Breaking News

မိုးမခအက်ဆေး - ကျော်ကျော် မြရည်စမ်း "ခရီးဝင်္ကပါ"


မိုးမခအက်ဆေး
စက်တင်ဘာ ၂၉၊ ၂၀၂၁

"ခရီးဝင်္ကပါ"
ကျော်ကျော် မြရည်စမ်း


◾️၁

ရတနာပုံခေတ်မှစ၍ ဝင်္ကပါများပြုလုပ်ခဲ့ကြသည်ဟုလည်း မှတ်သားခဲ့ရဖူးသည်။ ထိုခေတ်ထက်ရှေးကျပြီး မှတ်တမ်းမှတ်ရာမျိုး ရှိမနေတာမျိုးလည်း ဖြစ်နေနိုင်သည်။ ၁၉ ရာစုနောက်ပိုင်းတွင် မင်းတုန်းမင်းတရားသည် နိုင်ငံတော်တည်မြဲရေးအတွက် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ တရုတ်၊ အမေရိကန် နိုင်ငံများနှင့်ကူးလူးဆက်ဆံခဲ့ရသည်ဟုလည်း မှတ်သားခဲ့ရဖူးသည်။ ထိုအချိန်တွင် ဝင်္ကပါများပြုလုပ်ပုံတိုးတက်လာခဲ့သည်လား။ဆုတ် ယုတ်သွားသည်လား ကျွန်တော့်အနေဖြင့် မသိတော့။ ၁၉ ရာစုထဲမှ ၁၈၈၅ ခုနှစ် သီပေါဘုရင်လက်ထက်တွင် သေနတ်တစ်ချက်မျှမပစ်ဖောက်ရဘဲ ကျွန်နိုင်ငံအဖြစ် ရောက်ရှိသွားခဲ့ရသည်။ သီပေါမင်းပါတော်မူသွားချိန်တွင် ဝင်္ကပါများပြုလုပ်တတ်နေပြီဖြစ်သည်။ ဝင်္ကပါဆင်သည့်ပညာရပ်သည် မြန်မာ့ဗိသုကာ ပညာ ရပ်ဖြစ်ပြီး အသိပညာနှင့်အတတ်ပညာ ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့ကြသည်။ ဝင်္ကပါသည် မြန်မာ့ဗိသုကာပညာရပ်စစ်စစ်ကြီးဖြစ်သည်ဟူ၍တော့ ကျွန်တော့်အနေဖြင့် မယုံစားမိပါ။

ဝင်္ကပါဆိုသည့်စကားကိုကျွန်တော်စတင်ကြားဖူးခဲ့သည်မှာ ငယ်စဉ်ကတည်းက ဖြစ်သည်။ ထိုမျှမက မြင်လည်း မြင်ဖူးခဲ့ရသည်။ ဖြတ်သန်းခဲ့ရသည်။ လျှောက်ရင်းလှမ်းရင်းဖြင့် အချိန်တခုကုန်ဆုံးသွားသောအခါ ဝင်္ကပါအပြင်ဖက်သို့ ထွက်လာနိုင်ခဲ့သည်။

မြို့ကလေးမှသက်ပန်းကျောင်းဆရာတော်ကြီးသည် နှစ်စဉ်လိုလို ဝင်္ကပါနှင့် မီးထွန်းပွဲတော်ကို ကျင်းပပေး သည်။ သစ်အပါးများဖြင့် ဇလီသတ်ထားသည့်ရာဇမတ်များကို ဘုန်းကြီးကျောင်းဝင်းရှိ မြေကွက်လပ်ကြီးတွင် ခင်းကျင်းကာရန်ကြရသည်။ ဝင်္ကပါ၏အလည်ဗဟိုတွင် ဘုရားရှိခိုးဝတ်ပြုရန် နေရာတစ်ခု ရှိသည်။ အပေါ်ဖက်တွင် မီးပုံးရောင်စုံများချိတ်ဆွဲထားသည့်ဝင်္ကပါကြီးသည် လင်းထိန်နေသည်။ အတွင်းလျှောက်လမ်းမြေသားများကို ရပ်ကွက်အသင်းသားများက မြေညှိကာပြုပြင်ထားကြသဖြင့် ကမူ၊ ချိုင့်၊ ဆူးညှောင့်ခလုတ်အတွက် ပူပင်စရာပင် မလိုအပ်။ အောက်ငုံ့မကြည့်ဘဲ သွားနိုင်သည်။ခြေလှမ်းကို ပုံမှန်ကလေးရွေ့လျားနေရုံဖြင့် အချိန်တခုအကြာတွင် ထွက်ပေါက်သို့ရောက်ခဲ့သည်။ ဝင်္ကပါညသည် ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းနေသေးသည်။ မိန်းကလေးအများစုက လှလှပပပြင်ဆင်ဝတ်စားပြီး ဝင်္ကပါကြီးထဲဝင်လာခဲ့ကြသည်။ အမွှေးနံ့သာများလိမ်း ကျံထားကြသဖြင့် လေထုထဲမှာ ရေမွှေးရနံ့များသင်းနေသည်။ ချောမောလှပနေကြသော မိန်းမပျိုလေးများမှာကြည့်ကောင်းလှသဖြင့် ဝင်္ကပါကြီးထဲမကြာခဏဝင်ရောက်လှည့်လည်ကြသောကာလသားအကိုကြီးများကို မြင်နေရသည်။ တချို့ဆိုလျှင် တစ်ညတည်းဖြင့် (၇)ပတ်မျှလှည့်ကြသည်။ ည ၈ နာရီနောက်ပိုင်းမှ ည ၉ နာရီအထိ အချိန်အပိုင်းလေးသည် ဝင်္ကဘာညအတွက် အစည်ကားဆုံးအချိန်ဖြစ်သည်။ လှည့်လည်ရင်း ပျော်မြူးနေကြသည့်အပျိုလူပျိုများကို ကြံပန်းခိုင်လေးစားရင်း ငေးနေခဲ့ဖူးသည်။ လှည့်လည်နေသောသူများကျဲပါးသွားသည့်အချိန်တွင် ဇာတ်ပွဲစတော့မည်။ မလှမ်းမကမ်းတွင်ရှိနေသည့် ဇာတ်စင်ကြီး၏ဆိုင်းဝိုင်းမှ တပုံပုံမြည်လာခဲ့ပြီ။ ဝင်္ကပါအတွင်းမှထွက်လာကြသူတချို့ ဇာတ်စင်ကြီးရှိရာသို့ ရွေ့လျားသွားကြပြီ။ တချို့က အိမ်ပြန်သွားကြပြီ။

◾️၂

တောင်ယာ၏ပယ်တွင် မခုတ်ထွင်ရသေးသည့် တောင်ကမူကြီးတစ်ခုလည်း ရှိနေသည်။ ထိုတောင်ကမူကြီးက အတော်ပင်ကြီးမားကျယ်ပြန့်သည်။ လာမည့်နှစ်တွင် ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမည်ဟု တိုင်ပင်ထားကြသည်။ လတ်တလောအနေဖြင့် ထိုတောင်ကမူကြီးပေါ်ရှိ သစ်တောထဲမဝင်ဖူးသေးပါ။သိုက်ဝါးရုံများ၊ ဆူးခြုံနွယ်များ၊ သစ်အယ်ပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေကြသဖြင့် အဝေးကလှမ်းကြည့်လိုက်လျှင် လင်းလင်းချင်းချင်းမရှိ။မျက် စိလည် လမ်းမှားလာပုံရသည့်ဝံတစ်ကောင်ကလည်း ထိုတောင်ကမူပေါ်ရှိ သစ်တောထဲသို့ဝင်ရောက်ပျောက်ကွယ်သွားဖူးသည်။
ပျောက်ကွယ်သွားသည်ဟုဆိုခြင်းမှာ ဝင်သွားသည်ကိုသာတွေ့မြင်လိုက်ကြရပြီး ပြန်ထွက်လာသည်ကို မည်သူမျှမမြင်လိုက်ရတော့၍ ဖြစ်သည်။

နှင်းများထူထပ်စွာကျနေသောနေ့တစ်နေ့တွင် ထိုသစ်တောထဲသို့ကျွန်တော်ဝင်ရောက်သွားခဲ့သည်။ ရည်ရွယ်ချက် မည်မည်ရရမရှိပဲ ဝင်သွားမိခြင်းဖြစ် သည်။ လောက်လေးခွနှင့်လောက်စာလုံးများထည့်ထားသည့်လွယ်အိတ်လေးကို လွယ်ထားသည်။ လက်ထဲတွင် ထက်မြနေသည့်လင်းကင်းဓားတစ်လက်ကို အရန် သင့်ကိုင်ထားသည်။ တောင်ကမူအစပ်ရှိ သစ်ပင်လေးများ ခြုံနွယ်လေးများကို အသာအယာဖယ်ရှားရင်း တောအုပ်ထဲတိုးလာခဲ့သည်။ အတက်ခရီးကို တောတိုးရင်းတဖြည်းဖြည်းနှင့်မောလာခဲ့သည်။ မည်သူမျှမခုတ်ထွင်ဖူးသေးသည့် တောရိုင်းတောင်ရိုင်းဖြစ်သဖြင့် ခရီးတော့မတွင်လှ။ အဖေတို့ပင်လျှင် အဝေးမှမှန်းဆပြီး တောင်ယာ၏ပယ်အဖြစ် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

တောင်ကမူသည် ခမောက်တစ်လုံးကိုမှောက်ချထားသည်နှင့် ပုံသဏာန်တူသည်။ ခမောက်၏အနားဖတ်နှင့်တူသောနေရာတွင် ကျွန်တော်မျက်စေ့လည်တော့သည်။ မည်သို့ရှေ့တိုးသည်ဖြစ်စေ ထိုနေရာ၌သာ တဝဲလည် လည် ဖြစ်နေသည်။ ကျွန်တော့်ဝန်းကျင်ရှိ သစ်ပင်ဝါးပင်များတွင် နှင်းရည်များဖြင့် စိုရွှဲနေကြသည်။ ကျွန်တော့်ခန္ဓာကိုယ်တွင်လည်း ချွေးများဖြင့် စိုရွှဲလာသည်။ ရှေ့ဆက်ဖို့မလွယ်တော့ပဲ အခက်တွေ့နေရင်း စိတ်အိုက်လူမောဖြစ်လာခဲ့သည်။ထိုအခိုက်တွင် မကြာခင်ရက်ကမြင်လိုက်ရသည့် ဝံတိရစ္ဆာန်ကိုသတိရလိုက်သည်။ ချွေးများပိုထွက်လာသလို ခံစားရပြီး အပေါ်ဆွယ်တာအကျႌကို ချွတ်လိုက်သည်။ ဆွယ်တာကို ခါးတွင်ပတ်ကာ လက်ထဲမှာ ဓားကို ပို၍ တင်းတင်း ကိုင်ထားမိသည်။ ထို့နောက် ဓားကို ခါးကြားလိမ်ထိုးထားပြီး လွယ်အိတ်အတွင်းမှ လောက်လေးခွကို ထုတ်လိုက်သည်။ ဘေးပတ်လည်ရှိ သစ်ပင်ဝါးပင်များရှိရာသို့ လေးခွဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သည်။ ထိုသို့ လုပ်လိုက်ပြီးမှ စိတ်သက်သာရာရသွားသည်။ လေးခွကို အိတ်ထဲပြန်ထဲ့ရမည်လား၊ ကိုင်ထားရမည်လား စဉ်းစားရင်းဖြင့် ဘယ်လက်တွင် လောက်လေး ခွ၊ ညာလက်တွင် လင်းကင်းဓားကိုကိုင်ထားရင်း တောကိုဆက်ပြီးတိုးကြည့်သည်။ အကြောင်းမထူးလှ။ ထိုနေရာ၌ပင်တဝဲလည်လည်။ အာခေါင်များခြောက်ကပ်လာသည်။ ချွေးများပိုပြီးထွက်လာကြသည်။ ပျစ်ပျစ်နစ်နစ်အော်ဟစ်ဆဲဆိုမိသည်။ မည်သည့်အရာကိုမျှရည်ရွယ်ပြီး ဆဲဆိုခြင်းလည်းမဟုတ်။ သို့သော်လည်း စိတ်ထဲတွင်တော့ ပေါ့ပါးသလို ခံစားလိုက်ရသည်။ ပေါ့ပါးသလို ခံစားလိုက်ရသောစိတ်သည် ခဏခြင်းပင် ပိုမိုလေးလံလာခဲ့သည်။ သစ်အယ်ပင်ကြီးပေါ်တွယ်တက်လိုက်ပြီး လာခဲ့ရာလမ်းကိုမှန်းဆကြည့်မိသည်။ သစ်အယ်ပင်၏အမြင့်က ကျွန်တော်မြင်လိုသောလမ်းကို မှန်းဆမပေးနိုင်။ နိမ့်လွန်းနေသည်။သစ်ပင်ခွကြားတွင် အမောဖြေရင်း ဆေးလိပ်တိုမီးညှိကာနားနေလိုက်သည်။ နေရောင်မျှော်သော်လည်း နေက ထွက်မလာသေး။ နေသာ ရှိလျှင် မှန်းဆဖို့လွယ်လိမ့်မည်။ ဆေး လိပ်သောက်ရင်း အမောပြေလာသည်။ ချွေးလည်း ထွက်မလာခဲ့တော့ပါ။
သစ်အယ်ပင်ပေါ်မှဆင်းလာခဲ့ပြီး ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ မည်သည့်ဖက်ကိုမှမကွေ့မစောင်းတော့ပဲ တောကို တဲ့တဲ့ကြီးတိုးဆင်းလိုက်သည်။လမ်းသာသည်ဟုထင်မှတ်ရသည့်နေရာလေးများကို လိုက်မသွားတော့ပဲ အတားအဆီးကို ဓားဖြင့်ထွင်သည်။ တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့သည်။ သို့သော် ကျွန်တော်ဝင်ခဲ့သည်ဖက်နှင့် ဆန့်ကျင်ဖက်အရပ်ဖြစ်နေခဲ့သည်။

◾️၃

ဝင်္ကပါပွဲတော်သည် လွန်ခဲ့ပြီးသော နှစ်များအတိုင်းပင် စည်ကားလျှက် ရှိနေသေးသည်။ ကျောင်းပရဝုဏ်ဘေးမှ လမ်းတလျှောက်တွင် အကြော်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့်မုန့်ဆိုင်များ ခင်းကျင်းထားကြသည်။ အကြော်ဆိုင်အတော်များများတွင် အရက်ကို ရေနွေးကရားအိုးထဲထည့်ပြီးရောင်းကြသည်။ ဓလေ့တစ်ခုဟုပင် ဆိုရမည်။ ဆယ်စုနှစ်များစွာ လွန်ခဲ့သော်လည်း ရှိနေဆဲဖြစ်သည်။
အရန်မီးသတ်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်ပွဲကြပ်များက ယူနီဖောင်းများ၊ အမှတ်အသားလက်ပတ်များဝတ်ဆင်ထားကြပြီး တာဝန်ထမ်းဆောင်နေကြသည်။ ထိုအချင်းအရာသည်လည်း ဓလေ့တခုသာ ဖြစ်တော့ သည်။

ဘုရားကျောင်းဝင်းအဝင်မုခ်ဦးတွင် လူအများ ကြိတ်ကြိတ်တိုး။ ထိုသူများနှင့်ပင် ရောနှောစီးမျောကာ ကျောင်းဝင်းကြီးအတွင်းသို့ ရောက်လာခဲ့ရသည်။အများစုသည် ဝင်္ကပါပတ်ကြမည့်သူများ ဖြစ်သည်။ ဝင်္ကပါပတ်လမ်းသည် ကျွန်တော်ငယ်စဉ်ကထက်ပင် ပိုမိုကျယ်ဝန်းလာခဲ့သည်။ ရာဇမတ်အသစ်များ ထပ်မံတိုးချဲ့ထားပုံရသည်။ ယခင်က မီးပုံးလေးများနေရာတွင် လျှပ်စစ်မီးရောင်စုံများကို ထွန်းညှိထားသည်။ ကျွန်တော်ငယ်စဉ်ကထက် ပို၍ဝင်ရောက်ချင် လှည့်ပတ်ချင်စရာကောင်းနေသည်။ ကြံပန်းခိုင်သည်ကိုကြည့်ရင်း ငယ်စဉ်က ကြံပန်းခိုင်စားခဲ့သည်ကို သတိရမိသည်။ ယခုတော့ ဆေးလိပ်သောက်ချင်ပြီး ခံတွင်းချဉ်လာခဲ့သည်။ ဆေးလိပ်မီးခိုးများကိုဖြတ်ပြီး ဆရာတော်ကြီးသီတင်းသုံးသည့် ကျောင်းဆောင်ကြီးကို ငေးနေမိသည်။ ထိုမှတဖန် ဝင်္ကပါဆီသို့ အကြည့်ရောက်ပြန်သည်။ ဝင်္ကပါကြီး၏ဘေးတွင် ဆရာတော်ကြီး၏ကျောင်းဆောင်ကြီး ရှိသည်။ ကျောင်းဆောင်ကြီးသည် ဝင်္ကပါလောက်ပင် လင်းလင်းချင်းချင်း မရှိလှ။

ဝင်္ကပါကြီးထဲဝင်ကာ လှည့်ပတ်ဦးမည်ဟုစဉ်းစားပြီး အဝင်အပေါက်ဆီ သွားခဲ့သည်။ လမ်းလျှောက်နေစဉ် ပြီးခဲ့သည့်ရက်က တောအုပ်ထဲဝင်ပြီး လမ်းပျောက်သွားသည့်အကြောင်းကို ပြန်သတိရလိုက်သည်။ ယခုတော့ ထိုစဉ်ကလို လမ်းပျောက်နေမှာမျိုး မပူပန်ရ။ လင်းချင်းနေသောမီးရောင်အောက်တွင် အများနှင့်အတူ စီးမျောလိုက်ပါသွားရုံသာ။ အချိန်တခုကြာလျှင် ခြေလှမ်းတချို့လှမ်းပြီးလျှင် ထွက်ပေါက်သို့မုချရောက်နိုင်မည်။ တချို့သောသူများဆိုလျှင် အဝင်မှအထွက်အထိ ခြေလှမ်းမည်မျှလှမ်းရပြီး အချိန်မည်မျှကြာသည်ဟုပင် လည်း ကောင်းတို့အမှတ်သညာကို ဂုဏ်ယူစွာပြောတတ်ကြသေးသည်။

မည်သို့ဖြစ်သည်ဟု သတိမထားမိ။ ကျွန်တော့်ခြေလှမ်းများသည် ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းကြီးအပေါ်သို့ ဦးတည်သွားမိသည်။ ကျောင်းကြီးပေါ်တွင် ဆရာတော်ကြီး ရှိနေသည်။ ဦးချ၊ ဝတ်ဖြည့်သည်။ ထို့နောက် ပြတင်းပေါက်မှနေ၍ ဝင်္ကပါကြီးနှင့် ပွဲစျေးတန်းကို ငေးနေမိသည်။
ဝင်္ကဘာကြီးထဲတွင် ခြေလှမ်းမှန်မှန်နှင့် လျှောက်နေသူတွေ ရှိသလို၊ အပြေးတပိုင်း သွားနေကြသူများကိုလည်း မြင်နေရသည်။ ပွဲစျေးတန်းထဲရှိ တန်ပိုလာကစားဝိုင်းမှ အသံချဲ့စက်သံကလည်း ကျောင်းကြီးပေါ်အထိ တက်လာသည်။ တန်ပိုလာကစားဝိုင်းတွင်လည်း လူအများစုပြုံနေကြသည်။ ဇာတ်ရုံကြီးဖက်သို့အကြည့်ရောက်သော် အပျိုအုပ်စုများ၊ လူပျိုအုပ်စုများ၊ အပျိုလူပျိုအတွဲလေးများကို မြင်ရပြန်သည်။ ယိုင်ထိုးနေသောခြေ လှမ်းဖြင့် လူတစ်ယောက် မူးနေပုံရသည်။ မြေကြီးနှင့်မိတ်ဖွဲ့မတတ် အသောက်လွန်ထားသူကို လုံခြုံရေးများနှင့်ပွဲကြပ်များက ဆွဲခေါ်သွားကြသည်။

ကျောင်းကြီးပေါ်မှပြန်ဆင်းလာခဲ့ပြီးနောက် ပွဲခင်းကြီးကို ကြည့်မိသေးသည်။ ကျောင်းကြီးပေါ်မှ မြင်ရသည့်မြင်ကွင်းများလို မစုံလင်တော့။ စကားပြောဖော်သူငယ်ချင်းတစ်ယောက်ယောက်ကိုများတွေ့လေမလားဟု မျက်လုံးဝေ့ကြည့်တော့လည်း မည်သူ့ကိုမှမမြင်မိ။ ယခုလိုညမျိုးတွင်တော့ ငယ်သူ ငယ်ချင်းများနှင့်သာ တွေ့လိုသည်။ ငယ်စဉ်ကအကြောင်းလေးတွေ ပြန်လည်စမြုံ့ပြန်လိုသည်။ သို့သော် မည်သူကိုမျှ မမြင်မတွေ့ရ။ တန်ပိုလာကစားဝိုင်းတွင်ဖြစ်စေ၊ အကြော်နှင့်အရက်ရောင်းချသော ဆိုင်တန်းတွင်ဖြစ်စေ ရှိနေချင်လည်း ရှိနေပေလိမ့်မည်။ ထိုနေရာများသို့သွားရောက်၍လည်း သူငယ်ချင်းများကို မရှာဖွေလိုတော့။

လယ်ဖျားရပ်တွင်ရှိသည့် သူငယ်ချင်းတစ်ယောက်အိမ်သို့သွားလည်ရန် စိတ်ကူးရလိုက်သည်။ သူနှင့်မတွေလျှင်လည်း သူ့ဂစ်တာလေးတော့ ရှိနေပေလိမ့်မည်။ ဂစ်တာလေးတီးပြီး သူပြန်အလာကိုစောင့်နေနိုင်သည်။

ကျောင်းဝင်းကြီး၏အနောက်ဘက်အပေါက်မှထွက်လျှင် လယ်ဖျားရပ်ကို လမ်းသိပ်မလျှောက်ရပါ။ ကျောင်းဝင်းကြီး၏အရှေ့ဘက်ဝင်ပေါက်တွင် လူများစည်ကားနေသော်လည်း အနောက်ဘက်အပေါက်သည် တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ အနောက်ဘက်လမ်းကြားသည်လည်း ကွေ့ ကောက်ခြင်းများနှင့်အတူ မှောင်မိုက်နေသည်။ ပူးကပ်ထိုင်နေကြသည့်စုံတွဲများကိုကျော်ဖြတ်ရင်း လမ်းမကြီးဖက်သို့ ဦးတည်လာခဲ့သည်။ ပွဲတော်ဆီမှ အသံချဲ့စက်သံကို ကြားနေရသေးသည်။ မှောင်မိုက်နေသောလမ်းကြားကလေးက ကျန်နေရစ်ခဲ့သည်။ သူငယ်ချင်းအိမ်ရောက်သော် သူငယ်ချင်းကိုမတွေ့ရ။ သီချင်းလေး သုံးလေးပုဒ်ထိုင်တီးပြီး အိမ်သို့ပြန်လာသည်။ နောက်တနေ့နေ့လယ်ခင်းတွင် သတင်းဆိုးတခု ကြားရသည်။ ပွဲတော်ကြီးကျင်းပသည့် အနောက်ဘက်လမ်းကြားထဲတွင် မိန်းကလေးတယောက်ဓားထိုးခံရပြီး သေဆုံးနေသည်။ သူမမသေဆုံးခင်တွင် မုဒိန်းအကျင့်ခံလိုက်ရသောလက္ခဏာများလည်း ရှိနေသည်။ ထိုသတင်းကိုကျွန်တော့်အနေဖြင့် စိတ်ဝင်တစားမဖြစ်မိ။ ပွဲတော်သွားရင်း မှောင်မိုက်သောလမ်းကြားမှာ ဓားထိုးခံရခြင်းအတွက် သူမ ၏ မိဘများကတော့ သေသည်အထိ မေ့နိုင်ကြမည်မထင်။ ကျွန်တော်ကတော့ ပွဲတော်သွားရင်းအိမ်ပြန်ရောက်မလာတော့သည့်ငယ်သူငယ်ချင်းကို ယနေ့အထိ သတိရနေသည်။ ထိုသူငယ်ချင်းသည် မြန်မာပြည်အရှေ့မြောက်ဖျားရှိ ဝင်္ကပါထဲရောက်သွားပြီး ပြန်လည်ထွက်မလာနိုင်တော့ပါ။

◾️၄

ကျွန်တော့်အား ရန်ကုန်တွင် ကျောင်းသွားထားကြသည်။ ရန်ကုန်သည် ကျွန်တော့်အတွက်တော့ မြို့အကြီးကြီး ဖြစ်ခဲ့ရသည်။ မြို့ထဲတွင် ကျူရှင်သွား တက်သောအခါ မကြာခဏဆိုသလို တိုက်ခန်းမှားတတ်သည်။ မျက်နှာစာများ၊ လှေကားအတက်များတွင် ချိတ်ဆွဲထားတတ်သည့်ကြော်ငြာဘုတ်များကို မှတ်သားထားရသည်။ လမ်းများကိုလည်း မှားဝင်တတ်သေးသည်။ လမ်းထိပ်များတွင်ရှိနေသည့် ဆေးလိပ်ဆိုင်၊ ကွမ်းယာဆိုင်များကိုမှတ်သားရသည်။ရွှေ တိဂုံဘုရား တက်ဖူးပြီးပြီဆိုလျှင် မည်သည့်မုခ်မှပြန်ဆင်းရမည်ကို အူချာလည်နေတတ်သည်။ အချိန်ကာလတခုကြာလာသည့်အခါတွင်တော့ မည်သည့်လမ်းညွှန်ဆိုင်းဘုတ်ကိုမျှ ကြည့်စရာမလိုတော့ဘဲ သွားတတ်ခဲ့ပါသည်။ အသံများ၊ အနံ့များ၊ ရနံ့များသည်ပင် လမ်းညွှန်သဖွယ်ဖြစ်သွားကြသည်။ ငယ်စဉ်ကဝင်္ကပါပွဲတော်ကြီးထဲ စိတ်လွတ်ကိုယ်လွတ်လမ်းလျှောက်နေကြရင်း အချိန်တန်သည့်အခါ ထွက် ပေါက်သို့ရောက်သွားသူများကိုလည်း ပြန်လည်သတိရမိပါသည်။

လမ်းမှားဝင်သွားမိသည့်အခါတိုင်း  လွန်ခဲ့သောနှစ်များက သစ်တောထဲလမ်းပျောက်ဖူးသည်ကို ပြန်သတိရသည်။ ခြေထောက်ညောင်းသော်လည်း ရောက်လိုသည့်လမ်းကိုတော့ ရောက်ခဲ့ရသည်။ ရန်ကုန်သည်လည်း မန္တလေးလိုပင် အမှတ်အသားများလုပ်ထားသဖြင့် သွားလိုသည့်ခရီး၊ ရောက်လိုသည့်နေရာကို လမ်းညွှန်ဆိုင်း ဘုတ်ဖတ်တတ်လျှင် လွယ်ကူသည်ဟု ဆိုကြသည်။ မန္တလေးတွင် အပြများဖြင့် ပြောကြသည်။ ရန်ကုန်တွင် ဘလော့များဖြင့် ပြောကြသည်။ မန္တလေးလိုပင် ရန်ကုန်တွင်လည်း လမ်းမကြီးများကို မှတ်သားထားလျှင် သွားလိုသည့်နေရာသို့ ရောက်နိုင်သည်ဟု သင်ကြားပေးကြသည်။

◾️၅

ရန်ကုန်မြို့လယ် လမ်းမများတွင် CCTVကင်မရာများကို ၂၀၁၆ ခုနှစ်၏ သင်္ကြန်ကာလလွန်မြောက်ပြီး တစ်လခန့်အကြာတွင် တပ်ဆင်နေကြသည်။ နေပူပူကြီးအောက်တွင် ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းများ အလုပ်လုပ်နေကြသည်ကို မြင်နေရသည်။ CCTVသည် လူဆိုးသူခိုးများ၊ မတရားမှုပြုလုပ်သူများ၊ရာဇဝတ်သားများကို မှတ်တမ်းမှတ်ရာပြုလုပ်ထားနိုင်သည်ဟူ၍ ဝမ်းသာနေကြသူများလည်း ရှိသည်။ လူ့လွတ်လပ်ခွင့်ကိုထိပါး သည်ဟူ၍ လက်မခံလိုသောသူများလည်း ရှိနေသည်။ ဆူးလေလမ်းမကြီးပေါ်တွင် ခိုများအစာကိုငံ့လင့်နေကြသည်။ CCTV တပ်ဆင်သည့်အဖွဲ့မှ လှေကားတစ်စင်းကို ထမ်းလာခဲ့သည်။ ခိုများအုပ်စုလိုက် ပျံထွက်သွားကြသည်။
ရန်ကုန်တွင် လမ်းမှားမည့်ကိစ္စ၊တိုက်ခန်းမှားတက်မိမည့်ကိစ္စမျိုးအတွက် သိပ်ပြီးပူပန်နေစရာ မလိုတော့ပါ။

၅ နှစ်တာကာလအတွင်း CCTV ကင်မရာများ ပိုပြီးများပြားလာခဲ့သည်။ နေရာစုံတွင် တပ်ဆင်ထားကြသည်။ လူဆိုး သူခိုး ရာဇဝတ်မှုကျူးလွန်သူများကို CCTVကြောင့် အလွယ်တကူဖမ်းဆီးနိုင်ခဲ့တာမျိုးတွေ ရှိလာသည်။ လူ့လွတ်လပ်ခွင့်အတွက် ပြောဆိုခဲ့ကြသူများ၏အသံသည် တိုး၍သွားသည်။ နည်းပညာမြင့်မားပြီး ပိုမိုကြည် လင်သည့် CCTVကင်မရာကြီးများ မြို့လယ်လမ်းမ၏ အထပ်မြင့်တိုက်များထက်ဝယ် နေရာယူလာခဲ့ကြသည်။ ချစ်သူကို ပခုံးဖက်ပြီး ကြည်ကြည်နူးနူးလမ်းလျှောက်ဖို့အတွက်ပင် CCTVကို မျက်နှာပူစရာ ဖြစ်လာခဲ့ပြီ။

မကြာခင်ရက်က သိမ်ကြီးစျေးဖက်ကို ကျွန်တော်ရောက်ခဲ့သည်။ မြို့လယ်လမ်းမများသည် အရင်လိုမဟုတ်ပဲ ခြောက်ကပ်နေသည်။ CCTV ကိရိယာကြီးများကိုနေရာအတော်များများတွင် တွေ့မြင်ရသည်။ လသာလမ်း ထောင့်တွင် ပလက်ဖောင်းစျေးသည်တဦး ငိုက်မြည်းနေသည်။ သူ့ရှေ့တွင် စပန်နာများ၊ ပလာယာများ၊ ဘိုးနပ်များအပါအဝင် တိုလီမိုလီပစ္စည်းများကို ဖြန့်ခင်းထားသည်။ ဆိုင်ရှေ့တွင်ငုတ်တုတ်ထိုင်ချရင်း ထိုပစ္စည်းများကိုလျှောက်ကြည့်နေမိသည်။ စျေးသည်ကုလားလေးက ကောင်းကင်ကိုလက်ညှိုးထိုးပြရင်း ဆိုင်သိမ်းဦးမည်ဟု ပြောသည်။ ရန်ကုန်မြို့လယ်၏ကောင်းကင်တခုလုံး မည်းနက်နေသော မိုးသားထုကြီးဖြင့် ပြည့်နေပြီ။ လေထုထဲတွင်လည်း မိုးရနံ့က သင်းနေပြီ။ သူ့ထံမှ သံလိုက်အိမ်မြှောင်လေးတခုကို စျေးမဆစ်ဘဲဝယ်ယူလိုက်သည်။

လူသူကျဲပါးနေသော ပန်းဆိုးတန်းကုန်းတံတားကြီးပေါ်မှ ဘူတာကြီးဖက်သို့ ငေးမိသည်။ လမ်းလျှောက်နေရင်း သံလိုက်အိမ်မြှောင်လေးကိုထုတ်ကြည့်မိသည်။ မြောက်အရပ်သို့ဦးတည်ရင်း ဆက်လျှောက်လာခဲ့သည်။

ကျော်ကျော် မြရည်စမ်း
၁၄.၈.၂၁
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar