Breaking News

လှကျော်ဇော - အခွင့်ထူးခံစိတ်ဓာတ်

Photo - Irrawaddy


လှကျော်ဇော - အခွင့်ထူးခံစိတ်ဓာတ်

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀

“ကျုပ်ကလေ လွှတ်တော်ထဲမှာ အမတ်တွေ တောပြောတောင်ပြောတွေ ပြောတာကြားရရင် ခြေထောက်နဲ့ကို ထ ကန်ပစ် လိုက်ချင်တာစိတ်ကိုမနဲချုပ်ထားရတာ။” ... တဲ့။
ထိုင်းနိုင်ငံကစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူချင်တာ ပြောဖူးပါတယ်။

ဆူချင်တာ ဆိုတာက ၁၉၉၁ခုနှစ်က ထိုင်းမှာ အရွေးကောက်ခံတရားဝင်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ပါ။

၁၉၉၂ခုနှစ်မှာ ရွေးကောက်ပွဲတော့လုပ်ပေးခဲ့ပြီး သူက (ရွေးကောက်ပွဲလည်းမဝင်ဘဲနဲ့) ဝန်ကြီးချုပ် လုပ်ပါတော့တယ်။ ဒီမှာတင် တပြည်လုံးပြည်သူများက လမ်းတွေပေါ်တက် ဆန္ဒပြဆန့်ကျင်ပါတော့တယ်။
မေလမှာဖြစ်လို့ အနက်ရောင်မေလ (Black-May) လို့ အမည်တွင်လောက်အောင် စစ်တပ်ကိုရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးခဲ့သူလည်းဖြစ်ပါတယ်။ လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။
ဘုရင်ကဝင်တားလို့ ပစ်ခတ်မှုတွေရပ်ပြီး ရာထူးကနုတ်ထွက်သွားရသူပါ။

သူက စစ်တပ်ရာထူးက နုတ်ထွက်လိုက်ရပေမယ့် ဘန်ကောက်တမြို့လုံးက တယ်လီဖုံးဆက်သွယ်မှုတွေအတွက် အထူးအခွင့်အရေးတွေရထားတဲ့ တယ်လီကုမ်းအေရှား (Telecorm Asia) ဆိုတဲ့ ကုမ္မဏီကြီးရဲ့ ဥက္ကဋ္ဌရာထူး ရရှိသွားပါတယ်။ (တသက်လုံးစားမကုန်အောင် ချမ်းသာသွားတဲ့သဘောပေါ့။ ဒါကြောင့်လည်းအာဏာတွေကို မစွန့်နိုင်တာ။)

အဲသလိုကာလမှာ အနောက်နိုင်ငံဂျာနယ်တစောင်ရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှ ာပြောသွားတဲ့စကားပါ။ သူက ဘာကြောင့် နိုင်ငံရေးဆက်မလုပ်သလဲဆိုတဲ့ မေးခွန်းကို အဲသလိုဖြေခဲ့တာပါ။

တိုင်းပြည်ရဲ့အာဏာကို လက်နက်အားကိုးနဲ့ရယူပြီး တိုင်းပြည်ဘဏ္ဍာတွေကိုလည် းစိတ်တိုင်းကျခြယ်လှယ် နိုင်တဲ့ အခွင့်ထူးဟူသမျှ ရရှိထားတဲ့ စစ်ဗိုလ်ချုပ်များရဲ့ ခေါက်ရိုးကျနေတဲ့ စိတ်ဓာတ်ကိုဖော်ပြလိုက်တဲ့ အချက်ပါပဲ။ ဘယ်သူကိုမှ တန်းတူရည်တူ သဘောမထားနိုင်ဘူး- ဆိုတာကိုလည်း ပြသရာရောက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း(၅၀)ကျော် ကိုင်စွဲထားပြီး စစ်အာဏာရှင်စနစ်ရဲ့ အရသာကို ကောင်းကောင်းစံစားနေရတဲ့ ဗမာပြည်က ဗိုလ်ချုပ်ကြီးများကိုလည် းလေ့လာကြည့်ရအောင်ပါ။

မလွှဲမရှောင်သာလို့ မသထာရေစာပေးထားတဲ့ ဒီမိုကရေစီမတ်တင်းလွှတ်တော် ကြီးအတွင်း ၂၅-၂-၂၀၂၀ ရက်နေ့အဖြစ်အပျက်က ဗမာပြည်သူတွေကို ဘာသတင်းစကားတွေ ပေးလိုက်ပါသလဲ။

စစ်အာဏာရှင်များရဲ့အသက်ဘူး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ် ဆိုကတည်းက ပွဲကြီးပွဲကောင်းတွေတော့ လာတော့မယ် ဆိုတာ ပြည်သူတွေက တွက်ထားပီးသားပါ။

မိမိတင်တဲ့ပြင်ဆင်ချက်မှာ စာပိုဒ်ကျကျန်ခဲ့တာကို မေးမြန်းတဲ့ဗိုလ်ချုပ်ကို တာဝန်ရှိသူ (ရွေးကောက်ခံ) လွှတ်တော်အမတ်က ရှင်းပြပါတယ်။ အဲဒီရှင်းပြချက်ကိုမကျေနပ်တဲ့ နောက်ဗိုလ်ချုပ်တယောက်က ထ ဆူပူသောင်းကျန်းပါတယ်။

ဒီတော့ ပြည်သူလူထုမဲဆန္ဒနဲ့ ရွေးကောက်ခံရပြီးမှ ဖြစ်လာရတဲ့ လွှတ်တော်ဥက္ကဋ္ဌက သတိပေးပါတယ်။ ဒါ့အပြင် (ရွေးကောက်ခံ)လွှတ်တော် အမတ်တဦးက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လိုက်နာရမယ့်စည်းကမ်းတွေကိုလည်း ထောက်ပြပါတယ်။

(ဒီနေရာမှာ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့အပြုအမူနဲ့  အရွေးကောက်ခံရခြင်းမရှိပဲ လွှတ်တော်တွင်းရောက်လာတဲ့ စစ်ဗိုလ်များရဲ့အပြုအမူ ကွာခြားမှုကို ဒီခေတ်နည်းပညာတိုးတက်မှုရဲ့ အကျိုးကြောင့် တပြည်လုံးပြည်သူတွေ မြင်တွေ့လိုက်ရပါတယ်။)

စစ်အာဏာရှင်စနစ်ကို ဘာလို့ပျက်အောင် ဖျက်သင့်သလဲ။

စစ်အာဏာရှင်စနစ်က မွေးမြူပေးလိုက်တဲ့ လွှတ်တော်တွင်းက စစ်တပ်ကိုယ်စားလှယ်ကြီးများ သူတို့ရဲ့အပြောအဆို၊ ကိုယ်နုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကတဆင့် ပြည်သူတွေကို သွယ်ဝိုက်စွာပြသနေတာကတော့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကိုပါပဲ။ ဒီစစ်တပ်ကိုယ်စားလှယ်များကိုကြည့်ပြီး ဒီလိုလူမျိုးတွေကို မွေးပေးလိုက်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်တော့ ဘယ်တော့မှ ပြန်သွားလို့ မဖြစ်တော့ဘူး-ဆိုတဲ့အသိကိုလည်း ပြည်သူတွေက ရရှိလိုက်ပါတယ်။

ဒီစစ်အာဏာရှင်စနစ်ကြီးကို ဘဝတွေ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေပေးဆပ်ပြီး နည်းသဏ္ဌာန်ပေါင်းစုံနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေတ်အဆက်ဆက် ကပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊  တော်လှန်ရေးသမားများရဲ့ ဂုဏ်ကျေးဇူးကိုလည်း အမှတ်တရဖြစ်လိုက်မိကြမှာပါ။

စစ်အာဏာရှင်စနစ်ရဲ့ အနုတ်လက္ခဏာဆောင်တဲ့ဥပမာများ (Negative Example) အဖြစ် သရုပ်ဆောင်နေတဲ့လွှတ်တော်တွင်းက (ရွေးကောက်ခံရခြင်း မရှိတဲ့) လွှတ်တော်တွင်းစစ်ဗိုလ်အမတ်များကိုလည်း လူထုကြီးမျက်စိမလည်အောင် (ငါတို့ကတော့မပြင်ဘူးဟေ့) လို့ အမုန်းခံပညာပေးနေတဲ့အပေါ် ကျေးဇူးတင်ပါတယ်။

၂၆-၂-၂၀၂၀။