Breaking News

ခွန်ဆိုင်း - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာသင်ခန်းစာ နဲ့ ဝမ်းစာ ( ၁ )

A rare photograph of the National League for Democracy Executive Committee meeting in Aung San Suu Kyi's house. From left to right are U Aung Shwe, U Kyi Maung, U Tin Oo, Aung San Suu Kyi and U Lwin.


ခွန်ဆိုင်း  - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာသင်ခန်းစာ နဲ့ ဝမ်းစာ ( ၁ )

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀

နိိိိိိိိဒါန်း

၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့ အခါ တချို့က နောက်ကြောင်းပြန် နိုင်ငံရေးသင်ပုန်းကြီးကို ပြန် ဖတ်တယ် ။ တချို့ က အိမ်စာမရှိ ။ သင်ခန်းစာ ဝမ်းစာမလို ။ နိုင်ငံရေး မှာ ဂဏန်းသွား မသွားခဲ့ သူမှန်ရင် ၉၀ ခုနှစ် ရွေး ကောက်ပွဲဆိုတာ သိပ်ဝေးဝေးတော့ မဟုတ်၊ မေ့လိုက်ရမယ့် အတိတ်မျိုးမဟုတ်ပေမယ့် လက်တွေ့မှာ အဲဒီ ၁၉၉၀ တုန်းက မမွေး သေးတဲ့ မျိုးဆက်သစ်တွေဟာ အခုအခါ မှာ သိပ်နာစရာမလိုပဲ အတော်စွာလို့ ရတဲ့ ခေတ်အပြောင်းအလဲ ကိုကြုံကြရတာကို ၏က တိုးတက်မှုပါ လို့ မုဒိတာ ပွါးလို့ရတာတပိုင်း ။ ဘာတွေ တိုးတက်ဖြစ်ထွန်း၊ ဘာတွေ လျောကျဆုတ်ယုတ် ဆိုတဲ့ သင်ပုန်းကြီးကို ပြန်စေ့ငုကြရမှာ တပိုင်းပါ ။

ပြီ ခဲ့တဲ့ နှစ် ၃၀စာ ခေတ် အခင်းအကျင်း အခန်းအကူးအဆက်တွေလောက်ဆီကို ပြန်သွားရင်တောင် မြန်မာ့ သမိုင်းဟာ ဖြူလိုက် ပြာလိုက် စိမ်းလိုက် နီလိုက်။ များပြား မြန်ဆန် သိရမယ့် အိမ်စာ ။ သင်ခန်းစာ။ ဝမ်းစာ ဆိုတာတွေ တပုံကြီး ။ တငြီးငြီးတငြူငြူ ဖြစ်စရာတွေတပုံကြီး ။ ဒါပေမယ့် အိမ်စာမလိုတဲ့ လျှပ်တပျက်သူရဲကောင်းတွေလဲတပုံကြီး ။ ကျည်လွတ်မြေမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေသူတွေတပုံကြီး။ ခွဲထွက်ခွင့်ကို ရှေ့ကထွက်တောင်း။ စစ်ပေါ်လာရင် ပျော်မယ် ။ ကျည်သရမ်း နဲ့ စစ်လမ်းကြောင်းမှာ ဗုံးသီးဆံ ဘေးထွက်ကျတဲ့အခါ အသံကျယ်ဖို့အဓိကတာဝန်ယူမယ်ဆိုသူတွေလဲ တပုံကြီး ။ အချိုးအကွေ့တိုင်း အချင်း ချင်းတွေ ခလုတ်တိုက်နေကြဦးမယ် ။ ယူချင်လဲ ရ။ မယူချင်လဲရ။ လွတ်လပ်စွာကွဲလွဲနိုင်ကြတာကို ဖြေသိမ့် ဂုဏ်လုပ်ကြရုံမျှသာလား ။ အကျိုးဆက်ထဲမှာ တိုင်းပြည်ကို ဘယ်နည်းနဲ့ တည်ဆောက်မယ်ဆိုသူနဲ့ တိုင် းပြည်ကို ဘယ်နည်းနဲ့ ဖျက်မယ်ဆိုသူတို့ကြား စေတနာ အတူတူ ။ လူထုထောက်ခံ မဲ အတူတူဖြစ်နိုင်မလား ။ သမိုင်းဖတ်စာများ မပြီးနိုင် မစီးနိုင်။ တန်ဖိုးရှိသောအချိန်များ တောလို ပြုန်းခဲ့ ။ မြစ်လိုကောခဲ့ ။

၈၈


၈၈ စက်တင်ဘာ စစ်တပ် အာဏာမသိမ်းခင် - မဆလ အစိုးရမဖျက်ခင် - နဝတ မတက်ခင် ဝန်ကြီးချုပ်ဟောင်း ဦးနု မိမိဘာသာ ကြေညာပြီး စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းခဲ့တာ ရှိပါ တယ်။ တပါတီအာဏာရှင်ကို သူနိုင်သမျှ တကိုယ်တော်ပုန်ကန်တဲ့ နမူနာတခု။ သတင်းစာထဲ ပါတယ်။ ကြေညာချက်သက်သက်မျှ လူထုကြား ပျံ့နှံ့ ခဲ့တယ် ။ ၁၉၈၉ အထက်မြန်မာပြည် မန္တလေး ကျောင်းသားညီလာခံကအပြန် ဇူလိုင်လမှာ ကိုယ်တိုင်လဲ အဖမ်းခံရတဲ့အခါ အုတ်တံတိုင်းများနောက် သတင်းများလဲ ပြတ်တောက် သွားတာမို့ ၉၀ ရွေ းကောက်ပွဲလဲ မမီ ။ ဦးနုအစိုးရအဖွဲ့ဝင်တွေ ဘယ်လောက်ကြာကြာ အကျယ်ချုပ်နေခဲ့ကြရသလဲဆိုတာလဲ သေချာ မမှတ်မိတော့ပါ ။ 

၉၀


၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၈၀ ရာခိုင်နှုန်း လူထုထောက်ခံမှုနဲ့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ ( တစည ) ကို အပြတ်အသတ်အနိုင်ရတယ်။ ဒါပေမယ့် နဝတ စစ်တပ်က အာဏာလွှဲမပေး။ ဘယ်သူမှ ဘာမှမတတ်နိုင် ။ အမတ်တချို့ ပြည်တွင်းမှာ စင်ပြိုင်အစိုးရဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။ အများစုအဖမ်းဆီးခံရတယ်။ ထောင် နှစ် ၂၀။ ကျတာမဟုတ်ဘူး။ ထောင်ထဲမှာနေခဲ့ရကို ဆိုလိုတာပါ။ တချို့ စစ်ကြောရေးမှာသေ။ တချို့ ထောင်နှစ်ရှည်မှာသေ ။ မသေပဲ ကျန်တဲ့ အမတ်တချို့ ဒီနေ့ လူကြီးဖြစ်နေပါပြီ ။ အထူးဝမ်းသာစရာ မုဒိတာ ပွားစရာပါ ။ အမတ်တချို့ ပြည်ပကို ထွက်ပြေးလွတ်မြောက်ကြတယ်။ တချို့ဘယ်မှ မရောက်ခင် လုပ်ကြံသတ်ဖြတ်တာခံရတယ်။

နယ်စပ်

ပြည်ပကို ထွက်ခွာလာတဲ့ အမတ်တွေ စုစည်းပြီး ဒေါက်တာ စိန်ဝင်း ခေါင်းဆောင်တဲ့ အင်စီဂျီယူဘီ ( NCG- UB ) အဝေးရောက်စင်ပြိုင် အစိုးရဖွဲ့ကြပါတယ်။ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက NCGUB အစိုးရ ရပ် တည်လှုပ်ရှားနိုင်အောင် ငွေကြေးထောက်ပံံ့။ နေထိုင်သွားလာခွင့်တချို့ ပေးတာမို့ ရပ်တည်နိုင် ပြီး ပြည်ပမှာ အစည်းအဝေးများ မကြာခဏ လုပ်နိုင်ကြပါတယ်။ ပြည်တွင်း စစ်အစိုးရကိုနိုင်ငံရေး ဖိအားပေးခဲ့ကြပါတယ် ။ အဲဒီအဝေးရောက် စင်ပြိုင်အစိုးရကို ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ဖွဲ့စည်းရတာ ဆိုတော့ တရားနည်းနည်ဝင်သလို ရှိပေမယ့် တိုင်းရင်းသား အင်အားစုတွေ မပါနိုင်ဘူးဖြစ်နေတယ် ။ 

တိုင်းရင်းသားအင်အားစုတွေ ပါတဲ့ နောက်ထပ်အဖွဲ့အစည်းကြီးတရပ်လုပ်ကြဦးမှ ဖြစ်မယ်ဆိုပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နဲ့ ပြည်တွင်းကထွက်ခွာလာတဲ့ နိုင်ငံရေး အင်အားစုတချို့ ကို အခြေခံတဲ့ The National Council of the Union of Burma (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ) ( NCUB ) ဆိုတာ ထပ်ဖွဲ့ကြပြန်ပါတယ်။ ထိုင်းနယ်စပ် မဲဆောက်မှာ အခြေစိုက် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ ကြို တင် ရေးဆွဲတာတွေ ။ ပြည်တွင်းလှုပ်ရှားမှုများကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေ လုပ် ၊ ပြည်တွင်း နိုင်ငံရေး နဲ့ ဆက်စပ် ။ အချိန်အားလျော်စွာ နိုင်ငံရေး ကြေညာချက်ထုတ်တာတွေ လုပ်ခဲ့ကြပါတယ်။ 

စစ်အစိုးရကတော့ နိုင်ငံတကာဖိအား နိုင်ငံတကာပိတ်ဆို့တာတွေကို ဂရုမထားပါဘူး ၊ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါဆိုတဲ့ က သီချင်းလေးဆိုရင်း သူ့နိုင်ငံရေးရည်မှန်းချက်အတိုင်း စိုက်လိုက်မတ်တပ်ဖိနှိပ်ထားပါတယ်။

တဖက်မှာ ကေအိုင်အေ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် စတာတွေနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်း းရေးတည်ဆောက်ထားနိုင်ခဲ့ပြီး တဖက်မှာ ကေအင်ယူ မာနယ်ပလောစခန်းကို ရအောင်ချေမှုန်းပါတယ်။ ၁၉၈၉ မှာ ဗကပ ပြိုကွဲ ၊ ကေအင်ယူမှလဲ ဒီကေဘီအေကွဲထွက်လာပါတယ်။ အင်အားကြီး လက်နက်ကိုင် ၂ ဖွဲ့ စလုံး (identity politics) အိုင်ဒင်ဒတီ ပေါ်လစ်တစ်လှိုင်းလုံး ပိသွားတာခံရပါတယ်။ ပြည်တွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲများ ပြန် စလာတဲ့အချိန်တော့ ပြည်ပမှာ ရှိတဲ့ NCGUB , NCUB ၂ဖွဲ့ လုံးရဲ့လုပ်ငန်းစဥ်များ လဲ ရပ်ဆိုင်းနေပါပြီ ။

အမျိုးသားညီလာခံ 

၁၉၉၂ မှာ နဝတ က အမျိုးသားညီလာခံ ကို အစပျိုးတယ်။ ကမ္ဘာပေါ်မှာ အကြာဆုံးလုပ်ခဲ့တဲ ညီလာခံလို့ ပြောလို့ ရပါတယ် ။ ရပ်သွားလိုက် ပြန်လုပ်လိုက် ၂၀၀၇ အထိဆိုတော့ ၁၆ နှစ်လောက်ကြာသွား တာ။ဘာကြောင့်ကြာ ဘာကြောင့် ရပ်သလဲဆို အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ကန့်ကွက်သပိတ်မှောက်တာတွေကြောင့်ပါ ။ အသာတကြည် ကျင်းပအောင်မြင်သွားတာမဟုတ်ပါဘူး ။ ညီလာခံအစ ကိုယ်စားလှယ် ၇၀၂ ယောက် ရှိပေမယ့် ၉၉ ယောက် ( ၁၅ ရာခိုင်နှုန်း ) သာ လူထုရွေး ၁၉၉၀ ရွေးကောက်ခံအမတ်တွေ။ ကျန်တာတွေက နဝတ ဆွဲခန့် ဆွဲထည့်အိမ်ဖြည့် အစုအဖွဲ့တွေ ။နောက်ပိုင်းမှာ အိမ်ဖြည့်ရင်း ဖြည့်ရင်း ကိုယ် စားလှယ် ၁၀၀၀ ကျော်သွားတဲ့အထိ အပြစ်တင်စရာရှိရင် ညီလာခံတက် လူတွေအားလုံး တာဝန်ကိုယ်စီပါ ။

၁၉၉၃ မှာ အမျိုးသားညီလာခံကိုတက်နေတဲ့ ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်ဆင့်က ညီလာခံကို ဝေဖန်ကန့်ကွက်တဲ့ စာ စထုတ်တဲ့အတွက် စအဖမ်းခံရပါတယ်။ တခြား နိုင်ငံရေးခေါင်းဆောင်များနဲ့ ညီလာခံမတက်ရတဲ့ တက်ကြွ များစွာလဲ အမျိုးသားညီလာခံကို ဝေဖန်တဲ့ အတွက် အဖမ်းခံကြရပါတယ်။ နောက်ပိုင်း အမျိုးသားညီလာခံကို စောင့်ရှောက်တဲ့ဥပဒေ ဆိုတာအထိထွက်လာပြီး ဝေဖန်ရင်ထောင်နှစ် ၂၀ ကျနိုင်တဲ့ အထိဖြစ်လာပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီက ထက်မြက်တဲ့ ထိပ်တန်းခေါင်းဆောင်များစွာ အထိမ်းသိမ်းခံဘဝမှာ ရှိနေခဲ့ကြတုန်း ဖွဲ့စည်းပုံမူကြမ်းထဲမှာ- ပြည်တွင်းမှာ နှစ် ၂၀ တဆက်တစပ်တည်းနေမှ၊ နိုင်ငံရေး အုပ်ချုပ်ရေး စစ်ရေး စီးပွားရေးအမြင် အတွေ့အကြုံတွေ ရှိမှ ၊ သားသမီး အိမ်သား တွေ နိုင်ငံခြားသားမဖြစ်မှ သမတလုပ်ရမယ်ဆိုတဲ့ အချက်ကိုဖွဲ့စည်းပုံမှာ ရအောင်ထည့်ပါတယ်။ 

လုပ်ကြံမှုများ

အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေရတာများပြီး ခဏဖြေလျော့ချိန်လေးတွေ မှာ သူ့ အသက် ကို ကိုယ်ထိလက်ရောက် ထိပါးလုပ်ကြံမှု ၂ကြိမ်ဖြစ်ပါ တယ်။ ၁၉၉၆ နိုဝင်ဘာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ သူ့ကားကို စွမ်းအားရှင်တွေ လူစုလူဝေးနဲ့ ရပ်တန့် စေပြီး တိုက်ခိုက်ကြတာက တကြိမ်။ ၂၀၀၃ မေလ ၃၀ - ဒီပဲယင်းမှာ တိုက်ခိုက်တာက တကြိမ်။ ဒီပဲယင်းအရေးအခင်း မှာ ဒေါ်အောင်ဆန်းစုကြည် ကံကြီး စွာ လွတ်မြောက်ခဲ့ပေမယ့် ဒီချုပ်ကို ဝန်းရံသူ များစွာ အသက်စွန့်ခဲ့ကြရပါတယ်။ လုပ်ကြံသူတွေ ဘာ အမှုမှ မဖြစ်ခဲ့ပါ ။ လုပ်ကြံခံရသူ ဒေါ်အောင်ဆန်းစုကြည် သာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားတဲ့ အထိ နေအိမ်အကျယ်ချုပ်ပြန်ချခံခဲ့ ရ တာ ။ 

ဒီနေရာမှာ ဒေါ်စု ကိုလုပ်ကြံကြလို့ ဒီချုပ်အဖွဲ့ဝင်တွေ အများကြီး အသတ်ဖြတ်ခံရလို့ ဆို ပြီး လူထု မကျေနပ်မှုနဲ့ အုံကြွမှုအကြီးကြီး ဖြစ်မလား ကျွန်တော်ရွှေဘိုထောင်ထဲ ကနေ တွေးကြည့် ဖူးပါတယ်။ နိုင်ငံတကာက စိုးရိမ်မကင်းကြောင်း ပြသကြ။ စီးပွါးရေး ပို ပိတ်ဆို့ကြ။ ဒီလောက်ပါပဲ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများဖက် က ဒီပဲယင်းနိုင်ငံရေး လုပ်ကြံမှုကြီးကို ကန့်ကွက် စာထုတ်တာတွေ ရှိခဲ့ မရှိခဲ့ ကျွန်တော် မမှတ်မိပါ။ မြို့နယ်အသီးသီးမှာတော့ ဒီချုပ် ပါတီရုံးတွေ ရှေ့ကို လူတွေ သိတ်ဖြတ်မလျှောက်ရဲတဲ့ နိုင်ငံရေးမိုးမှောင်ကျ ချိန် - ပါတီ ရုံးတွေကို လူဝင်လူထွက် သိတ်မလုပ်ရဲကြတဲ့ အချိန် ။ 

ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေး အသင်းကြီ

အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေး အသင်းကြီးဟာ နိုင်ငံတော် ဘဏ္ဍာ အထောက်အပန့် များစွာ နဲ့ စာရင်းအရ လူအင်အား နိုင်ငံလူဦးရေ တဝက်( ၂၀၀၇ ဧပြီလ ထုတ်ပြန် စာရင်း အရ အသင်းဝင် အင်အား ၂၄ သန်း ) နဲ့ တောင့်တင်းလှတဲ့ လူမှုရေးအသင်းကြီးသက်သက်အဖြစ်တက်ကြွစွာ လှုပ်ရှား နေ ၊အဖွဲ့ ကြီး ရည်ရွယ်ချက်ထဲမှာ နိုင်ငံရေး မပါ ၊ နိုင်ငံရေး ပါတီ မဟုတ်ခဲ့ ။ နိုင်ငံရေးပါတီ အဖြစ် နေ့ချင်းညချင်းပြောင်း ပုံ က မြန်မှ မြန် ။ 

၂၀၁၀ ရွေးကောက်ပွဲ ဝင်ဘို့ မှတ်ပုံတင်ခါနီး လပိုင်း အလိုကျမှ အသင်း- ဆိုတဲ့ နေရာမှာ ပါတီ ဆိုတဲ့ စာသား ဆိုင်းဘုတ် ဆေးမှုတ်ပြောင်းလိုက်ရုံမျှ။ ဒါကြောင့် မြန်မာ့ နိုင်ငံရေး မှာ တချို့ ဝမ်းစာ မလို ။အိမ်စာမလို။

ဒီပဲယင်းအလွန် အမျိုးသားညီလာခံ မြေပုံ ၇ ချက်

အဲဒီ ဒီပဲယင်း ကိစ္စအပြီး ၂၀၀၃ ထဲ မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က လမ်းညွှန်မြေပုံ ၇ ချက်ထုတ်ပြီး ၁၉၉၆ ကတည်းက ရပ်နားထားရတဲ့ အမျိုးသားညီလာခံကို အတင်း ပြန်အသက်သွင်း။ ဖွဲ့စည်းပုံကို အပြီးသတ်နဲ့ အပိုင်အနိုင်ရေးဆွဲ ကြပါတယ်။ လမ်းညွှန်မြေပုံ ၇ ချက်ထွက်လာတာကို ကုသသမဂ္ဂ အတွင်းရေးမှူး ကိုဖီအာနန်က ကြိုဆိုသလို ၂၀၀၃ ဒီဇင်ဘာလ ဘန်ကောက်မှာ လုပ်တဲ့ ဘန်ကောက် လုပ်ငန်းစဥ်( Bangkok Process ) အစည်းအဝေး မှာ နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် က အမျိုးသားညီလာခံ ပြန်စတော့မယ်လို့ နိုင်ငံတကာကို ကတိပြုခဲ့တာကို တက်ရောက်လာတဲ့ တရုတ်ပြင်သစ် ဂျာမဏီ အိန္ဒိယ ဂျပန် အီတလီ စင်ကာပူ သြစတေးလျ သြစထရီးယား အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်များက- ကုလ အထူးကိုယ်စားလှယ် ရာဇလီ အစ္စမေး နဲ့ အတူ တခဲနက် ကြိုဆိုခဲ့ကြပါတယ်။ 

ကျွန်တော် ခုလိုဖေါ်ပြရတာကတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေ- တိုင်းပြည်တွေလဲ အားလုံး မြန်မာ့ သမိုင်းဖြစ်စဥ်မှာ ပါခဲ့ကြတယ်ဆိုတာ သိအောင်၊ လက်ညှိုးထိုးချင်ရင်လဲ ဖြန့်ထိုးနိုင်အောင် ထည့်ရေးနေတာသာဖြစ်ပါတယ်။

၂၀၀၄ မေလ - မှော်ဘီ မှာ ညောင်နှစ်ပင် အမျိုးသားညီလာခံ ကို ပြန်စပါတယ်။ အပစ်ရပ် မွန်ပြည်သစ်ပါတီ NMSP ကချင် KIO ကေအိုင်အိုတို့ တက်ရောက်ကြပါတယ်။

အလှည့်အပြောင်းများ

 အောက်တိုဘာလထဲမှာတော့ ထောက်လှမ်းရေးတဖွဲ့လုံး ( အင်အား ၁၀၀၀ လောက် ) ဖယ်ရှားရှင်းလင်းတာ ခံရပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်လဲ ထိမ်းသိမ်းခံရပါတယ်။နိုင်ငံရေး အလှည့်အပြောင်းတွေ များတဲ့ အကြောင်းဒီမှာ ပြောလိုရင်း ။

ဒီနေ့ ရပ်တည်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား တချို့ တက်ကြွလှုပ်ရှားနေကြသူတချို့ ဇေောင်းပေးဝေဖန်တာခံံံံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ယခင်် ၁၉၈၈ ကနေ ၂၀၁၀ အထိ အနှစ် ၂၀ ကျော် စစ်တပ်ကို အတိုက်အခံလုပ်ခဲ့တယ်။ အန်အယ်လ်ဒီပါတီဝင် ၈၀၀ လောက် ဟာ သံတိုင်တွေကြားမှာ အချိန်ကုန် ခဲ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်လိုလက်ရ လက်ခံခဲ့တာ မဟုတ်ဘူးဆိုတာတွေကို မမေ့စေချင် ပါ။ 

နာဂစ်ဖွဲ့စည်းပုံကို အန်အယ်လ်ဒီ အတည်ပြုခဲ့တာ မဟုတ်သလို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ (စစ်တပ်နဲ့ အပေးအယူ လုပ်နေတယ်၊ စစ်တပ် ကို ကာကွယ်နေတယ်) လို့ ပြောနေတဲ့ အနောက်အုပ်စု ဟာ တချိန်တုန်းက ဒေါ်အောင်ဆန်းကြည်ကို အပေးအယူ မရှိ တဲ့ ခေါင်းဆောင် - ခေါင်းမာတဲ့ခေါင်းဆောင် လို့ ဝေဖန်ခဲ့ဖူးတာကို ပြန်သတိရကြစေလို ပါတယ်။ 

၂၀၀၈ ခြေဥအလွန်


၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်မှာ ဒီချုပ် ခေါင်းဆောင် များစွာ သံတိုင်တွေနောက်မှာပါ ။ ဒီချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ပါ ဘူး သပိတ်မှောက်ခဲ့ပါတယ်။ 

ဒီချုပ်ထဲက ဖဲ့ထွက်လာတဲ့ တချို့ တွေ က NDF အမျိုးသားဒီမိုကရေစီ အင်အားစုအဖြစ် ၂၀၁၀ ကို ဝင် အိမ်ဖြည့်ပေးတဲ့ အချိန် ။ အမတ် ၁၀ယောက် ကျော်လောက်ရပြီး နိုင်ငံရေးဇာတ်သိမ်းချိန် ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီးက အမျိုးသားလွှတ်တော်မှာကော ပြည်သူ့လွှတ်တော်မှာကော ပြိင်ဘက်မရှိ မဲဆန္ဒနယ်အားလုံးကို သိမ်းပိုက်ပြီး တိုင်းပြည်ကို အရပ်သား တပိုင်း အုပ်ချုပ်ရေးစတင်လိုက်ချိန် ... လူထုကြီးက လမ်းပေါ်မထွက် သေနတ်မကိုင်ပါ ။ သူတို့ မဲထည့်ရမယ့်လူ ပျောက်နေခဲ့သူတွေကိုသာ မျှော်ကြရရှာတာပါ ။ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကို ဒီချုပ်ဝင်လိုက်တဲ့ အချိန်ကျမှ လူထုမှာ တခဲနက် အင်အားပြ ခွင့်ရ ၊ ကြားဖြတ်မဲဆန္ဒနယ် အားလုံး( တနေရာကလွဲ ရင် ) အနိုင်ရ ။ နှလုံးရည်ခြင်း ကစားရတဲ့ နိုင်ငံရေး မျက်နှာစာ ပွင့်ကျ လာပါတယ်။ 

၂၀၁၀ တုန်းက ပြိုင်ဘက်မရှိ ( ဒီနေ့အထိ လဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လောက်လောက်လားလား ပြိုင်နိုင်တဲ့ အင်အား ဟာ အန်အယ်ဒီ မှာပဲ ရှိနေဆဲပါ ။ ) လွှတ်တော်ကို အုပ်စီးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဟာ တကယ် လူထုထောက်ခံမှု မရှိ ဘူး။ ဘာမှ မဟုတ်ဘူးဆိုတာကို ဒီချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုက်တဲ့ အခါကျမှ အဖြေပေါ်သွားပါတယ်။ 

နယ်စပ်က အန်ဂျီအိုတွေကိုတော့ ပြည်တွင်းမဝင်ရင် ပိုက်ဆံ မပေးတော့ ဘူး လို့ ဖန်ဒါ( Funder ) တွေက အကြပ်ကိုင်တဲ့ အခါ နိုင်ငံတကာ အန်ဂျီအိုတွေလဲ နိုင်ငံခြား မီဒီယာတွေနဲ့ အတူ ပြည်တွင်းကို အသိုက်ပြောင်း နိုင်ကြ၊ အစွမ်းနဲ့ ပညာတွေ ပြခွင့် ရလာကြပါတယ် ။ကျေးဇူးတင်ချင်လဲ ရ -မတင်ချင်လဲ ရ။

စစ်တလင်းများ ဒုုုုုုက္ခသည်််််များ

နဝတ တက်ခါစ ၁၉၈၈-၈၉ တုန်းက - ကရင်ပြည်နယ်ဟာ အကြီးအကျယ်စစ်တလင်း၊ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ဒုက္ခသည်စခန်း ၁၀ ခုကျော် အထိ ။ကရင်ဒုက္ခသည် စစ်ပြေးတွေက ၅သိန်းလောက်။( အခု ဘင်္ဂလား ကော့ဘဇား နားက ဒုက္ခသည်စခန်းလောက်တော့ ကမ္ဘာမကျော်နိုင်ခဲ့ ရှာ ) ။ နဝတ နဲ့ အကြီးအကျယ် စစ်ဖက်ပြိင်ခဲ့သူက ကေအင်ယူ ကရင် အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး။

အခု တခါ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ကျမှ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်လာပြန်တာကတော့ ကချင်ပြည်နယ်ထဲမှာ။ ကချင်ပြည်သူတွေ ကံမကောင်း ။ နဝတ နအဖ စစ်အုပ်ချုပ်ရေးအောက်မှာ နေစဥ် ကာလ တလျောက်လုံး စစ်မတိုက် ပဲ ၁၉၉၄ အပစ်အခတ်ရပ်စဲ ရေး နဲ့ နေလာတဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်ဟာ အရပ်သားတပိုင်း သမတကြီး ဦးသိန်းစိန် အစိုးရ တက်လာချိန်ကျတော့မှ စစ်တိုက်ရ မငြိမ်းချမ်းနိုင်ပဲ တိုက်ပွဲတွေ ဆက်နေခဲ့ရတဲ့ အခါ ။

 ဒီမှာ လဲ ညောင်နှစ်ပင်ကို လက်ညှိုးထိုးကြမလား ။ ၂၀၀၈ နာဂစ်ကို ထိုးကြမလား ။ အစကတည်းက မသေချာခဲ့ ။

ဆက်ပါဦးမယ် ဗျာ
ခွန်ဆိုင်း ( ၂၀ - ၀၂- ၂၀၂၀ )