Breaking News

ရဲသျှမ်း - ပိန်းလို့တော့ မဖြစ်ဘူး

ရဲသျှမ်း - ပိန်းလို့တော့ မဖြစ်ဘူး

သမီးသို့ပေးစာ (၂)
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၀
(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်)
၂၀၁၉ ဇွန်လ ၇ ရက်နေ့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားခဲ့တယ်ဆိုတာ သမီးလေးလည်း သိပြီးဖြစ်မှာပေါ့ကွယ်။ ပုဒ်မ ၆၁(စ)ကို အမျိုးသား လွှတ်တော်က ‘နယ်မြေလုံခြုံမှုရှိသော အခြေအနေတွင် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ နှင့် ဝန်ဆောင်မှုလုပ်ငန်းများရရှိမှုကို ငြင်းဆိုအဟန့်အတားပြုခြင်း’ လို့ပြင်ဆင်ပေမယ့် ပြည်သူ့ လွှတ်တော်က “ နယ်မြေလုံခြုံမှုရှိသော အခြေအနေတွင် ” စာသားမလိုပါဘူး…ဒါကြောင့် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတော့ ပြည်သူ့လွှတ်တော်က သဘောတူတဲ့အတိုင်း အတည်ပြုခဲ့တယ်။

သည်အချိန်မှာ ၆၁ (စ)နဲ့ မဆိုင်တာကိုတပ်မတော်သားကိုယ်စားလှယ်က ပုဒ်မ ၂၁, ၂၈ အစဆွဲထုတ်ပြီး ဆွေးနွေးလို့သဘာပတိက သတိပေးခဲ့ပေမယ့် သည်ဆွေးနွေးမှုက ပျံ့နှံ့ပြီး လွှတ်တော်သတင်းလည်း သေသေချာချာနားမထောင်၊ စာလည်းမဖတ်၊ အခြေခံဥပဒေလည်းမသိတဲ့သူတွေက အွန်လိုင်း (online ) ပေါ်မှာ ဖွကြပါလေရော။

သည်ကနေထပ်ပြီး လူထုဆန္ဒထုတ်ဖော်၊ ကန့်ကွက်ပွဲတွေလုပ်ကြပါရောလားကါယ်။ ခက်တယ်သမီးရေ၊ စာမဖတ် ပိန်းတဲ့သူတွေဟာ အရာရာကို ယုံလွယ်တော့တာပါပဲ။ မှတ်ပုံတင်တယ်ဆိုတာကို သမီးတို့ ဖေဖေတို့ကိုင်နေတဲ့နိုင်ငံသားကတ်လို့ထင်လောက်အောင်ကို ပိန်းကြတာ သမီးလေရေ…။

ကြောင်တောင်တောင်အတွေးတွေနဲ့ နိုင်ငံသားဖြစ်သူက နိုင်ငံသားမဟုတ်တဲ့ကလေး နှစ်ယောက်ကို မွေးစားခွင့်ရပြီး အဲသည့်ကလေးတွေက အလိုလို နိုင်ငံသားဖြစ်ခွင့်ရမယ်၊ မှတ်ပုံတင်(နိုင်ငံသားကတ်) ရမယ်၊ မဲပေးနိုင်ခွင့်ရမယ်ဆိုပြီး ဟောပြောတာတွေထိလုပ်လာကြတာကို ပညာတတ်ဆိုတဲ့သူတွေ လည်း ယုံတော့တာပဲ။ ဖေဖေတို့သူငယ်ချင်းတစ်ချို့၊ စာရေးဆရာတချို့ တောင်ပါသေးတယ်လေ။ ဖေဖေလေ အဲသည်လိုပိန်းတာကို ဘယ်လိုစိတ်တိုမှန်းမသိဘူး။

၁၉၈၂ ခု မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေပုဒ်မ ၇၃ မှာ “ နိုင်ငံသား(သို့) ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့် ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား(သိ့ု) ဧည်နိုင်ငံသား(သို့) နိုင်ငံသား ပြုခွင့်ရသူအဖြစ်ကို မရရှိစေရ ” လို့ပြဋ္ဌာန်းထားတာပါ။ ရှင်းတယ်နော်သမီး။ ရှိပြီးသားဥပဒေကိုမသိဘဲ ရမ်းတုတ်၊ ဘိုးပြော ဘယုံဆိုတဲ့သူတွေပေါ့ကွယ်။

ပွဲဆူချင်တဲ့သူတွေအကြိုက်ဖြစ်တော့တာပေါ့။ နေ့စားခရတဲ့သူတွေလည်း ဘူမသိ၊ ကိုးမသိလိုက်လာ၊ တိုင်ပေးတာတွေ အော်ပေါ့။

အမှန်တော့ သတင်းထုတ်ပြန်မှုအားနည်းတာပဲ။ လွှတ်တော်၊ ပြန်ကြားရေးက ပြည်သူတွေ နားလည် လွယ်၊ ရှင်းလင်းတဲ့အရေးအသားနဲ့ သတင်းထုတ်ပြန်ပေးရမှာ။ ကြားထဲက မနေနိုင်သူတွေက ဖေ့ဘုတ် ပေါ်တင်၊ ဆောင်းပါးရေးနဲ့ ပြန်ရှင်းပေးနေရတယ်။ အခုကိုပဲ ဖေဖေရေးနေရပြီလေ။

သမီးလေးရေ၊ ဖေဖေတို့နိုင်ငံမှာ ဒီမိုကရေစီအသားကျဖို့က အတော်လေး အချိန်ယူရမယ်ထင်ပါရဲ့ကွယ်။ တိုင်းပြည်အတွက်၊ ပြည်သူ့အတွက်မစဉ်းစားနိုင်ဘဲ အာဏာရဖို့၊ ကိုယ့်အဖွဲ့အစည်းအင်အားကို အလွန် အကျွံအသုံးချပြဖို့ရည်ရွယ်နေတာကိုက ကန့်လန့်တိုက်နေတာပဲမဟုတ်လား။

ပေးကမ်း၊ ထောက်ပံ့မှုအပေါ်သာယာပြီး မပြောအပ်မဆိုအပ်စကားတွေပြောနေကြတဲ့တရားမဝင်အဖွ့ဲ အစည်းကလည်း ညီညွတ်မှုကိုသင်းကွဲအောင်ဖန်တီးနေကြပြန်ပါတယ်။ လူထုခေါင်းဆောင်ရဲ့မေတ္တာတရာကို မယူနိုင်လောက်အောင်ကိုပဲ ကိုယ်ကျိုးအတ္တကြီးလွန်းတယ်လို့ ဖေဖေတွေးမိပါတယ်။

သမီးရေ…၊ လက်နက်ကိုအင်အားလို့ထင်နေတဲ့သူတွေဟာ၊ အဲသည်အင်အားကောင်းသည်ထက် ကောင်းအောင် လုပ်ယူကြမှာပါပဲ။ စိတ်ဓာတ်မြင့်မားမှုကိုသာအင်အားလို့သတ်မှတ်မှသာ လူ့အဖွဲ့ အစည်းကတိုးတက်မှာနော်၊ ငြိမ်းချမ်းမှာနော်၊ ဒါပေမဲ့ စိတ်ဓာတ်အင်အားတွေ ဟိုး …အောက်ဆင်းနေမှ တော့ ညီညွတ်တဲ့နိုင်ငံ၊ စည်းလုံးတဲ့နိုင်ငံ အခုအထိ ဖြစ်မလာနိုင်ကြသေးဘူး။

အတိုက်အခံဆိုတာ အစိုးရကိုအပုပ်ချရတာမဟုတ်ဘူး၊ ကန့်လန့်တိုက်ရတာမဟုတ်ဘူး၊ ပြိုင်ဆိုင်ရတာ။ ထိန်းကျောင်းရတာ။ ဘာပဲဖြစ်ဖြစ် ပြည်သူကိုပဲ မျက်နှာမူရတာလို့ ဖေဖေမှတ်သားဖူးတယ်။ ဖေဖေတို့ဆီမှကတော့ အနီနဲ့အစိမ်း ရန်ဖြစ်နေကြတာပါပဲ။ အစိမ်းလုပ်ရင် အနီမပါဘူး၊ အနီလုပ်ရင် အစိမ်းမပါဘူးဖြစ်ကုန်ကြတာ။

ဖေဖေ ဗိုလ်ချုပ်မွေးနေ့ဟောပြောပွဲတစ်ခုမှာ ကြုံရတာလေး ပြောရဦးမယ်။ တိုင်းမြို့ကြီးရဲ့ဘုန်းကြီးကျောင်းဝင်းထဲမှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲက တစ်စင်၊ တီးဝိုင်းက တစ်စင်လုပ်ထားပါလေရော။ အချိန်ကလည်း အတူတူပဲ။ စာပေဟောပြောပွဲကအနီ၊ တီးဝိုင်းက အစိမ်းတဲ့။ ဖေဖေလေ စာပေဟောပြောပွဲကို စင်နဲ့မဟုတ်ဘဲ ဆွမ်းစားဆောင်ထဲ ပြောင်း ကျင်းပဖို့ ပွဲစီစဉ်သူတွေကိုပြောပြီး ဟောပြောခဲ့ရတယ်။ ကဲ ..ကောင်းသေးရဲ့လားသမီးရေ။ မပူးပေါင်းနိုင်တောင်မှ အချိန်ခွဲလုပ်ကြရမှာပေါ့နော်။

မက်လုံးပေးတာတွေ၊ ခြေကလိန်ထိုးတာတွေ၊ အတိတ်ကတစ္ဆေကိုပြန်အသက်သွင်းချင်နေတာတွေ ဖေဖေတို့ သမီးတို့ ဆက်တိုက်ကြုံရလိမ့်ဦးမယ်။ ဆင်ခြင်တုံတရားနဲ့ ပါးပါးနပ်နပ် ကျော်ဖြတ်ရလိမ့် မယ်။

လွှတ်တော်အတွင်းကနေ ခြေဥပြင်ဆင်ရေးက အတော်ခရီးပေါက်ခဲ့ပြီဆိုတော့ ဒါကို မရှုစိမ့်နိုင်သူတစ်စု က အမျိုးမျိုးသောပဋိပက္ခတွေ ဖန်တီးလာနိုင်တယ်။ ခေတ်စကားနဲ့ပြောရရင် ဂျင်း သတင်းတွေ ပေါ်လာ လိမ့်မယ်။ အူတူတူ အတတတွေ ပိန်းဥ အကျွေးခံရလိမ့်မယ်။ အဲသည်လို ဂျင်းအထည့်မခံရဖို့၊ ပိန်းဥ အကျွေးမခံရဖို့က ကိုယ်တိုင်ကြိုးစားရမှာ။ စာဖတ်ရမယ်လေ။ စာဖတ်တာက ဆင်ခြင်တုံတရားနဲ့ အမှန် အမှားကို ခွဲခြားသိမြင်တာမဟုတ်လား။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကိုအကြောင်းပြုပြီး မဆိုင်တာတွေဆွဲထုတ်၊ ပွဲဆူအောင်လုပ်၊ အစိုးရနဲ့ပြည်သူကိုသွေးခဲ… စတာတွေ သမီးလေးသိပြီနော်။ နောက်ထပ်လည်း ဘယ်လိုအကြောင်းတွေ ဖန်လာဦးမယ်မသိဘူး။ ဆင်ခြင်နိုင်စွမ်းနဲ့ယဉ်ပါးနေသူတွေအတွက်တော့ ဖန်တီးလာတဲ့ အတုအယောင် ဇာတ်လမ်းတွေကို ဥပေက္ခာပြုနိုင်လိမ့်မယ်။

သည်လိုအသိတွေ သမီးလေးသူငယ်ချင်းမိတ်ဆွေတွေဆီမှာလည်း ရှိနေရလိမ့်မယ်။ သမီးကပဲ ဖေဖေ့ စကားတွေကို ပြောပြ၊ မျှဝေပေးလိုက်ပေါ့။ ဒါမှ ဓမ္မ၊ အဓမ္မခွဲခြားတတ်သွားမှာလေ။ ပိန်းလို့တော့ မဖြစ် ဘူးနော်သမီး။

ဖေဖေ
ရဲသျှမ်း
၂၀၁၉၊ ဇွန် ၂၂ ရက်