Breaking News

မောင်စွမ်းရည် - တ က သ



မောင်စွမ်းရည် - တ က သ

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
တ.က.သ ဆိုတာ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ စတဲ့ ကိုလိုနီခေတ် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင် လှုပ်ရှားရာမှာ နာမည်ကျော်ကြားခဲ့ပြီး လွတ်လပ်ရေးသမိုင်း တင်ခဲ့တဲ့ အဖွဲ့အစည်းကြီးပေါ့။ ကကသ ခေါင်းဆောင် မလုပ်ခဲ့ဖူးတဲ့ နိုင်ငံ့ခေါင်းဆောင်၊ အာဏာရှင် ဗိုလ်နေဝင်းက တကသ အဖွဲ့အစည်းကြီး ရုံးစိုက်ရာ ဌာနချုပ်နေရာကို ဗုံးခွဲပြီး ဖျက်ဆီး ဖြိုချခဲ့ဖူးလို့ သမိုင်းဝင် အဆောက်အဦကြီး ပျောက်ပျက်သွားခဲ့ပါပြီ။ ဒီနေရာမှာ တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ဖို့ ကိစ္စကို လက်ရှိ ကျောင်းသားခေါင်းဆောင်တွေက ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ခဲ့တာက အလွန်အရုပ်ဆိုးပါတယ်။

တကသ အဆောက်အဦကြီးကို အရင်ပုံစံအတိုင်း ပြန်ဆောက်ရမလား၊ ပုံစံသစ်နဲ့ ဆောက်ရမလား ဆိုတာ အငြင်းပွားလို့ မဆုံးသေးပါဘူးတဲ့။ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေ၊ နိုင်ငံရေးသမားဟောင်းကြီးတွေ၊ တက္ကသိုလ် ဆရာကြီးဟောင်းတွေ။ ဥပမာ- ပထဝီ ပါမောက္ခဆရာကြီး ဦးလှထွန်းအောင်။ သူ ဆိုရင် ကျောင်းသားခေါင်းဆောင်းဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ အလွန်ရှားပါးကုန်ပါပြီ။ ရန်ကုန်မှာဆိုရင် ဦးလှရွှေတစ်ယောက်ပဲ ထီးတည်းကျန်ရှိနေတာကို သတိထားမိပါတယ်။ သူက အသက်ငယ်သေးတာ ကိုး။ မန်းတက္ကသိုလ် တ.က.သ အမှုဆောင်ဟောင်းတွေထဲကတော့ ဦးသာနိုး၊ ဂုဏ်ထူးဦးသိန်းနိုင်၊ ဦးမိုးသူ(ဘကြီးမိုး)၊ မောင်စွမ်းရည်တို့ပဲ ကျန်တော့တာကို သတိပြုမိပါတယ်။ ရန်ကုန် တ.က.သ ခေါင်းဆောင်တွေကတော့ ၇ ရက် ဇူလိုင် အရေးအခင်းမှာ ဗိုလ်နေဝင်း တ.က.သ အဆောက်အဦကို မိုင်းခွဲပြီး မောင်းထုတ်လိုက်လို့ ကိုဗဆွေလေးတို့ စတဲ့ ကျောင်းသားခေါင်းဆောင်တချို့ လွင့်စဉ် သွားခဲ့ရှာပါတယ်။ (မိုင်းခွဲတာ ဗိုလ်နေဝင်းလား၊ ဗိုလ်အောင်ကြီးလား ခွဲခြားမနေနဲ့၊ နှစ်ယောက်လုံး ပူးတွဲတရားခံတွေပဲ။) သတင်းစာဆရာကြီးတွေနဲ့ စာရေးဆရာကြီးတွေနဲ့လည်း ဆွေးနွေး တိုင်ပင်ရမှာပေါ့။

ကျွန်တော်တို့ သဘောထား ပြောရရင်တော့ ဒီနေရာ၊ ဒီအဆောက်အဦဟာ တ.က.သ‌ မြေ၊ တ.က.သ အဆောက်အဦ ဖြစ်ရမှာဆိုတော့ တ.က.သ ကို အမှတ်တရလည်း ဖြစ်အောင်၊ သမိုင်းဝင် အဆောက်အဦ သဘောလည်း ဆောင်ရအောင် အရင်းမူလအုတ်ြမစ်ပေါ်မှာ အရင်ပုံအတိုင်း ဆောက်စေချင်ပါတယ်။ ဒီ တ.က.သ မြေနေရာမှာ ဒီလိုချည်းတော့ ဖြစ်နေတာကတော့ ကြည့် မကောင်းပါ။ မြင်မိတိုင်း စိတ်ဆင်းရဲစရာပါ။ လူငယ်တွေရဲ့ မညီညွတ်မှုလက္ခဏာကို ညွှန်ပြနေတာပါ။ နောင်လာနောက်သားတွေ (ခု ကျောင်းတက်နေတဲ့ ကျောင်းသားတွေပါ)ဟာ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ စတဲ့ ကျောင်းသားခေါင်းဆောင်တွေ စုဝေးပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ အဆောက်အဦ ဆိုပြီး ညွှန်ပြရအောင် အမြန်လုပ်ဆောင်သင့်ကြပါတယ်။ မြေနေရာ ကိုသာ ပြတာထက် အဆောက်အဦကိုလည်း သမိုင်းဂုဏ်ဆောင်နိုင်အောင် အရင်ပုံစံပဲ ဖြစ်စေချင် ပါတယ်။

တ.က.သ အဆောက်အဦ ဖြစ်လာရင် တ.က.သ အမှုဆောင်တွေ ဒီအဆောက်အဦမှာ နေ့စဉ် စုဝေးနိုင်မယ်။ တ.က.သ အမှုဆောင်တွေနဲ့ ကျောင်းသားတွေလည်း အမြဲ တွေ့ဆုံဆွေးနွေးနိုင်ကြ မယ်။ အစဉ်အလာအတိုင်း စာရေးဆရာကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေ၊ ပညာရှင်ကြီးတွေကို ပင့်ဖိတ်ပြီး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်နိုင်မယ်။ အရင်ခေတ်တွေကဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ကအစ၊ ဗိုလ်ချုပ်ကျော်ဇောတို့အထိ ပင့်ဖိတ် ဟောပြောပွဲတွေ လုပ်ခဲ့ကြဖူး တော့ ကျောင်းသားတွေအတွက် ပိုမိုရင့်ကျက် တိုးတက်စေပါတယ်။ ကိုအောင်ဆန်းတို့ ဆိုရင် ဒီ တ.က.သ က ပြုလုပ်တဲ့ ဟောပြောပွဲနဲ့ စကားရည်လုပွဲတွေမှာ ပါဝင်ဆင်နွှဲရင်း ဟောပြောတဲ့ အလေ့အကျင့်ရခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ဆန်းဟာ တ.က.သ ရဲ့ အာဘော်မဂ္ဂဇင်းဖြစ်တဲ့ အိုးဝေမဂ္ဂဇင်းကို ဒီ တ.က.သ ကနေ အယ်ဒီတာရဲ့ တာဝန်ထမ်းဆောင်ရင်းက ကလောင်သွေးခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေမှာ ကလောင်သွေးစရာ ကျောင်းသားမဂ္ဂဇင်း နှစ်စောင် ရှိပါတယ်။

(၁) တက္ကသိုလ် အက်ဥပဒေ စတင်ရေးဆွဲကတည်းက ဥပဒေစည်းမျဉ်းအတိုင်း ကျောင်းသားတွေ ကျောင်းဝင်စ ကတည်းက တက္ကသိုလ် မော်ကွန်းထိန်းရုံးက ဝင်ကြေးကောက်ခံရာမှာ ‘မဂ္ဂဇင်းကြေး’ ဆိုတာ ပါဝင်ပြီး ဖြစ်ပါတယ်။ ဆရာများနဲ့ ကျောင်းသားများ ပါဝင်တဲ့ မဂ္ဂဇင်း အမှုဆောင်အဖွဲ့က ဦးစီးပြီး ‘တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကြီး’ကို တစ်နှစ် တစ်ကြိမ် ထုတ်ဝေပြီး ကျောင်းသားတိုင်းကို တစ်ယောက် တစ်အုပ် ပေးဝေရပါတယ်။ မြို့နယ်အသင်း၊ ဘာသာရပ်အသင်း၊ အနုပညာအသင်း ပါဝင်ကြလို့ ကျောင်းသားတိုင်းအတွက် အမှတ်တရ ဖြစ်စေတဲ့အပြင် နောင်အခါ သမိုင်းဝင် သမိုင်းအထောက်အထားလည်း ဖြစ်စေခဲ့ပါတယ်။

(၂) အိုးဝေမဂ္ဂဇင်း ဆိုတာကတော့ ကိုနု၊ ကိုအောင်ဆန်း၊ ကိုညိုမြတို့ ခေတ်က တက္ကသိုလ်သမဂ္ဂ ကျောင်းသားတွေရဲ့ အာဘော်၊ တက္ကသိုလ်သမဂ္ဂရဲ့ လှုပ်ရှားမှုမှတ်တမ်းအဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ‘ကလောင်အသင်း’တဲ့။ မန်းတက္ကသိုလ် ‘ကလောင်ရှင်အသင်း’ တဲ့။ ဒီလို သီးခြားစာပေအသင်းမျိုးတွေလည်း ရှိကြပြီး အသင်းစာစောင်တွေ ထုတ်ဝေကြ၊ ကလောင် သွေးကြတာလည်း ရှိပါတယ်။ မန်းတက္ကသိုလ်က ပွဲဦးထွက် ထုတ်ဝေတဲ့ ၁၉၅၈ က ‘ဖန်မီးအိမ်’ ကဗျာစာအုပ်ကလေးဟာ ပထမဆုံး စာပေဗိမာန် ကဗျာဆုကို ရရှိခဲ့ပြီး နောက်ထပ် ဆက်လက် ထုတ်ဝေတဲ့ ကဗျာစာအုပ်တွေ။ ‘လမင်းတရာ’၊ ‘အနီနှင့်အပြာ’၊ ‘လမ်းသစ်’၊ ‘ကချေသည်’ စသဖြင့် အမျိုးသားစာပေဆုတွေ ဆက်တိုက် ရရှိခဲ့ပါတယ်။ ‘တင်မိုးက တင်စိုး’အထိ ဆိုပါစို့။ မန်းတက္ကသိုလ် ကဗျာဆရာတွေအားလုံးကလည်း တပ်ဦးအမှုဆောင်၊ တ.က.သ အမှုဆောင်တွေချည်း ဖြစ်ကြပါ တယ်။ ဆိုချင်တာက အရင်ခေတ် တ.က.သ အမှုဆောင်တွေဟာ အမျိုးသားစာပေဆုတွေ ရသည်အထိ စာပေလိုက်စားသူ ဖြစ်ခဲ့ကြတယ် ဆိုတာပါပဲ။ ဆုမရပေမယ့် ကဗျာဆရာ မောင်သိင်္ဂါ၊ မောင်ပေါက်စည်၊ မောင်အောင်သျှန်၊ ကသာဝင်းကြွယ်၊ တက္ကသိုလ်အောင်ထွန်းဝေ၊ မောင်မိုးသူ (မောင်သက်ဦး)၊ မောင်စန်းသော် စတဲ့ ကဗျာဆရာတွေဟာ တ.က.သ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စတဲ့ အမှုဆောင်တွေ ဖြစ်ကြပါတယ်။ ကဗျာဆရာ မဟုတ်ဘဲ စကားပြေ ရေးကြတဲ့ မုံရွာတင်ရွှေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်)၊ တက္ကသိုလ်ဝင်း၊ တက္ကသိုလ်မောင်စောလွင် စတဲ့ စာရေးဆရာများဟာ ပထမက လူထုဂျာနယ်မှာ ပါဝင်ရေးသားခဲ့ကြသူတေွ ဖြစ်ပါတယ်။ မောင်သိင်္ဂါ၊ မောင်မိုးသူ(မောင်သက်ဦး)တို့ဆိုရင် မူလက ကဗျာဆရာတွေ ဖြစ်ပြီး နောက်ပိုင်းမှာ ဘာသာပြန်ဆရာ အကျော်အမော်တွေ ဖြစ်လာကြပါတယ်။ ဒီခေတ် တ.က.သ၊ ဗ.က.သ အမှုဆောင် တွေလည်း နိုင်ငံကျော် နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာကြီးတွေ ဖြစ်မလာတောင် စာပေအမျိုးမျိုးကို ပညာရှင်တစ်ဆူလို ဖြစ်အောင် လေ့လာဆည်းပူးသင့်ကြပါတယ်။

မန်းတက္ကသိုလ်က တ.က.သ အဆောက်အဦက ဝါးထရံကာ၊ ဝါးကပ်မိုး၊ တဲတန်းရှည်ကြီးပါ။ အခင်းကတော့ ဒုတိယကမ္ဘာစစ်လက်ကျန် ကော်ဇောလိပ်ကြီးတွေကို ဖြန့်ခင်းထားတာပါ။ စာအုပ် ဗီရို (မှန်ဗီရို) တစ်လုံး ရှိတာပဲ မှတ်မိတယ်။ မောင်စွမ်းရည်က တ.က.သ စာကြည့်တိုက်မှူး တာဝန် ၂ နှစ် ယူပြီးမှ ရွေးကောက်ပွဲဝင်တဲ့ ပြန်ကြားရေး အတွင်းရေးမှူး လုပ်ရတာပါ။ စာကြည့်တိုက် ဗီရိုထဲမှာ စာကြည့်တိုက်မှူးက စာရင်းရေးစရာ စာအုပ် မရှိပါ။ ဒါပေမဲ့ အဲဒီတုန်းက အစွဲအလမ်းနဲ့ ရန်ကုန် ရောက်တော့ စာကြည့်တိုက်ပညာဒီပလိုမာအတန်းကို အသက် ၅၀ ကျော်မှ တက်ရောက်ပြီး စာကြည့်တိုက်ပညာကို ဆည်းပူးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာလို အဆောက်အဦ မရှိတော့ စာကြည့်တိုက်၊ စာကြည့်ခန်း မရှိဘူးပေါ့။ တ.က.သ ဆိုင်ရာ မဂ္ဂဇင်း၊ စာစောင်၊ စာဖိုင် စတာတွေ သီးခြားထားရှိပြီး အလွယ်တကူ ဖတ်စရာ စာအုပ်တွေ ထားစရာ နေရာမရှိဘူးပေါ့။

ဒီခေတ် ကျောင်းသားတွေဟာ တ.က.သရဲ့ အစဉ်အလာတွေကို သိရှိရအောင် အနည်းဆုံး ဖတ်ရမှာက နှစ်စဉ် ထုတ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းနဲ့ တက္ကသိုလ်သမိုင်းဆိုင်ရာ တ.က.သ သမိုင်းဆိုင်ရာ စာအုပ်များ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်များကို မလွဲမသွေ ဖတ်သင့်ကြပါတယ်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ညိုမြ၊ ကိုရာရှစ်၊ ကိုလှရွှေ၊ ကိုအောင်ကျော်၊ ကိုလှဖေ(ဗိုလ်လက်ျာ)၊ ကိုထွန်းရှိန်(ဗိုလ်စကြာ)၊ ကိုလှမောင်(ဗိုလ်ဇေယျ) သပိတ်မှောက်ကျောင်းသူ မအမာ စတဲ့ တ.က.သ၊ ဗ.က.သ ခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိ စာအုပ် ဆောင်းပါး စတာတွေကို ရှာဖွေဖတ်ရှုသင့်ကြပါတယ်။ ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုရင် စစ်အစိုးရခေတ်လွန်မှ ထွက်လာပါတယ်။ ဒီစာအုပ်တွေဟာ တ.က.သ စာကြည့်တိုက်မှာ အဆင်သင့် ရှိနေရင် တ.က.သ အမှုဆောင်တွေရော၊ တ.က.သ ရုံးခန်းကို လာကြတဲ့ ကျောင်းသားတွေရော အလွယ်တကူ ဖတ်ရှုလေ့လာနိုင်တာပေါ့။ တချို့ စာဖတ်ဝါသနာမပါသူတွေ၊ စာအုပ်စာပေတွေနဲ့ မနေခဲ့ရလို့ စာမဖတ်ခဲ့ရသူတွေအတွက် ဒီလို စာအုပ်တွေ အသင့်ရှိသင့်တာပေါ့။

တက္ကသိုလ်တိုင်း၊ ကောလိပ်တိုင်းမှာ စာကြည့်တိုက်ကြီးတေွ ရှိကြပါတယ်။ တချို့ ကျောင်းသားများ က ဘွဲ့သာ ရသွားတယ်။ စာကြည့်တိုက်ထဲကို မရောက်ဖူးခဲ့ရှာဘူးတဲ့။ တချို့ဆရာတွေတောင် စာကြည့်တိုက်ကို မရောက်ဖူးဘူးတဲ့။ အထူးသဖြင့် စာပေခေတ်မှာ ဆရာတွေဟာ ကင်းစောင့်ရ၊ ကျောင်းသားတွေကို ရာဇဝတ်သားတွေလို စောင့်ကြည့်ရ စသဖြင့် လုပ်နေခဲ့ကြရလို့ ဆရာတွေပါ ကျောင်းသားတွေနဲ့အတူ ‘တုံး’သွားခဲ့ကြရပါတယ်တဲ့။ စာတွေကို သင်ပေးရတဲ့ ဆရာတွေမှာလည်း စာဖတ်ချိန်မရ၊ ကျောင်းသားတွေမှာလည်း စာဖတ်ခွင့် မရခဲ့တဲ့ခေတ်မှာ လူဖြစ်ကြရတာ ကံဆိုးလှပါတယ်။ အဲဒီခေတ်မှာ တ.က.သ ဆိုတာလည်း မရှိ၊ ဗ.က.သ ဆိုတာလည်း မရှိ။ …. လူလည်တွေပဲ ရှိခဲ့ပါကြောင်း။

မောင်စွမ်းရည်
၂၉ ဇန်နဝါရီ ၂၀၂၀