ၂ဝလောက်ရှိတာပါ။ အဲဒီအထဲမှာတော့ ကျွန်တော်က စတားပေါ့။ ဘယ် လောက်အထိ စတားဖြစ်သလဲဆိုရင် တခြားကွင်းက၊ ဒါမှမဟုတ် အပြင်ကလူတယောက် လာပြီးညစ် ကျယ်ကျယ်လုပ်လို့ ရန်ဖြစ်(ချ)ဖို့လိုပြီဆိုရင် အားလုံးကကျွန်တော့်ကိုပဲ ရှေ့တွန်းထုတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အလှည့်ကျ မနွဲ့စတမ်းဆိုတာမျိုး နှစ်ခါ၊ သုံးခါ“ချ”ဖူးခဲ့ပါတယ်။

ဒီမှာတချိန်ထဲဖြတ်ပြီးပြောဖို့လိုတာက စိန်ပီတာကျောင်းကဘော့လုံးပွဲတွေပါ။ ကျွန်တော်နေခဲ့တဲ့ စိန်ပီတာကျောင်းက အားကစားကိုအတော်အားပေးပါတယ်။ နှစ်စဉ်အရွယ်အသီးသီးကျောင်းသားတွေ အတွက်ဘော့လုံးပွဲနဲ့ပြေးခုန်ပစ်ပွဲတွေ ကျင်းပပေးပါတယ်။ ပါဝင်သူတွေကိုအသက်၊ အတန်းနဲ့ မခွဲခြားဘဲ အရပ်အမောင်းနဲ့ခွဲခြားပါတယ်။ ၄ပေ၃လက်မအောက်ဆိုရင် midget, ၄ပေ၉လက်မအောက်ဆိုရင် sub-junior, ၅ပေ၃လက်မအောက်ဆိုရင် juniorနဲ့ ၅ပေ၃လက်မအထက်ဆိုရင် seniorလို့ လေးမျိုးခွဲ သတ်မှတ်ထား.ပါတယ်။ ကျွန်တော်ငယ်ငယ်က အရပ်လည်းပု၊ အသက်ကလည်းအတန်းထဲမှာ အငယ် ဆုံးထဲပါတာမို့ မက်ထရစ်အောင်လို့ ကျောင်းကိုသာခွာရရော sub-junior ကမတက်ခဲ့ပါဘူး။ အဲဒီ အတန်းတွေမှာ ဘော့လုံးကန်တာ၊ ပြေးခုန်ပစ်ပါတာတွေလုပ်ဖူးပါတယ်။ sub-junior မှာအမြင့်ခုန် ဒုတိယတခါရဖူးတာကလွဲလို့ ဘာဆုမှမရဖူးပါဘူး။

အဲဒီနောက်တော့ ကျွန်တော်လည်းလူကောင်လေးထွက်လာ၊ အသက်လေးရလာလို့ ကယ်လီ ကျောင်းဘော့လုံးကွင်းကိုစွန့်ခွာပြီး မလွန်ဘော့လုံး.ကွင်းကိုခြေချရပါတော့တယ်။

(ဆက်ပါဦးမယ်)