Breaking News

မြင့်ကျော် - စာကို သမီးမဖတ်မိပါစေနဲ့

Jen Norton Art


မြင့်ကျော် - စာကို သမီးမဖတ်မိပါစေနဲ့

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀

ကျွန်တော်တို့ ကြီးပြင်းလာတဲ့ခေတ်က ဖိနှိပ်မှုပြင်းထန်တဲ့ခေတ်ကာလ ၊ အုပ်ချုပ်တဲ့အစိုးရဟာ မတရားဘူးလို့ထင်မြင်ယူဆတဲ့အချိန်ကတည်းက အဲဒီအစိုးရကို ဘယ်လို ပြုတ်ကျအောင်လုပ်ရမလဲဆိုတာကို တက္ကသိုလ်/ကောလိပ် ပရဝုဏ်ထဲကနေ ဆွေးနွေးတိုင်ပင်ခဲ့ကြတဲ့ သူတွေ ၊ တနည်းအားဖြင့် လူဆိုး လူမိုက်တွေ၊ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း၊ တက္ကသိုလ် ကံ့ကော်ရိပ်မှာ အချစ်ကဗျာတွေ ခံစားတွေးတောတာမျိုးမလုပ်ဘဲ တိုင်းရေး ပြည်ရေးတွေ လျောက်စဉ်းစားပြီး ဒီလိုအစိုးရမျိုး တိုင်းပြည်မှာ အုပ်ချုပ်နေတာ ကိုယ်လည်း တာဝန်ရှိတယ်ဆိုတာမျိုး တွေးတဲ့သူတွေ ဖြစ်ခဲ့တယ်။

တက္ကသိုလ်မှာ သမီးရည်းစားထားပြီး ဘဝရဲ့ ပျားရည်လိုချိုမြိန်တဲ့ကာလကို ဖြတ်သန်းဖို့ထက် တလောကလုံးအတွက် ကိုယ့်မှာလည်း တာဝန်ရှိတယ်ခံစားပြီး ပျားအုံကို တုတ်နဲ့ ထိုးဖို့ လုပ်ခဲ့ကြတာမျိုး။
အဲဒီအချိန်က ဘွဲ့မရမှာလည်း မပူပင်၊ အသက်မွေးဝမ်းကျောင်းဘွဲ့မျိုး မတက်ဖြစ်လို့လည်း ဝမ်းမနည်းခဲ့၊ မော်လမြိုင်ဒေသကောလိပ်မှာ ဘယ်သူမှ စိတ်မဝင်စားတဲ့ ဝိဇ္ဇာရိုးရိုးလို ဘာသာရပ်ကို တကျောင်းလုံး တယောက်ထဲရွေးချယ်ခဲ့ပြီး ကျောင်းတက်ခဲ့သူ။ တနည်းအားဖြင့် သူပုန်ကျောင်းသားသဘောပါ။ ကိုယ် သူပုန်ဖြစ်နေတာ အမေ၊ အဖေလည်း သတိမပြုမိခဲ့ဘူး၊ ဒါကြောင့် အမေအဖေလည်း ကိုယ်ဘယ်ဘာသာရွေးတယ် ဆိုတာကို ဝင်ရောက် စီမံခဲ့တာမရှိပါဘူး။

ဒေသကောလိပ် ပထမနှစ် တက်စဉ် နိုင်ငံရေး သိပ္ပံဘာသာရပ် သင်ရတော့ နိုင်ငံရေးသိပ္ပံသင်တဲ့ဆရာတွေကို ဒါဟာ မဆလ အစိုးရကို တရားဝင်အောင် ဝိုင်းဝန်းပြောဆိုပေးသူတွေအဖြစ် မြင်လို့ ဆန့်ကျင်၊ ဘုဂလန့်တိုက်ခဲ့ပြန်ပါတယ်။ နိုင်ငံရေး သိပ္ပံသင်တဲ့ဆရာက လေးစားရတဲ့ စာရေးဆရာကြီးတဦးရဲ့ ယောက်ဖ ဖြစ်သူ၊ သူ့စာသင်ချိန်မှာ နောက်တန်းမှာ ထိုင်ပြီးစကားပြောနေတာနဲ့ ဆရာက နောက်တန်းက စာသင်ချိန်ကို ဖျက်ဆီးသူတွေဆိုပြီး စွပ်စွဲပြောဆို မောင်းထုတ်တော့ ကိုယ်နဲ့စကားပြောတဲ့သူတွေက ငြိမ်နေလိုက်ကြပေမယ့် ကိုယ်က ထွက်တယ်ကွာဆိုပြီး အတန်းထဲက ထွက်သွားခဲ့တာ။ အဲဒီနောက် စာသင်နှစ်ကုန်သည်အထိ နိုင်ငံရေး သိပ္ပံ အတန်း လုံးဝမတက်တော့။

နောက်မကြာခင် အစိုးရကို ထိခိုက်စေတဲ့ စာသားတွေပါတယ်ဆိုတဲ့ ကဗျာစာအုပ်ထုတ်ဝေတယ်ဆိုတဲ့ ကိစနဲ့ ဖမ်းဆီး စစ်ဆေး၊ ရုံးတင်ခံရပါတယ်။ တနှစ်ခွဲလောက် အကျဉ်းထောင်မှာနေပြီး ပြန်လွတ်လာတော့ မော်လမြိုင်ဒေသကောလိပ်က မရှိတော့ဘဲ မော်လမြိုင် ကောလိပ်သာ ရှိတော့တဲ့ အနေအထားဖြစ်။

ကျောင်းပြန်တက်ပေမယ့် ကျောင်းတက်နေသူတွေရဲ့ ခံစားမှုနဲ့ ထောင်ကထွက်လာပြီး ကျောင်းပြန်တက်သူ ရဲ့ ခံစားမှုက ကွဲပြားခြားနားပြီး ကျောင်းဆက်မတက်တော့ဘဲ အိမ်က အလုပ်ကို ဝင်လုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

ကျောင်းပြန်တက်တဲ့နှစ်မှာ ပါဠိဘာသာရပ်ကို တနှစ်လုံး ၂ ချိန် ၃ ချိန်သာတက်ဖြစ်လို့ စာမေးပွဲနီးချိန်မှာ အဲဒီဘာသာနဲ့ပတ်သက်လို့ သဒ္ဒါတွေ ဘာမှ မသိတဲ့အဖြစ်ပါ။ သူငယ်ချင်းတယောက်ဆီက မှတ်စု ငှားပြီးဖတ်ပေမယ့်လည်း အကုန်နားမလည်နိုင်တော့ စာမေးပွဲမှာ ဖြေချင်တာဖြေခဲ့ရာက အမှတ်တွေကြည့်လိုက်တော့ ကျနော်က ပါဠိဘာသာတခုပဲ အောင်မှတ်မမှီဖြစ်နေပြန်တယ်။ ပါဠိဘာသာ ဌာနမှူးက သူ့ဘာသာရပ်နဲ့ စာမေးပွဲကျခဲ့တဲ့ကျောင်းသား မရှိသလောက်ဆိုတော့ ဒီဘာသာရပ်နဲ့ စာမေးပွဲ မကျစေဖို့ ကျောင်းသားကို လာဆွေးနွေးဖို့ တဆင့်စကားပါးလိုက်ပါတယ်။ ကျနော်က ကျောင်းထွက်ဖို့ စိတ်ကူးထားတာမို့ သွားမတွေ့ခဲ့ပါ။ ဆရာမလည်း မတတ်သာတော့ အောင်မပေးနိုင်ပဲ ပထမနှစ်ကျရှုံးခဲ့တယ်။ ကိုယ့်အတွက်တော့ ကျောင်းထွက်ဖို့ အကြောင်းပြကောင်းပြီဆိုပြီး ကြိတ်သဘောကျနေတာပါ။ အောင်စာရင်းထွက်တော့ စာမေးပွဲကျတယ်။ အဖေက ဆက်ဖြေဖို့ အကြိမ်ကြိမ်တိုက်တွန်းပေမယ့် ကျောင်းထွက်ဖို့ ဆုံးဖြတ်ထားတဲ့ သူဖြစ်တော့ ဇွတ်ထွက်ခဲ့တယ်။

သတင်းမီဒီယာလောကရောက်ပြန်တော့ ကျောင်းတက်ဖို့ စိတ်မဝင်စားခဲ့ပေမယ့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးခါစ သတင်းတွေရေးလို့ အလုပ်များနေစဉ် အမေရိကန် ဖဲလိုးရှစ် အစီအစဉ်တခုကို ကိုယ့်အရင် တက်ခဲ့သူက ထောက်ခံပေးပြီးလျှောက်ဖို့ တိုက်တွန်းတယ်၊ ကိုယ်ကတော့ မသွားချင်တာမို့ ဘာကြောင့်လျှောက်ရတယ် ဘာကြောင့် တက်ချင်ရတယ်ဆိုတဲ့ အက်ဆေးကို အဖြစ်သဘောနဲ့ အေဖိုး တမျက်နှာပဲ ရေးပြီးပို့လိုက်တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ အဲဒီဖဲလိုးရှစ်အစီအစဉ်က ရွေးချယ်လိုက်ပြန်တော့ မသွားချင်ပဲ သွားခဲ့ရတယ်။

တနှစ်အစီအစဉ်ပြန်လာတဲ့နောက် သတင်းအလုပ် ပြန်လုပ်နေပြီး ဘာ အောင်လက်မှတ် ညာအောင်လက်မှတ်မှ စိတ်ထဲမထားခဲ့တာပါ။ အဲဒီတုန်းက ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ပေးခဲ့တာ ဘယ်နားသိမ်းမိမှန်းတောင် မသိတော့၊ ခုနေ မေးရင် ရှာမတွေ့ဘူးပဲ ဖြေရမှာပါ။

ဇတ်လမ်းက အခုမှ အထွဋ်အထိပ်ရောက်ပါတယ်။ တလောက ယူအန်လိုအဖွဲ့အစည်းတခုက သတင်းသင်တန်းမှာ သင်တန်းဆရာအဖြစ်ပါဝင်ပေးဖို့ ကမ်းလှမ်းလာတော့ သဘောတူခဲ့ပါတယ်။ အဲဒီနောက် သူတို့လုပ်ထုံးလုပ်နည်းအရ စီဗွီတွေ ၊ ပညာရေး မှတ်တမ်းတွေ တောင်းပါတယ်။ယခင် သင်တန်းဆရာအဖြစ်နဲ့ လုပ်ခဲ့ဖူးတဲ့ ကိုးကားစရာ ကန်ထရိုက်အထောက်အထားလည်းပေးထားပြီးနောက် ပညာရေး အထောက်အထား၊ ဖဲလိုးရှစ် အသိအမှတ်ပြုလက်မှတ်တောင်းလာပါတယ်။ ဘွဲ့မရခဲ့ဘူးလို့လည်း ပြောထားပြီးပေမယ့် ဖဲလိုးရှစ် အထောက်အထားတောင်းပြန်တော့ ဘယ်နားသိမ်းမိမှန်းမသိ၊ အလုပ်များနေတဲ့ကာလမှာ ဒါတွေရှာဖွေဖို့ အချိန်လည်း မရှိတာကြောင့် ဒါတွေတော့ ပေးဖို့ မဖြစ်နိုင်တာမို့ ဆက်လုပ်ချင်လည်းလုပ်ပါ မလုပ်ချင်လည်း ပယ်ဖျက်လိုက်လို့ ရကြောင်း အကြောင်းပြန်လိုက်ပါတယ်။ အဲဒီနောက်တော့ လက်ရှိ အနေအထားနဲ့ပဲ ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ခေတ်ပျက်ကာလတွေမှာ ပညာသင် ကြီးပြင်းလာတဲ့မျိုးဆက်ထဲက သူပုန်စိတ်ရှိသူတွေဆီမှာဘာအောင်လက်မှတ် လာတောင်းနေတာပါလိမ့်လို့ တွေးမိတာဖြစ်ပါတယ်။

စာကြွင်း ။ ။ ကိုယ်ကသာ သူပုန်ဖြစ်တာပါ သမီးကိုတော့ သူပုန်မဖြစ်စေချင်ပါ။ ဒါကြောင့်ခေါင်းစဉ်က သမီးမဖတ်မိပါစေနဲ့ လို့ တပ်လိုက်တာပါ။ ခုစာ ရေးနေတုန်းသမီးက နောက်ကနေ လာဖတ်ကြည့်ပါတယ်။ သူကစာပိုဒ်အဆုံး ဖြစ်တဲ့ “လိုက်ပါတယ်” ဆိုတာလောက် ဖတ်ပြီး ပြန်ထွက်သွားလို့ တော်သေးတယ်။