Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 9. Trouble with Time - အချိန်ပြဿနာ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -    9. Trouble with Time - အချိန်ပြဿနာ

(မိုးမခ) ဖေဖော်ဝါရီ ၅ ၊ ၂၀၂၀

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ

နိဒါန်း
နေကို လှည့်ပတ်နေသော ဂြိုဟ်များကို နေနှင့်အနီးဆုံးမှ စတင်၍ ရေတွက်လျှင် ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ ကမ္ဘာ၊ အင်္ဂါဂြိုဟ်ဟူ၍ ဖြစ်ရာ အင်္ဂါဂြိုဟ် (Mars) သည် စတုတ္ထမြောက်ဂြိုဟ် ဖြစ်သည်။ နေမှ အကွာအဝေးသည် ပျမ်းမျှအားဖြင့် မိုင်ပေါင်း ၁၄၂ သန်းခန့်ရှိသည်။ ၎င်း၏ အချင်းသည် မိုင် ၄၂၂၀ ခန့်ရှိသဖြင့် ကမ္ဘာ၏ ထက်ဝက်ကျော်ကျော် ရှိသည်။ အလေးချိန်သည် ကမ္ဘာ၏ ဆယ်ပုံတပုံခန့်ရှိပြီး အင်္ဂါဂြိုဟ်၏ မျက်နှာပြင်တွင် ဆွဲငင်အားသည် ကမ္ဘာ၏ 4/9 လောက် ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ပေါင် ၁၂၀ လေးသော အရာဝတ္ထုသည် အင်္ဂါဂြိုဟ် ပေါ်တွင် ၄၆ ပေါင်သာ လေးသည်။

အင်္ဂါဂြိုဟ်သည် နေကိုပတ်၍ ရက်ပေါင်း ၆၈၇ ရက် ကြာသည်။ ဝင်ရိုးပေါ်တွင် တပတ် ပတ်၍ ကမ္ဘာ၏ တရက်ထက် ၃၇ မိနစ် ပိုကြာသည်။ ၎င်းတွင် ပတ်နေသော လ နှစ်ခု ရှိသည်။ လ များ၏ အမည်မှာ ဒေးမိုး (Deimos) နှင့် ဖိုးဘိုး (Phobos) တို့ ဖြစ်သည်။ လများ၏ အချင်းများမှာ မိုင်နှစ်ဆယ်စီလောက်သာ ရှိသည်။

“အင်္ဂါဂြိုဟ်ပေါ်မှာ ရာဇဝတ်မှုက သိပ်မရှိဘူး။ ဒါကြောင့် ကျွန်တော် ကမ္ဘာကိုပဲ ပြန်တော့မယ် ဗျာ” ဟု ရဲအရာရှိ စုံထောက် ရောလင်း (Rawlings) က ပြောသည်။

ကျွန်တော်တို့သည် အင်္ဂါဂြိုဟ်၏ လ တခုပေါ်ရှိ အာကာသစခန်းတွင် ကမ္ဘာကို ပြန်မည့် ဒုံးပျံ ယာဉ်ကို စောင့်နေကြရင်း ဤစကားများကို ပြောခြင်း ဖြစ်သည်။ ပြတင်းပေါက်မှနေ၍ အင်္ဂါဂြိုဟ်ကို အနီးကပ် မြင်နေရသည်။

“အခု မပြန်ခင်မှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အမှုတခုကတော့ ဖြစ်ခဲ့တယ်” ဟု ရဲအရာရှိ ရောလင်းက ဆက်ပြောရင်း သူ့ဘေးမှာ ထိုင်နေသော လူတယောက်ကို လှည့်၍ ပြော လိုက်သည်။

“မစ္စတာမက္ကာ၊ ခင်ဗျားက အနုပညာလက်ရာတွေ အရောင်းအဝယ် လုပ်တယ် မဟုတ်လား။ မာရီဒီယံမြို့များမှာ ဖြစ်ခဲ့တဲ့ ခိုးမှုအကြောင်း မကြားလိုက်ဘူးလား”

မစ္စတာမက္ကာသည် ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မကြားမိပါဘူးဗျာ”

ရောလင်းက- “အေးလေ၊ ဒီအကြောင်းကို သိပ်မသိကြဘူး။ ဖြစ်ပုံက ကမ္ဘာပေါ်က သူခိုး တယောက်က အင်္ဂါဂြိုဟ်က မာရီဒီယံမြို့ရဲ့ ပြတိုက်က စိုင်ရင်နတ်သမီး (Sireu Goddess) အရုပ်ကို ခိုးဖို့ ကြိုးစားတယ်။”

ကျွန်တော်သည် ဒီအရုပ်ကို မြင်ဖူးပါသည်။ အရွယ်အားဖြင့် ရှစ်လက်မလောက် မြင့်ပြီး၊ သဲကျောက်ဖြင့် ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်း ဖြစ်သည်။ အလွန်ရှေးကျ၊ နာမည်လည်း ကြီး၊ မာရီဒီယံမြို့၏ ပြတိုက်ထဲတွင် အဖိုးအတန်ဆုံးပစ္စည်း ဖြစ်သည်။ အင်္ဂါဂြိုဟ်သို့ လာကြ သော အာကာသခရီးသွားများသည် ထိုအရုပ်နှင့် ပုံစံတူ ရုပ်တုများကို ဝယ်၍ ကမ္ဘာကို သယ် သွားကြသည်။

“ဒီပစ္စည်းကို ဘယ်လို ခိုးတာလဲ” ဟု ကျွန်တော်က မေးသောအခါ ရောလင်းက ဤကဲ့သို့ ရှင်းပြ သည်။

“ဖြစ်ပုံက ဒီလိုပါ။ သူခိုးက တယောက်ယောက်က ပိုက်ဆံပေးခိုင်းတာ သေချာတယ်။ ခိုင်းတဲ့လူ ကလည်း တော်တော်တော်အရေးပါတဲ့ လူတယောက် ဖြစ်မှာပဲ။ သူခိုးနာမည်က ဒင်နီဝီးဘား (Danny Weaver) တဲ့။ သူက မာရီဒီယံမြို့ရဲ့ အနောက်ပိုင်းမှာ နေတယ်။ ပြတိုက်က တနင်္ဂနွေနေ့ တိုင်း ပိတ်တယ်။ စနေနေ့မှာ ဒင်နီက မာရီဒီယံမြို့ရဲ့ အရှေ့ဘက်၊ ပြတိုက်ရှိတဲ့ဆီကို လမ်းလျှောက်သွားတယ်။ သူက ပြတိုက်ဖွင့်တဲ့အချိန်မှာ ဝင်သွားတယ်။ ပြတိုက်ထဲမှာ လျှောက် ကြည့်တယ်။

စိုင်ရင်နတ်သမီးအရုပ်က အခန်းကြီးတခန်းရဲ့ အလယ်မှာ ရှိတယ်။ ဒင်နီဟာ ပြတိုက်ထဲက စတိုခန်းထဲမှာ ပုန်းနေတယ်။ ပြတိုက် ပိတ်ချိန်ကို စောင့်နေတယ်။ ခေါင်းလောင်းသံကို ကြားရ တယ်။ ဒါဟာ ဧည့်သည်တွေ ပြန်ဖို့အချိန် ဖြစ်တယ်။ ဒင်နီဟာ စတိုခန်းထဲမှာပဲ ပုန်းနေတယ်။ သန်းခေါင်ယံမှာ သူ အလုပ်စတယ်။

“အစောင့်တွေ မရှိဘူးလား” ဟု ကျွန်တော်က မေးလိုက်သည်။ ရဲအရာရှိ ရောလင်းက ရယ်ပြီး ပြောလိုက်သည်။

“အင်္ဂါဂြိုဟ်မှာ အစောင့်တွေ မရှိဘူးလေ။ လိုလည်း မလိုဘူး။ ဧည့်သည်တွေ ပြန်တဲ့အချိန်မှာ ဝန်ထမ်းတွေက ရှာတယ်။ ခိုးရာပါ ပစ္စည်းတွေ အပြင်ကို ယူသွားလို့မရဘူး”

ညသန်းခေါင်ယံမှာ ဒင်နီက သူနဲ့ အတူပါလာတဲ့ ပစ္စည်းတေွ ထုတ်တယ်။ ကျောက်ရုပ်ကို ထည့်ထားတဲ့အိမ်က အထူးစီမံထားတဲ့ မှန်နဲ့ သတ္တုနဲ့ လုပ်ထားတာ။ သူက မှန်ကို သေချာဖြတ် တယ်။ အရုပ်ကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ပုံတူအရုပ်တခုကို အစားထိုးတယ်။ ပြီးတော့ မှန် ကို ပြန်ပိတ်တယ်။ ပြီးတော့ စတိုခန်းထဲမှာ ပြန်ပုန်းနေမယ်။ တနင်္လာနေ့အထိ စောင့်နေမယ်။ တနင်္လာနေ့ကျတော့ အခြားဧည့်သည်တွေနဲ့အတူ လိုက်ထွက်ရုံပဲ ဒီအရုပ်ကို ဝယ်သွားတဲ့ ပုံတူ အရုပ်လိုပဲ အေးအေးဆေးဆေး မြင်မြင်သာသာ ကိုင်သွားနိုင်တယ်။

အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ပြတိုက်ကို ဘယ်သူမှ လာမှာ မဟုတ်ဘူး။ ဒီတော့ သူ အလုပ် အေးအေးဆေးဆေး လုပ်လျက်ရှိတယ်။ နံနက် ရှစ်နာရီခွဲမှာ သူ့အလုပ်ပြီးတယ်။ သူ့ပစ္စည်းတွေ ကို သိမ်းနေတုန်း ပြတိုက်တံခါးဖွင့်သံ ကြားရတယ်။ ပြတိုက်ဝန်ထမ်းတေွ ဝင်လာတယ်။ ဘယ်လို ဖြစ်တာပါလိမ့်လို့ သူ စဉ်းစားတယ်။ သူက ကြောက်အားလန့်အားနဲ့ ပစ္စည်းတွေနဲ့ ကျောက်ရုပ်ကို လွှတ်ချပြီး ထွက်ပြေးတယ်။ လမ်းပေါ်ရောက်တော့လည်း လူတွေ အလုပ်သွား နေကြတာ တွေ့တယ်။ ဘယ်လို ဖြစ်တာလဲ။

သူ့ကို ရဲက အလွယ်တကူပဲ ဖမ်းလို့ မိသွားတယ် ဆိုတာတော့ ပြောစရာ မလိုဘူး။ ကမ္ဘာပေါ်က လာတဲ့ အာကာသခရီးသွားတွေပဲ ဒီလို အမှားမျိုးကို ကျူးလွန်ကြပါတယ်။ ကမ္ဘာပေါ်မှာ နေ့စွဲ ပြောင်းလဲသွားတဲ့မျဉ်း (International Datetime) ရှိသလို အင်္ဂါဂြိုဟ်ပေါ်မှာလည်း ရှိတယ်။ ဒီမျဉ်းရဲ့ ဟိုဘက် ဒီဘက် ကူးလိုက်ရင် တရက်တိတိ ပြောင်းသွားတယ်။ ကမ္ဘာပေါ်မှာ အဲဒီမျဉ်း ပစိဖိတ်သမုဒ္ဒရာထဲမှာဆိုတော့ သင်္ဘောသားတွေပဲ ဒါကို သိရတယ်။ ဒါပေမဲ့ အင်္ဂဂြိုဟ်မှာ မရီဒီယံမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတယ်။ မရီဒီယံမြို့ရဲ့ အနောက်ဘက်ခြမ်းမှာ တနင်္ဂနွေနေ့ ဖြစ် ပေမယ့် အရှေ့ဘက်ခြမ်းမှာ စနေနေ့ ဖြစ်နေတယ်။ အဲဒါကို ဒယ်နီက မစဉ်းစားမိဘူး။

ကျွန်တော်က မေးလိုက်သည်။

“ဒင်နီ ဘာဖြစ်သွားသေးလဲ”

“အေးဗျာ၊ အင်္ဂါဂြိုဟ်ပေါ်မှာ ထောင်မရှိဘူး။ ဒါကြောင့် သူ့ကို အလုပ်တခုကို ခြောက်နှစ်လုပ်ဖို့ တာဝန်ပေးလိုက်တယ်။ သူ့ကို ပြတိုက်ရဲ့အစောင့် လုပ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ဒယ်နီကို ခိုးဖို့အတွက် ပိုက်ဆံပေးခိုင်းတဲ့လူ ရှိဦးမယ်”

“အဲဒီပိုက်ဆံ ပေးခိုင်းတဲ့လူကို မိဖို့ အလားအလာကော၊ ဘယ်လိုလဲ” ဟု ကျွန်တော်က မေးလိုက် သည်။

“အခုတော့ မမိသေးဘူး” ဟု ရောလင်းက ပြန်ဖြေရင်း မစ္စတာမက္ကာဘက်သို့ လှည့်၍ ပြောလိုက် သည်။

“မစ္စတာမက္ကာ၊ ခင်ဗျားက အနုပညာလက်ရာတွေ အရောင်းအဝယ်လုပ်တဲ့လူဆိုတော့ ဘယ်လို ထင်လဲ၊ ဒယ်နီကို ခိုင်းတဲ့လူကို မိနိုင်ပါ့မလား”

မစ္စတာမက္ကာသည် ဘာမျှ မပြောဘဲ ငြိမ်နေသည်။ ရောလင်းသည် မစ္စတာမက္ကာကို ဂရုစိုက် ကြည့်ရင်း ပြောလိုက်သည်။

“ခင်ဗျား ကြည့်ရတာ၊ ဒုံးပျံမစီးခင် ဒုံးပျံ မူးနေပုံရတယ်။ ကျွန်တော့်ဆီမှာ ဆေးပါတယ်။ ယူ မလား”

“မယူပါဘူးဗျာ၊ ကျေးဇူးတင်ပါတယ်”

ဟု မစ္စတာမက္ကာက ပြန်ဖြေလိုက်သည်။ သူ့အသံကလည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။ ကြည့်ရတာ မသက်မသာ ဖြစ်နေသည်။ ရောလင်း၏ မျက်နှာအမူအရာမှာလည်း တမျိုး ဖြစ်နေ သည်။

ကမ္ဘာကို အပြန်ခရီးကတော့ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ ဘာတွေ ဆက်ဖြစ်ဦးမလဲ မသိပါ။