Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၂)

Art from Khin Lunn FB


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၂)

(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၀


(၅)

နှစ်သစ်ကူးပွဲတော်ရဲ့ ညဘက်မှာတော့ ကိုမျိုးနဲ့မာလာတို့လင်မယားက ပြောစရာတွေရနေကြတယ်၊ ထုံးစံအတိုင်း ကိုမျိုးကတီဗွီကြည့်လိုက်၊ အိုင်ဖုန်းနှိုက်လိုက်နဲ့လုပ်နေပြီး မာလာကတော့အဝတ်ခေါက်၊ ပန်းကန်ဆေး၊ မီးပူတိုက်၊ သန့်ရှင်းရေးလုပ်စတာတွေ လုပ်နေလိမ့်မယ်။

‘ အန်တီအေးကြည့်ရတာ သနားပါတယ်နော် ကိုမျိုး။ လူထဲဝင်ရမှာမဝံ့မရဲပုံမျိုး၊’

‘အိုဘာလို့အဲ့ဒီလိုဖြစ်ရမှာလဲ၊ ကိုယ့်အပြစ်မှမဟုတ်တာ၊ နောက်အသစ်ဘဘကြီး တစ်ယောက်ရှာလိုက်ပေါ့ ဟေဟေ့’

‘ကိုမျိုးကလဲ မဟုတ်တာတွေပြောပြီ။’

‘ဘာမဟုတ်တာတွေရမှာလဲ။ သူကမှမကြိုက်တော့လို့ သွားတာဘာတတ်နိုင်မှာလဲ။ ဆွေးနေလို့လဲအပိုပဲ။ စိတ်ပြေ‌လက်ပျောက်ဖြစ်အောင် မိတ်ဆွေတွေဘာတွေနဲ့ လျှောက်လည်ပေါ့၊ တိုက်ခန်းထဲချည်း အောင်းနေတာတော့ဟုတ်သေးပါဘူး’

‘အဲ့ဒီလောက် မလွယ်ဘူးရှင့်၊ သူက ကားမှ မမောင်းတတ်တာ’

‘အဲ့ဒါတော့ ခင်ဗျားအန်တီအေးအပြစ်ပဲ၊ ဒီနိုင်ငံပဲရောက်တာကြာလှပေါ့ဟာ၊ ကားတော့မောင်းတတ်သင့်တာပေါ့၊ ကျုပ်တို့မြန်မာတွေဟာ အဲ့ဒါကြောင့်ရောက်တဲ့နေရာမှာ လိုက်လျောညီထွေမနေတတ်ဘူးလို့ပြောတာ၊ တိရစ္ဆာန်တွေတောင် ပတ်ဝန်းကျင်နဲ့လိုက်ပြီး အရောင်ပြောင်းတတ်သေးတာပဲ၊ လူတွေလုပ်နေပြီးဒီလောက်မှ အသုံးမကျတာ‌တော့မတတ်နိုင်ဘူး။

ကဲ လာပြီ၊ လာပြီ ဦးမျိုးရဲ့ထုံးစံအတိုင်းစပါပြီ သူကမြန်မာတွေကိုရောက်တဲ့နေရာမှာ သိပ်ကိုဝင်ဆန့်စေချင်တာလေ။ ဒါပေမယ့်ခက်တာက လူတွေကသူထင်သလိုမဖြစ်ကြဘူး။

‘ကျုပ်တို့မြန်မာတွေများ အင်္ဂလိပ်စကားသာ ဒီနိုင်ငံရောက်နေရက်နဲ့ မလေ့လာတာရှိမယ်၊ အင်တာနက်ပေါ်မှာမြန်မာရုပ်ရှင်တွေ၊ အငြိမ့်‌တွေ၊ သီချင်းဆိုတာတွေကြတော့ ကြည့်ကြပါလိမ့်မယ့်ဗျာ၊ ကိုယ့်မြန်မာအသိုင်းအဝိုင်း ပတ်ဝန်းကျင်လေးမှာသာ ဖဲရိုက်လိုက်၊ အရက်သောက်လိုက်၊ ပျော်ပွဲစားထွက်လိုက်၊ ဟီးဟီးဟားဟားလုပ်လိုက်နဲ့နေကြတာ၊ ကိုယ့်ဘဝအတွက် ဘာက တက်လမ်းရှိသလဲဆိုတာတော့ မလေ့လာချင်ကြဘူး၊’

မြန်မာတွေကလည်းမပြောနဲ့၊ မာလာအသိတစ်ယောက်က ပြောဖူးတယ်၊ ကျွန်တော်ဗျာ၊ လူငယ်လေးတစ်ယောက်ကို အင်္ဂလိပ်စာတော်စေချင်လို့ တိတ်ခွေတွေပိုက်ဆံစိုက်ပြီး ဝယ်ပေးတယ်‌နော်၊ ဒါပေမယ့်ကောင်လေးက ဆရာ့အခွေတွေနားထောင်ပြီးကျွန်‌တော်အိပ်ပျော်သွားရော၊ ဒီတော့ဘယ်နှယ့်လုပ်ကြမလဲ။ အဲဒီလိုဇွဲ၊ လုံ့လ၊ ဝီရိယရှိကြတာလေ။ အန်ကယ်ကြီးတစ်ယောက်ကတော့ ဆရာတော်တွေလည်း အင်္ဂလိပ်စာလေ့လာသင့်တယ်၊ ဒါမှနိုင်ငံခြားသားတွေဘာတွေလာရင်လဲ ရှင်းပြနိုင်မှာဆိုတော့ ဆရာတော်ကဒီမှာလာတာနိုင်ငံခြားသား‌တွေကိုသာသနာပြုမဟုတ်ဘူးတဲ့၊ မြန်မာအသိုင်းအဝိုင်းကိုသာသနာပြုဖို့တဲ့။ ဒါပေမယ့် တစ်ချို့က ကွယ်ရာမှာအတင်းပြောကြတယ်၊ ဆရာတော်ကဒီနိုင်ငံမှာနေတော့လေယာဉ်ပျံစီးမယ်၊ ရထားစီးမယ်၊ ကားစီးမယ်၊ အိမ်သာ တက်ချင်မယ်၊ တက်စီဌားစီးမယ်၊ ဆေးရုံသွားချင်တယ်၊ ရဲအကူအညီခေါ်ရမယ်ဆိုရင် အင်္ဂလိပ်စကားတတ်စရာမလိုဘူးလားတဲ့။

‘ကဲကိုမျိူးရေ၊ ဗိုက်ဆာပြီလား နေ့လည်ကကြာဇံကြော်တွေပိုလို့ ဆိုပြီးမသင်းကထည့်ပေးလိုက်တယ်၊ လူပျိုကြီးဇံဇံကလည်း ပလိန်းကိတ်တွေပိုလို့ပေးလိုက်တယ်။’

‘အမယ် ကပ်စေးနှဲလူပျိုကြီးဆီကတဲ့လား၊ ရာသီဥတုတွေပြောင်းဦးတော့မှာပဲ။’

လူပျိုကြီးက မာလာတို့မင်္ဂလာဆောင်တုန်းက ငွေအစိတ်‌လောာက်ပဲပေးရတဲ့ ကော်ဖီဖျော်စက်အပေါစားတစ်လုံး လက်ဖွဲ့လို့တဲ့ ပြောလို့ကိုမဆုံးတော့ဘူး၊ သူ့လောက်လခမကောင်းတဲ့မသင်းတို့တောင် ငွေငါးဆယ်လက်ဖွဲ့တယ်၊ ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်နှစ်လောက်ကပေါ့။ သူ့ရာထူးနဲ့၊ သူ့ဝင်ငွေနဲ့၊ သူ့အခြေအနေလက်ဖွဲ့တာ ကပ်စေးနှဲလို့တဲ့လေ။

မာလာတို့လင်မယားနှစ်ယောက်စလုံးကတော့ လက်ဖွာတယ်ပဲပြောပြော၊ စေတနာကောင်းတယ်ပဲပြောပြော၊ တိုင်းတိုင်းထွာထွာမရှိဘူးပဲပြောပြော၊ သူများတွေကိုပေးကမ်းဖို့၊ တတ်တိုင်သလောက် ကူညီဖို့ဝန်မလေးဘူး၊ အထူးသဖြင့် မင်္ဂလာဆောင်တို့ဘာတို့ဆိုတာ တစ်ဖက်သားကဘဝကိုစတဲ့အချိန်၊ မင်္ဂလာရှိတဲ့အချိန်၊ ကိုယ်ကအသိအမှတ်ပြုရမှာပေါ့။ အနဲဆုံးတစ်ရာလောက်တော့ အမြဲလက်ဖွဲ့တယ်။

အင်းဒါကလည်း ကိုယ်ကနှစ်ယောက်လုံးကလည်းဆရာဝန်၊ ကျန်းလဲကျန်းမာနေတုန်း၊ ဝင်ငွေလဲကောင်းတုန်းမို့ပေါ့၊ ပင်စင်ယူတဲ့အချိန်ကျတော့လည်း ချွေတာသင့်ရင်ချွေတာရမှာပေါ့၊ နောက်ဆရာဝန်ဆိုတာမျိုးကလူနဲ့ရင်းပြီးလုပ်ရတာလေ။ လူနဲ့ငွေကိုရှာရတာ၊ စီးပွားရေးသမားတွေလို ငွေကိုငွေနဲ့ရင်းပြီးရှာရတာမျိုးမဟုတ်ဘူး၊ ကျန်းမာရေးမကောင်းလို့ကတော့သွားပြီ အလုပ်မလုပ်နိုင်ရင်ငွေမရှာနိုင်‌တော့ဘူး၊ DISABILITY အာမခံတွေဘာတွေရှိတယ်ထားဦး၊ အလုပ်မလုပ်နိုင်ရင် လခကတစ်ဝက်ကျော်လောက် ထိုးကျသွားပြီ။ ကိုယ့်ကိုကိုယ် ကျန်းမာရေးကောင်းနေတာကို ကျေးဇူးတင်နေရတာ။

မလွယ်ဘူး၊ မလွယ်ဘူး ဒီနိုင်ငံမှာလူလုပ်ရများလွယ်တာမှတ်လို့၊ အလုပ်ကလဲပုံမှန်ဝင်ငွေရှိဦးမှ။ လစဉ်ပေးနေရတဲ့အိမ်လခ၊ ကားဖိုး၊ မီတာဖိုး၊ ရေဖိုး၊ အိုင်ဖုန်းဖိုး၊ ဘုန်းကြီးကျောင်းအလှုငွေ၊ သာရေးနာရေးစရိတ်၊ စတာတွေကနဲတာမှမဟုတ်တာပဲ။ ဒါ့အပြင်ကိုယ်ကစိတ်ပြေ‌လက်ပျောက်ဖြစ်အောင် ခရီးလေးဘာလေးထွက်တတ်တော့ အပိုကုန်တာကပါသေးတယ်။ ဒါပေမယ့်လူမသေ၊ ငွေမရှားတဲ့။ သက်တမ်းဆိုတာတိုတိုလေးရယ်၊ မစားရက်၊ မသုံးရက်၊ ခြိုးခြံချွေတာနေလို့ကတော့ ဒီဥစ္စာတွေက ကိုယ့်နောက်လည်းပါမှာမဟုတ်ဘူးလေ။ ကိုယ့်ဥစ္စာဆိုတာကိုယ်ပြုထားတဲ့ ကုသိုလ်နဲ့အကုသိုလ်ကံတွေပဲရှိတယ်လို့ မာလာကကတော့ယုံတယ်။ 
နောက်တစ်ခုက မာလာကလူနာတွေအပေါ်မျှမျှတတပဲ လုပ်တယ်။ အာမခံကုမဏီကပေးမှာပဲဆိုပြီး ရှာကြံပြီးရိတ်တာ၊ လှီးတာ၊ ဖြတ်တာ၊ တောက်တာတွေမလုပ်ဘူး၊ ဘာလုပ်မှာလဲ ၊ကိုယ်ရှာပိုက်ဆံကသန့်ရှင်းဖို့လိုပါတယ်၊ မသန့်ရှင်းတဲ့ပိုက်ဆံဆိုရင်ပူလောင်နေမှာပဲ၊ ကိုယ့်ကိုဒုက္ခတောင်ပေးနိုင်သေးတယ်။ ဟိုဒင်းလေ၊ ကိုယ့်မျက်စိရှေ့မှောက်မှာတင်၊ ပိုက်ဆံအယူကြမ်းပါတယ် နာမည်ကြီးတဲ့ဆရာဝန်တွေ ကျန်းမာရေးထိခိုက်ကြ၊ သူတို့မိသားစုဝင်‌တွေတစ်ခုခုဖြစ်ကြ၊ သူခိုးခိုးခံရတာနဲ့၊ ကားအက်ဆီဒင်ဖြစ်တာနဲ့၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်တာနဲ့ အမျိုးစုံအမျိုးစုံတွေကို လက်တွေ့ဘဝမှာမျက်မြင်ဆိုတော့ မဟုတ်တာလည်းမလုပ်ရဲပါဘူး၊ ဒါဒီဘဝမှာပဲရှိသေးတာနော်၊ နောက်ဘဝမရောက်သေးဘူး၊ ကိုယ်လုပ်တဲ့ကံကိုယ်သာခံရမှာတဲ့၊ ကိုယ်ကတရားအခံရှိထားဖူးတော့ ဘာမှလဲသိပ်မလိုချင်တော့ပါဘူး။

လှေကားကိုအဝတ်တွေသယ်ဖို့ကိစ္စနဲ့ သုံးလေးခေါက်လောက်ဆင်းလိုက်၊ တတ်လိုက်လုပ်လိုက်တော့ မာလာဒူးနာလာတယ်၊ အသက်ကလည်းစကားပြောလာပြီလေ။ ဟိုတုန်းက‌လိုတော့ဘယ်ဟုတ်မလဲ။ ဒါတောင်ကိုယ်ကဝိတ်သိပ်မများလို့ တော်သေးတာ။ တချို့လူနာတွေလို ပေါင်သုံးလေးရာဆိုလို့ကတော့ ဘာပြောကောင်းမလဲ၊ အသက်ငယ်ငယ်လေးနဲ့ဒူးခွဲရပြီပေါ့ တချို့ဆိုဒူးကိုအစားထိုးထားရတာလေ။ ဒီနိုင်ငံမှာကအစားအသောက်ကို ဘီလူးသရဲစီးသလို၊ စားကြတော့ခန္ဓာကိုယ်ကြီးတွေက အရမ်းဝကြတယ်။

တလောက မာလာသူငယ်ချင်းမိခိုင်လာလည်တယ်၊ သူနဲ့ကမတွေ့ရတာကြာလှပြီ။ မိခိုင်လည်းဒီမှာအနေကြာ‌တော့ဖက်တီးပုတ်ကြီးကိုဖြစ်လို့။ ဘတ်စ်ကားစီးပြီး မြန်မာစတိတ်ရှိုးလာကြည့်တာတဲ့လေ။ ဘတ်စ်ကားကိုအကြာကြီးစီးလာရတာ။ ငါတို့မြန်မာတွေများ အပျော်အပါးအတွက်ဆိုရင် ဘယ်လောက်ပဲပင်ပန်းခံရခံရမမောဘူး၊ အဲဘုရားတရားအတွက်ဆိုရင်တော့ ဆင်‌ခြေဆင်လက်မျိုးစုံရှိတယ်။ မိခိုင်ကိုများအရင်က ခဏခဏခေါ်ဖူးတယ်၊ ရာသီဥတုကောင်းတုန်းလာခဲ့ပါလား၊ တရားဆိုတာအသက်ငယ်တုန်း ထိုင်ဖူးရင်ကောင်းတယ်ဘာညာပေါ့။ အဲထုံးစံအတိုင်းမအားပါဘူးပေါ့။ ကိုယ်နဲ့မဆိုင်သလိုပဲပေါ့။ ဒီခန္ဓာကိုယ်ကြီးနဲ့ဆိုရင်တော့ ကြမ်းပြင်ပေါ်ထိုင်ဖို့တောင် မလွယ်လိိုက်မဲ့အမျိုး၊ လှေကားတတ်တာတောင် ဟောဟဲလိုက်နေတယ်။ မာလာတို့ငယ်ငယ်က ဆရာဝန်ကြီးတစ်ယောက်ပြောသလို အပိုအလေးချိန်တွေ၊ ဆန်အိတ်ကြီးတွေထမ်းထားရတာပေါ့။ အသိစာရေးဆရာတစ်ယောက်ကတော့ အဲ့ဒါမသေခင်ကပြိတ္တာဖြစ်နေတာတဲ့ ကြံကြံဖန်ဖန် ပြောတတ်တဲ့သူပဲ။

မာလာက သွက်သွက်လက်လက်လှုပ်ရှားတယ်၊ မီးပူတိုက်ပြီးသားအဝတ်တွေကို အပေါ်ထပ်ယူသွားပြီး ချိတ်နဲ့အကျအနချိတ်တယ်၊ အလုပ်သွားတဲ့အဝတ်တွေလောက်ပဲတိုက်နိုင်တာပါ။ အခြောက်ခံစက်ထဲကအဝတ်တွေကိုယူပြီး ခေါက်သင့်တာခေါက်တယ်၊ မျက်နှာသုတ်ပဝါအဟောင်းနဲ့အသစ်လဲတယ်။ ထမင်းအိုးထဲကထမင်းကြမ်းတွေကိုလှယ်ပြီး အိုးဆေးတယ်၊ မနက်ဖြန်အလုပ်သွားရင်ယူသွားဖို့ ရေသန့်ဗူး၊ ဌက်ပျောသီးစတာတွေကြိုထည့်တယ်၊ ကိုမျိုးရဲ့အင်္ကျီတွေထဲက တီရှပ်အဟောင်းတွေအောက်ကိုယူလာတယ်။

‘ကိုမျိုးရေ၊ဒီတီရှပ်‌တွေစိုးစိုးကိုပေးလို့ရလား’

‘ပေးလေ၊ အကောင်းကြီးတွေရှိပါသေးတယ်၊ သူများကိုပေးတယ်ဆိုတာ သိပ်ဟောင်းနေရင်မကောင်းဖူးကွ အနီလေးနဲ့ အပြာလေးပေးလိုက်၊ မီးခိုးရောင်ကတော့ နဲနဲဟောင်းနေပြီ၊ ငါဆက်ဝတ်လိုက်မယ်’

‘လူပျိုကြီးတောင် သူ့ရှပ်အင်္ကျီတွေပေးလို့သိလား’

‘အေးပေးလိုက်ပါကွာ၊ ငါတောင်ဒီနေ့မုန့်ဖိုးပေးမလို့ဟာ အကြွေမရှိလို့မပေးလိုက်ရဘူး၊ ရာတန်တစ်ရွက်နဲ့ ငါးကျပ်တန်တရွက်ပဲရှိတယ်’

‘ဆရာတော်နမိုးနီးယားဖြစ်တုန်းကလည်း သူပဲညစောင့်အိပ်တာပဲ၊ သူပဲအိပ်ရေးပျက်တာပဲ၊ သူ့လိုလူရှိတာတော်သေးတာပေါ့။’

‘အေးငါတို့ကလဲမသွားနိုင်၊ နှင်းတွေကလဲကျ၊ လမ်း‌တွေကမကောင်းနဲ့။ ဆရာတော်လဲ အခုတော့အပြင်သိပ်မထွက်ပါဘူးပြောတာပဲ။'

‘အင်းသူ့ခမျာလဲ တစ်ပါးတည်းဆိုတော့ပျင်းရှာမှာပဲ။’

‘အေး ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက်ပဲဖြစ်ဖြစ် ဒီရာသီတော့အပြင် လမ်းလျှောက်မထွက်သင့်သေးဘူး။ လေကလဲတအားအေးနေတာ၊ မတော်တဆချော်လဲလို့ကျိုးပဲ့ရင်လဲ တစ်ဒုက္ခ၊ ငါတောင်ဒီနေ့မနက်‌ချော်လဲမလို့ ကံကောင်းလို့။’

ကဲကိုမျိုးကတော့ ထုံးစံအတိုင်း သူ့ဟာသူစကားတွေဆက်ပြောနေပြီ။ သူကစကားပြောနေရရင် ကျေနပ်နေတဲ့အမျိုး။ မာလာကတော့ရတဲ့အချိန်အတွင်း လုပ်စရာရှိတာတွေလုပ်ရဦးမယ်၊ ပြီးရင် တရားလေးဘာလေးမှတ်၊ တီဗွီကြည့်ရမယ်လေ။

(၆)


ဒီနှစ်ဆောင်းရာသီမှာ ဆရာတော်ဦးဝိမလ သိပ်နေလို့ထိုင်လို့မကောင်းလှဘူး၊ နမိုးနီးယားဆိုလားဘာဆိုလားဖြစ်လိုက်ပြီးထဲက ကောင်းကောင်းနလန်မထူသလိုပဲ၊ အစားအသောက်လဲ သိပ်ခံတွင်း‌မတွေ့လှဘူး၊ သူတို့ကတော့ဖွယ်ဖွယ်ရာရာတွေလုပ်ပေးကြပါရဲ့။

နောက်တစ်ခုက ရာသီဥတုအေးလွန်းတာရယ်၊ နှင်း‌တွေမကြာခဏကျတာရယ်ကြောင့် အပြင်ဖက်လဲလမ်းထွက်မလျှောက်နိုင်ဘူး၊ ကျန်းမာရေးမကောင်းတာလဲပါတယ်၊ ဒီတော့စိတ်ကကျဉ်းကျပ်ပြီးခန္ဓာကိုယ်ကလည်း ထိုင်းမှိုင်းနေတော့တာပဲ။ လေ့ကျင့်ခန်းရအောင်ဆိုပြီး ကျောင်းထဲကလှေကားအတတ်အဆင်းလုပ်ပါတယ်ဗျာ၊ ဒါပေမယ့်ကြာတော့ဒူးနာလာတယ်။ နေ့တာကလဲတိုတယ်၊ အစောကြီးနေဝင်တော့စိတ်ပျက်စရာပေါ့။

အင်း အခုတော့ရာသီအလိုက် ထမနဲပွဲလုပ်မယ်လေ၊ ရိုးရာထုံးစံမပျက်ရအောင်ပေါ့။ ဒါမှလူငယ်တွေက အမွေဆက်ခံနိုင်တော့မှာပေါ့၊ ခါတိုင်းနှစ်တွေလိုပဲ ဒကာဦးစိုးနိုင်က သူ့မှာဆိုင်ရှိတော့ထမနဲပွဲအတွက် လိုအပ်တဲ့ကောက်ညှင်းဆန်၊ ဆီ၊ မြေပဲ၊ ဂျင်း၊ စတာတွေကိုလှုတယ်လေ၊ ဒါပေမယ့် ခုနှစ်ကခါတိုင်းနှစ်လိုမဟုတ်ဘူး၊ ဒကာစိုးနိုင်က တူမနှစ်ဝမ်းကွဲကိုခိုးပြေးဆိုလားဘာလား လူတွေကအတော်စိတ်ဆိုးနေကြတယ်၊ ပုထုဇဉ်တွေများတယ်လဲကြိုးရှုပ်ကြတာကိုး။ သူလာရင်ငါတို့တော့မလာဘူးဆိုတာတွေကပါသေးတယ်၊ ကိုယ့်ဟာကိုယ်ကုသိုလ်မရှာပဲ အကုသိုလ်ရှာကြံပြီးရှာတတ်ကြတာလေ။ ဒီကြားထဲဆရာတော်ကိုလာပြီး သူတို့ဒီကျောင်းမလာစေနဲ့ဘုရားလို့အမိန့်ပေးသူကရှိသေးတယ်။ ဘယ်နှယ့်လူတစ်ဦးတစ်ယောက်ကို ဘုန်းကြီးကျောင်းမလာပါနဲ့လို့ပြောလို့ရမှာလဲ။ ခက်ပါဘိခြင်း။

မသင်းတို့ဦးဆောင်တဲ့ အမျိုးသမီးတစ်သိုက်ကဂျင်းအခွံသင်၊ မြေပဲထောင်းရင်းတိုးတိုးတိတ်တိတ်အတင်းပြောကြတယ်။

‘ခက်ပါတယ်အေ၊ ဟိုလူကိုစိုးနိုင်ကို မကျေနပ်တဲ့သူတွေက ဒီနေ့ထမနဲလာမထိုးရင်၊ အခုရှိတဲ့လူနည်းစုလေးပဲပင်ပန်းတော့မှာပဲ၊ ဒီအချိန်မှမလာရင် လာတော့မယ်မထင်ဘူး’

‘ဟုတ်ပါ့မသင်းရေ ရာသီဥတုကလဲအေးတော့ ဒီလူတွေမချောင်ဘူး’

‘အေး သူတို့စားဖို့ငါမျှစ်ချဉ်နဲ့ဝက်သားချက်ထားတယ်၊ ခဏနေရင် လဖက်ရည်ပူပူလေးဖျော်တိုက်မယ်၊ ‌နွေးနွေးထွေးထွေးရှိတာပေါ့’

‘ဦးစိုးနိုင်ကြီးကတော့မျက်နှာပြောင်တယ်နော်၊ ဘာမှမဖြစ်သလိုပဲ၊ ဟိုမှာ ထမနဲဝင်ထိုးနေတာသာကြည့်တော့၊ ဟိုဟာက သူ့သမက်တစ်ယောက်မဟုတ်လား’

‘ဟုတ်တယ်၊ ဟုတ်တယ်၊ သူက အကုသိုလ်ဆိုတော့ ကျန်‌တဲ့လူတွေကမလာကြဘူး၊ လူပျိုကြီးဇံဇံတို့တော့မချောင်ဘူး’

လူတွေပြောလဲပြောစရာပဲ၊ ဦးစိုးနိုင်ကိစ္စဖြစ်နေတာရယ်၊ ရာသီဥတုမကောင်းတာရယ်ပေါင်းပြီး သိပ်မလာကြဘူး၊ ရှိတဲ့လူနဲ့ပဲလုပ်နေရတာ။ ထမနဲကိုစနေနေ့မှာ ကြိုပြီးထိုးထားတယ်။ နောက်တစ်နေ့ တနင်္ဂ‌နွေနေ့ကျမှ ပက်ကင်လုပ်ပြီးသား ထမနဲတွေကို လူတွေကိုဝေပေးမှာလေ။

ထမနဲထိုးရတာမချောင်ဘူး၊ ဒါတောင်ကောက်ညှင်းဆန်ကို ချက်ပြီးမှထိုးတာ။ ဆန်စေ့ကနေစပြီးအစအဆုံး ထိုးတာမျိုးမဟုတ်ဘူး။ ဒီလောက်အေးတဲ့ရာသီထဲမှာ နေမဝင်ခင် အားကြိုးမာန်တက်ထိုးရတာ၊ လူများရင်တော့ဘာအရေးလဲ၊ လူကနဲတော့ ခဏခဏနားရဖို့ဆိုတာ မလွယ်လောက်ဘူး၊ အမျိုးသမီးတွေကကောက်ညှင်းဆန်ချက်ပေးတယ်၊ ပြီးရင်ထမင်းပေါင်းအိုးဆေးရတယ် ၊ နောက်ပြီးရင် ထပ်ပြီးကောက်ညှင်းဆန်ထပ်ချက်၊ ထပ်တိုး၊ ထပ်ဆေး။

ထိုးပြီးသားထမနဲတွေကို ဗန်းထဲမှာအအေးခံပြီး ပလတ်စတစ်ဗူးတွေထဲထည့်ပြီး မနက်ဖြန်အတွက်ထားတယ်။ တချို့ကလဲ ဒီနေ့ပင်ပန်းတော့ မနက်ဖြန်မလာနိုင်တော့ဘူး၊ ထမနဲတွေဒီညပဲကိုယ့်ဝေစုယူသွားတော့မယ်။

ကိုမျိုးကတော့ အအေးမခံနိုင်တာရယ် ကောင်းကောင်းနေမကောင်းတာရယ်ကြောင့် ထမနဲထိုးရာမှာဒီနှစ်မကူနိုင်ဘူး၊ လူနာတွေနဲ့အမြဲနေရတာလဲပါမှာပေါ့၊ ဒီတော့ဆရာတော်ကို သွေးပေါင်ချိန်ပေးတယ်၊ မနက်ဖြန်အတွက် စားပွဲတွေခုံတွေခင်းတယ်၊ သစ်သီးတွေကိုဆေးရင်း လှလှပပပြင်ပေးတယ်။

ထမနဲထိုးနေရင်း မီးခိုးနံ့တွေကြောင့် အသက်ရှုကျပ်မလိုဖြစ်လာတဲ့ဇံဇံက ရေနွေးကြမ်းတစ်ခွက်ယူသောက်တယ်။

‘ဘယ်လိုလဲပင်ပန်းနေပြီလားဗျ’

‘အော်ကိုမျိုး၊ဒီလိုပါပဲဗျာ၊တတ်သည့်ပညာ၊မနေသာဆိုသလိုပေါ့ဟဲဟဲ။’

‘ကျုပ်တို့ရဲ့ဇာတ်လိုက်ကြီး ကိုစိုးနိုင်ရောဘယ်လိုလဲ။’

‘ဘယ်လိုမှမလဲပါဘူး၊ ကြောင်တာပေါ့ဗျာ ခါတိုင်းဆိုရင်အန်ကယ်ရေ၊ အန်တီအေးမပါဘူးလားလို့မေးမိမှာ၊ အခုတော့ယောင်ပြီး မမေးမိအောင်သတိထားနေရတယ်၊ ကိုဘာဘူတို့လူစုကတော့ ကိုစိုးနိုင်ကိုအစထဲကကြည့်မရတာ၊ အခုတော့ပိုပြောစရာဖြစ်တာပေါ့၊ အဲ့ဒါသူတို့တွေက ကိုစိုးနိုင်လာရင် သူတို့ထမနဲထိုးတာမလာဘူး ဘာညာဆိုပြီးလုပ်တော့ ကျွန်တော်တို့ပင်ပန်းတာပဲအဖက်တင်တယ်၊’

‘တကယ်တော့ဗျာ သူ့ဟာသူနောက်မိန်းမယူတာပဲနော်၊ ဘာဆန်းသလဲ၊ ယူတဲ့သူတွေကမှ မရှက်ကြသေးတာ၊ ကျွန်တော်တို့ကဘာတွေလိုက်ဖြစ်နေကြတာလဲ။ ရှိရင်းစွဲအခြေနေတစ်ရပ်ကနေ ပြောင်းသွားတာကို မကြိုက်ကြတာလဲပါရင်ပါမှာပေါ့။ မြန်မာတွေအမြင်နဲ့ကြည့်ရင်တော့လဲ အိမ်ထောင်ရေးဖောက်ပြန်တာ မကောင်းဘူးပေါ့၊ ဒါပေမယ့် ဒါမျိုးကိစ္စတွေက ဖြစ်နေကြတာပါပဲဗျာ၊ ကျုပ်တို့လူနာတွေထဲမှာပိုဆိုးသေး၊ ယောကျာ်းသုံးယောက်၊ ကလေးကလေးယောက်၊ ကလေးတွေထဲမှာ အသားရောင်အစုံအလင်ဆိုတာမျိုးတွေရှိတယ်၊ အဖေတွေကအရောင်မတူတော့ ကလေးတွေကလည်းအရောင်စုံထွက်လာတာပေါ့။’

‘ကျွန်တော်ကတော့ သူများယောကျာ်းယူတဲ့မိန်းမထက် သူများမိန်းမကို ကြာကူလီလုပ်တဲ့ ယောက်ျားတွေကို ပိုပြီးရွံတယ်ဗျ၊ ခင်ဗျားစဉ်းစားကြည့်လေ၊ မိန်းမဆိုတာမျိုးကစိတ်ထိခိုက်လွယ်တဲ့၊ သနားတတ်တဲ့အမျိုး၊ ကိုယ့်ပြဿနာတွေကိုငိုပြလို့ကတော့ သနားလာပြီးပါလာမှာပဲ။ စဉ်းစားဉာဏ်မရှိရင်၊ ငွေကြေးချို့တဲ့ရင်ပိုဆိုးနိုင်မှာပေါ့၊ နောက်ဆက်တွဲပြဿနာ‌တွေမစဉ်းစားတော့ပဲ မဖြစ်သင့်တာ‌တွေဖြစ်ကုန်ရော၊ သူများမိန်းမကြာကူလီလုပ်တဲ့ ယောကျာ်းကတော့လွန်ပါတယ်ဗျာ၊ ဒု-သ-န-သောတဲ့။ ဒီကမ္ဘာလောကကြီးထဲမှာ မိန်းမတွေဒီလောက်ပေါများရက်နဲ့ သူများမိန်းမမှယူတဲ့ ယောကျာ်းကတော့ ခွင့်လွှတ်စရာသိပ်မရှိဘူးဗျ’

‘လူပျိုကြီးဇံဇံရဲ့ဒဿနတွေပေါ့နော်ဟဲဟဲ၊ တကယ်တော့ ဘာပဲဖြစ်ဖြစ် အခုလိုကြီးလူတွေကသိကအောက်ဖြစ်ကြ၊ စိတ်ဆိုးကြ၊ နှစ်ခြမ်းကွဲကြ၊ မခေါ်မပြောနိုင်တွေဖြစ်ကြ၊ အကုသိုလ်တွေများကြဆိုတော့‌ မကောင်းဘူးပေါ့နော်။’

ထမနဲဗန်းကြီးသယ်ပြီးဝင်လာတဲ့ တိုင်းရင်းသားလူငယ်လေးတစ်ယောက်ကို ကိုမျိုးကသွားကူပေးရတော့ စကားပြတ်သွားတယ်။ တံခါးဖွင့်လိုက်တော့ လေအေးတွေက စိမ့်ကနဲဝင်လိုက်လာတယ်။ အဲ့ဒီတိုင်းရင်းသားလူငယ်လေးနာမည်ကို ကိုမျိုးအသံထွက်မခေါ်တတ်ဘူး။ ဒါပေမယ့် သူတို့လာကူတာကို ကျေးဇူးတင်ရတယ်။
မသင်းက ဆရာတော်အတွက် သံပုရာရည်လေးဖျော်ပေးတယ်။ ကိုယ်ကအစားမက်တော့ ဘုန်းကြီးတွေ၊မယ်သီလတွေ ညစာမစားပဲဥပုသ်စောင့်တာကို ကိုယ်ချင်းစာတယ်လေ။ ဦးစိုးနိုင်ကြီးကလဲ ခဏတဖြုတ်နားဖို့အထဲဝင်လာတယ်။

‘ညီမတို့ရေ၊ သံပုရာသီးဆိုတာမျိုးက ကြီးလေချဉ်လေပဲဟေ့။’

မိန်းမတချို့ခပ်အုပ်အုပ်က မသိမသာရယ်ကြတယ်၊ မသင်းတို့က‌တော့လုပ်ပြီ၊ သူ့အသံပြဲကြီးနဲ့ အားမနာတမ်းလုပ်ပြီ။ မာလာကကြားထဲက အားနာနေသေးတာ၊ ဦးစိုးနိုင်မျက်နှာကြီးဖြစ်သွားပုံများ။ မာလာကတော့ အစထဲကမှအခြေအနေတွေ တင်းမာနေတော့ ပိုဆိုးသွားမှာကြောက်တယ်လေ။ ဦးစိုးနိုင်ကြီးကမလာတာကြာပြီလေ။ ဒီနေ့လဲ မလာဘူးထင်ထားတာ၊ သူကရောက်ချလာတယ် ဆိုတာလဲသိရော၊ တချို့လူတွေက မလာကြတော့ဘူး။ လူတိုင်းကဖုန်းရှိတော့ သတင်းက ချက်ချင်းရောက်တာပဲ။

မာလာကတော့ သူများယောကျာ်းကိုနသားပါယလိုက်လုပ် တတ်တဲ့မိန်းမတွေကို နားမလည်ဘူး၊ တချို့ ယောကျာ်းတွေကလိမ်ညာပြော၊ အယုံသွင်းလို့၊ အိမ်ထောင်ရှင်မှန်းမသိလို့ ၊အညာခံရလို့၊ အလိမ်ခံရလို့ လင်ခိုးမဖြစ်ရတယ်ဆိုရင်တော့လဲထားပါတော့ သူ့ခမျာ မသိရှာလို့ ဒီလိုဖြစ်ရတယ်ဆိုပြီးလူ‌တွေက ဝိုင်းပြီးသနားကြဦးမယ်။ အခုဟာကတော့မဟုတ်ပေါင်။ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့အဒေါ်ရဲ့ ယောကျာ်းနဲ့မှဖြစ်ရတာတဲ့။ အိမ်ထောင်ရှင် ယောကျာ်းတွေကို ဇွတ်အတင်းဖုန်းလိုက်ဆက်၊ မက်ဆေ့ခ်ျတွေပို့၊ ဖေ့စ်ဘွတ်စ်ပေါ်မှာလိုက်ပြီး အီစီကလီလုပ်တဲ့ အစားမျိုးတွေကလဲရှိသေးတာကိုး။ အေးလေဒါကတော့သူ့အဆင်နဲ့သူကိုး။ အရေးကြီးတာက သူများအကုသိုလ်ဟာ ကိုယ့်အကုသိုလ်မဖြစ်ဖို့ပဲ။

မသင်းကတော့ ဦးစိုးနိုင်ကိုမကျေနပ်ဘူး၊ ဒီအကုသိုလ်ကောင် လာလို့ ကျန်တဲ့လူတွေမလာကြတော့ ငါ့သားလေးတွေပင်ပန်းကြရှာ‌‌တော့မှာပဲ။ ယောက်ျားလုပ်တဲ့သူ ကိုလတ်ကြီးတော့မခေါ်ခဲ့တော့ဘူး။ သူကလက်နာတတ်တယ်။ ရာသီဥတုကအေး‌တော့ အအေးမိမှာလဲစိုးရိမ်တယ်၊ အသက်ကစကားပြောလာပြီလေ။ စားဝတ်နေရေးကလည်း အထည်စက်ရုံမှာလုပ်ရသေးတာကိုး။
ဒီတစ်ခါထမနဲထိုးတာမှာ အပင်ပန်းဆုံးကတော့ စိုးစိုးနဲ့ကိုဖိုးမောင်ပဲ။ စိုးစိုးကတော့ထုံးစံအတိုင်း ဆရာတော်ရဲ့လက်စွဲဆို‌တော့ စိတ်ချရပြီးသား။ စေတနာကလဲကောင်း‌တော့အစောကြီးထဲက ရောက်နေတာ။ ချိန်းထားတဲ့အချိန်တိုင်း ရောက်တာဆိုလို့ မာလာတို့နဲ့စိုးစိုးရယ်ပဲရှိတာလေ။ ကျန်တဲ့သူတွေကတော့ မြန်မာစံတော်ချိန်ပဲ။

မာလာတို့ရောက်လာတော့ ဘယ်သူမှမရှိသေးဘူး၊ ကျောင်းကြီးက ခြောက်သွေ့နေတာ သရဲခြောက်မလား တောင်စိုးရတယ်၊ ဆရာတော်ကဇွတ်အတင်းကျွေးလို့ မနက်ကကျန်တဲ့မုန့်ဟင်းခါးတွေစားရသေးတယ်။ မြန်မာတွေက အချိန်မလေးစားတတ်တာက လူမျိုးစွဲရောဂါလိုဖြစ်နေပြီ။ တစ်ခါကလည်း ကိုမျိုးမိတ်ဆွေတွေဖြစ်တဲ့ စန်းစန်းရှိန်တို့ လင်မယားနဲ့ချိန်းပြီး နေ့လည်စာသွားစားကြတယ်။ ဆိုင်ကိုရောက်ဖို့ ချိန်းထားတာက နေ့လည် ၁၂နာရီ ဒါပေမယ့် သူတို့ကမိနစ်လေးဆယ်လောက်နောက်ကျပြီးမှ ရောက်လာတယ်လေ။ ဖုန်းလှန်းဆက်ပြီး တောင်းပန်ဖော်၊ အကြောင်းကြားဖော်တောင်မရဘူး။ စန်းစန်းရှိန်ကလဲ အေးဆေးပဲ၊ သူပဲဘာမှမမှားသလိုမျိုး။ ယောကျာ်းကနောက်ကျနေလို့တဲ့၊ ကောင်းရော။ မာလာတို့က ဗိုက်ဆာလာတော့ကြိုမှာပြီးစားနှင့်ကြရော။ ဆိုင်ကသဘောကောင်းလို့ရယ်၊ လူသိပ်မများလို့ရယ် ဘာမှမပြောဘူး၊ တချို့မြို့ကြီးတွေကဆိုင်တွေလို လူအရမ်းကျတတ်ရင်တော့ မောင်းထုတ်တာခံရမှာပေါ့။ ကိုမျိုးကတော့ပြောတယ်၊ ငါတို့မြန်မာတွေဟာ ဘယ်လောက်ပဲ တိုးတတ်တဲ့နိုင်ငံတွေရောက်နေနေ သောက်ကျင့်တွေကတော့ ကမ္ဘာဦးအစမှာပဲ ရှိသေးတယ်တဲ့။

‘ဘေးကို၊ ဘေးကို’ ‘ပူတယ်၊ ပူတယ်’ ပြောပြောဆိုဆိုနဲ့ ကိုဖိုးမောင် ဗန်းကြီးတစ်ခုမပြီးဝင်လာတယ်။ သူကလည်းမလာလို့မရဘူးလေ။ သူက ဦးစိုးနိုင်ဆိုင်မှာ အလုပ်လုပ်ရတဲ့သူကိုး။ ဆိုင်အလုပ်သမားလဲဟုတ်၊ လူယုံလဲဟုတ်တဲ့ ကိုဖိုးမောင်ခမျာမှာလဲ မိန်းမနဲ့ ကလေးသုံးယောက် လုပ်ကျွေးဖို့ဒီအလုပ်မရှိလို့ကမဖြစ်ဘူး၊ သူ့မိန်းမအေးရီက ဘာမှလုပ်တတ်တာမှမဟုတ်ပဲ။ ကိုဖိုးမောင်မှာလဲ ကိုစိုးနိုင်ကိုအလုပ်ရှင်မို့ကြောက်ရ၊ အန်တီအေးကိုလဲသနားနဲ့ ကြားထဲကစိတ်ညစ်တာပေါ့၊ ဒါတောင်အခုမို့နဲနဲတော်သွားတာ။ အရင်ကဆို ကိုယ်ကသူတို့အစား မျက်နှာပူမိပါရဲ့။

စိုးစိုးကတော့အတတ်ကြွဆုံးပဲ။ လူကလဲငယ်သေးတာကိုး။ သူများတွေကစကြတယ်။ မင်းကလူကသာငယ်ပေမယ့် ဟိုဟာကမငယ်ဘူး၊ ဗလကိုပြောတာ ဗလကိုတဲ့လေ။ စိုးစိုးမှာကမိသားစုဆိုလို့ ဒီလူတွေပဲရှိတာ။ စိုးစိုးရွာမှာငယ်ငယ်က ယူနီဖောင်းဝတ် သေနတ်နဲ့လူကြီးတွေလာပြီဆိုရင်ပြေးကြ၊ ပုန်းကြရတာ အခုအထိမှတ်မိပါသေးရဲ့။ သူတို့ကြောင့်ပဲအဖေ့ခမျာ သေရတာတဲ့။ နောက်တော့ စိုးစိုးတို့မိသားစု ထိုင်းနယ်စပ်ဘက်ပြောင်းတယ်၊ ဟိုမှာကလည်း မတရားမှုတွေမှ အများကြီး၊ အများကြီး၊ လူတစ်ယောက်အသက်ဆိုတာ ဘာမှတန်ဖိုးမရှိဘူး၊ ဒါပေမယ့်ကျောင်းနေရတာ ကိုစိုးစိုးကြိုက်တယ်။ ကိုယ်ကနောက်ကျမှ ကျောင်းနေရတော့ အရွယ်တော့ကြီးနေတာပေါ့လေ။ အဲ့လိုနဲ့အမေဆုံးသွားတယ်၊ အမကအိမ်ထောင်ကျပြီး တခြားကိုပြောင်းသွားတယ်၊ စိုးစိုးကတော့ဒုက္ခသည်အနေနဲ့ ဒီနိုင်ငံရောက်လာတယ်၊ ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး။

ညမိုးချုပ်တော့ လူတွေလဲပင်ပန်းကြပြီ၊ပြန်ချင်ကြပြီ။ ဝက်သားနဲ့မျှစ်ချဉ်ဟင်းရယ်၊ ဗလချောင်ကြော်ရယ်ကလည်း စားလို့ကောင်းမှကောင်း၊ အေးတဲ့ရာသီဥတုနဲ့အလိုက်ပေါ့။ ဆရာတော်ကချောကလတ် တွေချကျွေးတယ်၊ တိမ်တမာန်တို့လို သီချင်းတွေဖွင့်ပေးတယ်၊ မသင်းကတော့ ဘုန်းဘုန်းကလဲ ဒါမျိုး‌တွေမဖွင့်ပါနဲ့ဘုရား၊ ဟို ကြီးမှဝက်သက်ပေါက်ရင်သတိထား ဆိုတဲ့သီချင်းကကောင်းတယ်ဆိုတော့ အားလုံးဝိုင်းရယ်ကြရော။ ဒီလိုနဲ့ပဲ ဒီနှစ်အတွက်တော့ ထမနဲထိုးတာပြီသွားတယ်။

နောက်တစ်နေ့ ထမနဲပွဲနေ့ကျတော့ ထုံးစံအတိုင်းဦးစိုးနိုင်ကြီးမလာဘူး၊ သမီးတွေနဲ့ ကြိုညှိပြီးထားပြီလေ။ သမီးတွေကသူတို့အမေအန်တီအေးကို ဝင်ခေါ်လာတယ်။ အန်တီအေးမှာလဲထုံးစံအတိုင်း တစ်ချောင်ချောင်မှာကုတ်ပြီးထိုင်နေတာပါပဲ။ မသင်းရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဟိန်းလတ်နဲ့ဇေလတ်တို့လဲ ပင်ပန်းသွားပြီ။ အအေးမိသွားပြီ၊ မလာနိုင်ကြတော့ဘူး၊ မသင်းရဲ့ယောက်ျားကိုလတ်ကြီးကတော့ ညက ဘဲဥဟင်းတွေချက်ထားတော့ အဲ့ဒါတွေတစ်ဗန်းကြီးယူလာတယ်၊ ဘဲဥဟင်းကငွေကုန်လဲသက်သာတယ်။ လူလဲကြိုက်ကြတယ်၊ အခွံသင်ရတာတော့ရှုပ်တာပေါ့။

လူပျိုကြီးဇံဇံလဲမောသွားပြီ၊ မလာနိုင်တော့ဘူး၊ နောက် သူကညဘက် အလုပ်ဆင်းရဦးမယ်ဆိုတော့ မနားလို့မဖြစ်ဘူး၊ ကူညီလုပ်ပေးတဲ့ တိုင်းရင်းသားလူငယ်လေးတွေလည်း မလာနိုင်ကြတော့ဘူး။

ကိုမျိုးနဲ့မာလာတို့ကတော့ လာကြတယ်၊ သူတို့ကဟင်းမချက်နိုင်ပေမယ့် ညထဲကတရုတ်ဆိုင်က ကြိုမှာထားတဲ့ ဘဲကင်တွေယူလာကြတယ်လေ။

ထမနဲပွဲကလူလာတာများတယ်၊ လူတွေကထမနဲတွေရကြမယ်ဆိုတာ ကြိုသိနေတာကိုး။ တတ်အားသရွေ့ ပိုက်ဆံလည်းထည့်ကြတယ်။ ကိုဘာဘူကတော့ သောက်ခွက်မကြည့်ချင်လို့ မနေ့ကမလာတာလို့ ခပ်ပြောင်ပြောင်ပဲလူတွေကိုပြောနေတယ်။ လူတွေကလည်း နားထောင်လို့သဘောမတူရင်တောင် ဆန့်ကျင်တဲ့သဘောမရှိဘူး။ မြန်မာပီပီအတင်းပြောတာ ဝါသနာပါကြတယ်၊ အတင်းရှိရင်သိချင်ကြတယ်လေ။

မသင်းကတော့ အန်တီအေးစကားတွေပြောနေတယ်။ မာလာကလဲအန်တီအေးအတွက်ဆိုပြီး ပဝါတစ်ထည်လက်ဆောင်ပေးတယ်။ အန်တီအေးကတော့အစထဲကလည်း စကားနဲတော့ ဘာမှသိပ်မပြောလှဘူး၊ သူတို့တိုက်မှာနေတဲ့မိသားစုတစ်စုက ကလေးတွေကို တစ်ခါတစ်လေထိန်းပေးတယ်လေ။ အထူးသဖြင့် အခုလိုနှင်းတွေကျချိန်ဆို ကျောင်းတွေကပိတ်ထားတော့၊ ကလေးတွေထိန်းဖို့လူလိုတယ်မဟုတ်လား၊ အန်တီအေးလည်း စိတ်ပြေလက်ပျောက်ဖြစ်၊ အပိုဝင်ငွေလေးလည်ရတယ်။ ကလေးတွေကလည်း အန်တီအေးကို ချစ်ကြခင်ကြတာပါပဲ၊ ဒါမြန်မာကလေးတွေမဟုတ်ဘူးနော်။

စိုးစိုးကတော့လာ‌တယ်၊ ဒါပေမယ့် မနေ့ညကပင်ပန်းထားတော့ နောက်ကျမှလာနိုင်တယ်၊ ပွဲပြီးရင် သိမ်းတာဆည်းတာသူပဲလုပ်ဦးမှာ၊ တခြားလူတွေလဲရှိတော့ရှိတယ်၊ အမြဲတမ်းလာချင်မှလာနိုင်ကြမယ်၊ ပွဲပြီးရင်အိုက်တိုးပဂေးဆန်လုပ်ဖို့၊၊ စားပွဲကုလားထိုင်သိမ်းဖို့၊ သန့်ရှင်းရေးလုပ်ဖို့၊ အမှိုက်သိမ်းဖို့၊ တံမြတ်စည်းလှဲဖို့က ရှိသေးတယ်လေ။ တချို့များလှုတော့လှုပါရဲ့၊ ဝေယျာဝိစ္စကိုယ်နဲ့မဆိုင်သလိုမျိုး နေတတ်ကြတာ၊ အေးလေ။ လူဆိုတာကိုယ့်စေတနာနဲ့ကိုယ်ပေါ့။

(ဆက်လက်ဖော်ပြပါမည်)