Breaking News

မိုးမင်းသိမ်း - ဒေါက်တာမြင့်ဇော်အမှောင်ထဲမှာ သိခဲ့သည်များ

ဒေါက်တာမြင့်ဇော်အမှောင်ထဲမှာ သိခဲ့သည်များ
မိုးမင်းသိမ်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀

ဒေါက်တာမြင့်ဇော်
အမှောင်ထဲမှာ သိခဲ့သည်များ
သာလာယံ စာအုပ်တိုက်၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - မြင့်မောင်ကျော်။
အတွင်းသရုပ်ဖော် - ဖေစိုးအောင်။
၁၀.၂ စင်တီမီတာ x ၁၇ စင်တီမီတာ။
စာမျက်နှာ - ၁၁၉၊ တန်ဖိုး - ကျပ် ၁၀၀၀။

'' သမိုင်းဖြစ်ရပ်ဆိုးများ လေ့လာရေးစာစဉ် '' အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
အမှာစာ ပါရှိပြီး'' အမှောင်ထဲမှာ သိခဲ့သည်များ၊
ကမ္ဘာတွင် လူကို ရှာဖွေခြင်း၊ အလင်းရောင်ဆီသို့၊

ဖန်တီးထားသော ဇာတ်ကြောင်းများမှသည် ဂျီနိုဆိုက်ဆီသို့၊ နောက်ကွယ်က ပူးပေါင်းကြံစည်သည်ဟူသော လွဲမှားယူဆချက်များ၊ ဘေးအန္တရာယ်ရှိသည့် စကားများ၊ ဂျီနိုဆိုက်မဖြစ်ဖို့ ဘယ်အချိန်မှာ စတင်လှုပ်ရှားကြမလဲ၊ ကျုပ်တို့ လုပ်နိုင်တာတွေ စသည့် ဆောင်း ပါး ၈ ပုဒ် ပါရှိသည်။
ကမ္ဘာတွင်ကြုံခဲ့သော သမိုင်းဖြစ်ရပ်ဆိုးများအား ဝေဖန်ဆန်းစစ်ထားသည့်အရေးအသားများဖြစ်သည်။
'' နာဇီဂျာမန်တွေလို မဖြစ်လောက်ပါဘူးလို့ တွေးကြ တယ်။ တကယ်တော့ ထင်တာထက်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် သူတို့နီးပါး ဖြစ်သွားနိုင်ကြတယ်။ နာဇီ ဂျာမန်တွေဟာ မိုးဇက်တို့ ဗီသိုဗင်တို့ရဲ့ ဂီတတွေကို နားထောင်ပြီးတဲ့နောက် ကလေးတွေကို သတ်ကြတာပါပဲ။ အဲဒီလိုလူတွေဆီက ကြားရမယ့်စကားက ' ကိုယ်တန်ဖိုးထားတာတွေကို ကာကွယ်ဖို့ မလုပ်ချင်တာတွေ လုပ်နေရတယ်ဗျာ ' ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။ သူတို့လို ကျုပ်တို့ မဖြစ်ဘူးလို့ မထင်ကြပါနဲ့။ စိုးရိမ်ထိတ်လန့်နေတဲ့အခါ အလားတူဆင်ခြေ မျိုးတွေနဲ့ သွေးစွန်းခဲ့ကြတဲ့သမိုင်းဟာ စိတ်သက်သာစရာ မရှိလောက်အောင် များပါတယ်။ '' 
( အလင်းရောင်ဆီသို့၊ စာမျက်နှာ ၂၅ မှ )

'' လွဲမှားယုံကြည်နေကြတာကို အချက်အလက်နဲ့ အကျိုးအကြောင်းနဲ့ တုံ့ပြန်ရင် ပြေလည်သွားမှာပဲလို့ လွယ်လွယ်ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွဲမှားယုံကြည်နေတာတွေကိုပဲ ထုံးတမ်း စဉ်လာ နားလည်လက်ခံမှု အဖြစ် တည်ဆောက်ပစ်လိုက်တဲ့အခါ ( culturally construct ) ဖြေရှင်းဖို့ အင်မတန် ခက်ခဲသွားပါတယ်။ '' ( ဖန်တီးထားသော ဇာတ်ကြောင်းများမှသည် ဂျီနိုဆိုက်ဆီသို့၊ စာမျက်နှာ ၃၃ မှ )

'' မရေရာမှုနဲ့ ကြောက်စိတ်ကြီးစိုးနေသောအခါတွင်မူ ဆက်စပ်ပုံဖော်တတ်သည့် စိတ်အရည်အသွေးနှင့် မှန်း ဆစိတ်ကူး ကြည့်ပုံတို့မှာ အလွဲလွဲအချော်ချော် ဖြစ်လာ တတ်သည်။ ထိုအခါ ကြုံရာကျပန်းပေါ်လာသည်များကို မိမိစိတ်ကူးဖြင့်တွဲစပ်လျက် ဆက်စပ်မှုများအဖြစ် လွဲမှားပုံဖော်မိစေသည်။ ဖိအားနှင့် ကြောက်စိတ်ရှိသောအခါ အခြားဘက်၏စွမ်းနိုင်မှု စသည်တို့ကို လွဲချော်စွာ တွက်ဆကြသည်။ ဥပမာ မိမိခေါင်း ဆောင်၏ အားကိုး နိုင်မှုကို ပိုတွက်ခြင်း သို့မဟုတ် အခြားခေါင်းဆောင်၏ ဆိုးကျိုးပေးနိုင်မှုကို ပိုတွက်ခြင်းတို့ဖြစ်သည်။
ထိုအခါ နောက်ကွယ်က လက်မည်းကြီး၊ ပူးပေါင်း ကြံစည်မှုကြီး အစရှိသော အယူအဆအလွဲများ ပိုမို များပြားခိုင်မာလာရန် အထောက်အကူပြုတော့သည်။ ''
( နောက်ကွယ်က ပူးပေါင်းကြံစည်သည်ဟူသော လွဲမှားယူဆချက်များ၊ စာမျက်နှာ ၅၄ မှ )

'' လူ့အဖွဲ့အစည်းထဲတွင်မူ အများစုမှာ ရန်လိုကျူးလွန်သူများ မဟုတ်ကြ။ သို့ရာတွင် လူအဖြစ်မှ လျော့ကျစေသည့် စကားလုံးများဖြင့်သာ ယဉ်ပါးနေသောအခါ အကြမ်းဖက်ခံရသည့် အဖွဲ့အစည်းများအား ကရုဏာ သက်ရန် ခက်ခဲသွားစေသည်။ ထို့ကြောင့် လူအဖြစ်မှလျော့ကျစေသည့် စကားလုံးများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကျင့်ဝတ်သီလကို တိုက်စားပြုန်းတီးစေသည့်ကိစ္စအဖြစ် မှတ်ယူကြရခြင်းဖြစ် သည်။ ''
( ဘေးအန္တရာယ်ရှိသည့် စကားများ၊ စာမျက်နှာ ၆၇ နှင့် ၆၈ မှ)

လူ့အဖွဲ့အစည်းတစ်ခုလုံး နှစ်မြုပ်သွားမည့် အခြေအနေများကို သာမန်ပြည်သူတို့ အဘယ်ကြောင့် လက်ခံ ခွင့်ပြုထားသနည်းဟု သမိုင်းဖြစ်ရပ်ဆိုး ကြုံခဲ့ရသော နိုင်ငံတို့အား လေ့လာ ကြည့်ရာ '' အခြေအနေဆိုးများ နှင့် ကျင့်သားရသွားခြင်း၊ ရှုပ်ထွေး မျက်စိလည်သွားကြ ခြင်း၊စိတ်အာရုံလွှဲစရာ အကြောင်း ကိစ္စများစွာရှိနေခြင်း၊ ကိုယ်ကျိုးစီးပွား၊ ကြောက်စိတ်၊ အကျိုးအကြောင်း ရှာဖွေဆက်စပ်၍ စိတ်သက်သာအောင်တွေးကြခြင်း၊ ကိုယ်လုပ်နိုင်တာ မရှိဟု တွေးတောကြခြင်း'' စသည့်အချက် ၇ ချက် တွေ့ရှိရသည်ဟုဆိုပါသည်။
'' ကျုပ်တို့လုပ်နိုင်တာတွေ '' အခန်းတွင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သော အချက် ၁၉ ချက်ကို တစ်ချက်ချင်း အသေးစိတ်တင်ပြထားသည်။
လွဲမှားသောအယူအဆများကင်းဝေးရေးအတွက် '' အမှောင်ထဲမှာ သိခဲ့သည်များ '' က အထောက်အကူ ပြုမည်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၇ ဖေဖော်ဝါရီ ၂၀၂၀