Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၇)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၇)

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၀

(၁)
မြန်မာစာပေမှာ “တောလား” ဆိုတဲ့ ကဗျာအဖွဲ့မျိုးရှိတယ်။ ခရီးသွားကဗျာအဖွဲ့လို့ ဆိုရမှာပေါ့။ ရေမြေ တောတောင်တွေရဲ့ အလားအလာကို ဖွဲ့ဆိုထားတာဖြစ်လို့ “တောလား” လို့ ခေါ်ခြင်းဖြစ်ပါတယ်။

“ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနေသဒ္ဒါ၊ ကြောင်းချင်းရာကို၊ လင်္ကာကုံးသီ” လို့ ရှင်မဟာရဋ္ဌသာရက ဆိုထားတဲ့အတွက်“ဂမု၊ ဂမုဓာတ်သည်၊ ဂမန၊ သွားခြင်းအနက်၌” ရှိလေတော့ ခရီးသွားလင်္ကာလို့ မုချဆိုနိုင်တာပေါ့။

ဒါ့ကြောင့် ရှင်မဟာရဋ္ဌသာရရဲ့ ရွှေစက်တော်သွားတောလား၊ ရှင်ဥတ္တမကျော်တောလား စသည်ဖြင့် မြန်မာစာပေမှာခရီးသွားလင်္ကာအဖွဲ့ ထွန်းကားခဲ့ပါတယ်။ ကင်းဝန်မင်းကြီး ဦးကောင်းနဲ့ ဦးခြိမ့်တို့က သံတမန်ခရီးတွေပေါ့။ ကဗျာလိုရောစကားပြေလိုပါ မှတ်တမ်းတင်ခဲ့ကြတယ်။

ကိုလိုနီခေတ်မှာတော့ ဆရာတော်ဦးဥတ္တမတို့၊ ဂဠုန်ဦးစောတို့လို ဂျပန်ခရီးမှတ်တမ်းတွေ၊ သိပ္ပံမောင်ဝ တို့လို အောက်စဖို့တက္ကသိုလ် ပညာသင်မှတ်တမ်းတွေ အများအပြား ပေါ်လာခဲ့ပါတယ်။

“ရက်ဒဆီး၊ မစ်ဒီးတာရေနဲ့” စတဲ့ ကင်းဝန်မင်းကြီးရဲ့ ခရီးစဉ်ကဗျာကလေးကို သတိရမိသေးရဲ့။

(၂)
၁၄-၂-၂၀၀၅ နေ့က သမီးမိုးမိုးနှင်းတို့မိသားစုနဲ့အတူ အီတလီနိုင်ငံ ရောမမြို့ကို အလည်အပတ် ရောက်သွားခဲ့တယ်။

တမြို့လုံး သမိုင်းဝင်အဆောက်အအုံများနဲ့ ကြီးကျယ်ခဲ့တယ်။ခမ်းနားခဲ့တယ်။ နေရာတကာ ဗိသုကာလက်ရာ အဆန်းတကြယ်၊ ပန်းပုပန်းချီ တုမမီနိုင်တဲ့ လက်ရာတို့နဲ့ ရောမဟာ အသက်ဝင်နေတယ်။

“ဗိသုကာမှု၊ ပန်းပုလက်ရာ
စာပေ ပန်းချီ၊ ရီနေဆန်ခေတ်
ထွန်းသစ်ပေါ်ရာ နှစ်များစွာ
လူသားတို့ရဲ့ ရတနာ” လို့ မှတ်ချက်ကဗျာရေးမိတယ်။
ရောမဇာတ်ရဲ့
တဖျတ်ဖျတ်လှပ၊ ဒဿနများ
ဂျူလီယက်ဆီဇာ၊ ကလီယိုပါထရာ
စာမျက်နှာများ …
မုိက္ကယ္အိန္ဂ်ယ္လုိ၊
နှိုင်းဆိုဖွယ်မမြင် ကဝိရှင်များ …
ဘာသာတရား၊ ဘုရားထွတ်မြတ်
နန်းပြာဿဒ်နှင့်
ဖွဲ့စပ်ထားတဲ့ မော်ကွန်းများ
အိုဘယ့်အံ့ဖွယ် တခမ်းတနား” လို့လည်း ရောမရဲ့ အဗ္ဘုတရသကို လင်္ကာမစို့မပို့နဲ့ ဆေးစက် “တို့” မိပါတယ်။

(၃)
ကျွန်တော်ဟာ ဒေသန္တရဗဟုသုတ အတော်ချို့ငဲ့သူပါ။ ဘယ်ရပ်ဘယ်ရွာမှ သွားရဲလာရဲသူမဟုတ်။ ကိုယ့်ရပ်ကိုယ့် ရွာ ကိုယ့်ပတ်ဝန်းကျင်တဝိုက်မှာသာ ပျော်မွေ့နေလိုသူဖြစ်ပါတယ်။ စွန့်စားရဲတဲ့သတ္တိ နည်းလှပါတယ်။ မန်ကျည်း ပင်ရိပ်၊ တမာပင် ထနောင်းပင်ရိပ်မှာပဲ လျောင်းစက်အိပ်ပြီးနေလိုတဲ့ လူပျင်းတယောက်ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကစပြီး နဝတအစိုးရရဲ့ ကျေးဇူးကြောင့် ပြည်ပြေးကဗျာဆရာ ဖြစ်ခဲ့ရပါတယ်။ မပြေးပြန်ရင်လဲ ထောင်ထဲမှာ နှစ်အကန့်အသတ်မရှိ ဆွဲသွင်းနေဦးမယ့်အရေးက ရှိပေသေးသကိုး။

ဒီတော့ မောင်ပေါက်ကျိုင်းထုံး နှလုံးမူပြီး “သွားဖန်များ ခရီးရောက်” ဆိုသလို ဟိုနိုင်ငံ သည်နိုင်ငံ ရောက်ရတော့တာပေါ့။ နိုင်ငံတကာရောက် မြန်မာမိသားစုတွေရဲ့မေတ္တာနဲ့ နိုင်ငံစုံက ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံရ၊ နှီးနှောရ၊ စကားဆိုရလို့ ကြည်နူးမဝတဲ့ဘဝ ရောက်ခဲ့ရတယ်။ နဝတကိုလဲ ကြံဖန်ပြီး ကျေးဇူးတင်ရပါတော့တယ်။

(၄)
ခုလို ရောမရောက်လာခိုက် တိုက်တိုက်ဆိုင်ဆိုင် သတိရမိတာကတော့ နီရိုးဘုရင်ပါ။ ငါတို့ဟာ နီရိုးဘုရင်လို ဥပေက္ခာပြုအားတဲ့စိတ်မွေးလို့ မဖြစ်ဘူး။ ကဗျာချိုချို ပလွေတိုကလေးမှုတ်ပြီး လူသားတွေရဲ့ဒုက္ခကို မေ့နေလို့ မဖြစ်ဘူးလို့ သတိရမိလိုက်ပါတယ်။ ဒါ့ကြောင့်် …

မောင်းတီးမဲ့လူသား

“ရောမမြို့ကြီး မီးလောင်နေစဉ်
စောင်းတီးမပျက်တဲ့ နီရိုးဘုရင်” တဲ့
ရာဇဝင်မှာ စာတင်ခဲ့ကြရတယ်။

လူမှုဒုက္ခများကို
ဥပေက္ခာထားနိုင်အားပါပေ့။

တို့ပြည်သူရဲ့ ရင်ဘတ်
စစ်ဖိနပ်နဲ့တက်နင်းလို့
အသက်မျှင်းမျှင်းကလေးရှူနေရ
သူမတူအောင် အညှဉ်းခံ
ဖက်ဆစ်ဂျပန်ထက် အဖြစ်ဆိုး
ရင်ကျိုးရတဲ့ တို့ဘဝပါလား။

တို့ပိုင်တဲ့လက်နက်နဲ့
ဖက်ဆစ်ဒမြ၊ စစ်ဝါဒကို
တိုက်မှဖြစ်မယ်။

ငါတို့ဟာ နီရိုးမဟုတ်
ပေလြမႈတ္မေနအား
တေယာထုိးမေနအား
စောင်းတီးမနေအား
မောင်းတီးကြရမယ့်လူသား။

“မောင်းကိုထုပါ၊ လူစုပါလော့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့”
ဖိုးမောင်တို့ … ဖိုးထောင်တို့ …
တောင်မြောက်လေးပါး
ရှေ့နောက်ဖျားက
ဓားလှံမျိုးစုံ၊ ကိုင်ဆောင်ကုန်လျက်
၀ိုင်းအုံကြလော့၊ လာကြလော့”

ကျွန်တော်ရဲ့နားထဲမှာ ဖိုးမောင်တို့ပြည်သူတရပ်လုံး တခဲနက်အုံကြွပြီး စစ်ဒမြတွေကို မောင်းထုတ်ကြမယ့် အရေး မျှော်တွေးနေမိပါတော့တယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၃)၊ ဧပြီ ၂၀၀၅