Breaking News

Coronavirus ပျံ့နှံ့နေကြောင်း စတင်သတိပေးခဲ့သူ ဝူဟန်က ဆရာဝန်သေဆုံး


Coronavirus ပျံ့နှံ့နေကြောင်း စတင်သတိပေးခဲ့သူ ဝူဟန်က ဆရာဝန်သေဆုံး

မောင်လူပေ။ (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၀

တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ ပင်လယ်စာရောင်းချတဲ့စျေးတစ်ဝိုက်မှာ SARS ရောဂါနဲ့ ဆင်တူတဲ့ ရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့နေကြောင်း ပြည်သူတွေကို ဒီဇင်ဘာလနှောင်းပိုင်းမှာ ပထမဆုံး အသိပေးခဲ့သူ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ လီဝမ်လျှမ်း Li Wenliang ဟာ လူနာတွေကို ကုသရင်း သူကိုယ်တိုင်ရောဂါပိုး ကူးစက်ခံရပြီးနောက် သောကြာနေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်။

ထူးဆန်းတဲ့ဗိုင်းရပ်ပိုးတစ်မျိုး ဝူဟန်တစ်ဝိုက်မှာ ကူးစက်နေကြောင်း သူ့မိတ်ဆွေဆေးဖက်ဆိုင်ရာပညာရှင်တွေကို တရုတ်ဆိုရှယ်မီဒီယာမှာ ပထမဆုံး သတိပေးခဲ့ပေမဲ့ သတင်းအမှားတွေ ဖြန့်ချီနေတယ်ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူသတိပေးမှု ခံခဲ့ရသူလည်း ဖြစ်တယ်။

တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ဒီသတင်းတင်ခဲ့တဲ့သူ့ကို သတင်းအချက်အလက်တွေ ဘယ်ကရလဲ၊ ဘယ်သူတွေကို မျှဝေခဲ့လဲနဲ့ သက်ဆိုင်ရာက မေးမြန်းခဲ့တဲ့အပြင် သူ့မိတ်ဆွေ ဆရာဝန်တွေနဲ့အတူ ရဲစခန်းသွားပြီး 'သတင်းအမှားကို ထပ်မံ၍ဖျံ့ချီမှု မပြုတော့ပါကြောင်း' ခံဝန်ဂတိထိုးပေးခဲ့ရတယ်။ " နည်းနည်းတော့ကြောက်တာပေါ့။ အဖမ်းခံရနိုင်တယ်၊ မိသားစုစိတ်ပူနေမယ် နဲ့ ကြောက်မိတယ်။" လို့ CNNကို ဆေးရုံကုတင်ပေါ်ကနေ ဖြေကြားသွားခဲ့သေးတယ်။

နောက်သတင်းပတ်အနည်းငယ်အတွင်းမှာပဲ ရောဂါပိုးပျံ့နှံ့မှုဟာ ပိုဆိုးလာခဲ့ပြီး ဝူဟန်မြို့အပြင် တစ်နိုင်ငံလုံးကို ကူးစက်သွားခဲ့တယ်။ ရောဂါအကြောင်းသိပြီး တစ်လကျော်အတွင်း တရုတ်ပြည်အနှံ့ လူငါးရာကျော် သေဆုံးခဲ့ပြီဖြစ်၍ ကမ္ဘာအနှံ့ ပျံ့နေလို့ ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာရတဲ့အထိ ဖြစ်လာခဲ့ပြီ။

"မြို့ရဲ့သက်ဆိုင်ရာလူကြီးတွေက ရောဂါပိုးပျံ့နေမှုကို တာဝန်ခံပြီး ကြိုတင်ကိုင်တွယ်ခဲ့ရင် ခုထက်အခြေအနေပိုကောင်းနေမယ်လို့ ထင်တယ်။ ပိုပြီးပွင့်လင်းဖို့နဲ့ တာဝန်ခံမှုရှိဖို့ လိုအပ်နေတယ်။" လို့ NY Time သတင်းစာကို ဖြေကြားခဲ့သေးတယ်။

ဗိုင်းရပ်ပိုးပျံ့နေမှုကို ရဲရင့်စွာပြောဆိုအသိပေးခဲ့သူ ဒေါက်တာလီကို တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ သူရဲကောင်းအဖြစ် တင်စားခေါ်ဆိုနေကြလေရဲ့။

ဇန်နဝါရီလအလယ်ပိုင်းလောက်မှာ ဖျားနာလာတဲ့အတွက် ဆေးရုံတက်ခဲ့ရာက ရေဂါပြင်းထန်စွာခံစားရပြီး ကွယ်လွန်ခဲ့တဲ့ ဒေါ်က်တာလီဟာ အသက်(၃၄)နှစ်သာ ရှိသေးပြီး ကလေးတစ်ဦးနဲ့ ကိုယ်ဝန်ရှိနေသူဇနီးသယ် ကျန်ရစ်ခဲ့ပါတယ်။

ဒေါက်တာလီကွယ်လွန်သွားတဲ့အတွက် လွန်စွာဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ အမှန်တရားကို ဖုံးကွယ်ထားတတ်တဲ့ လူမှုအဖွဲ့အစည်းမှာ လူဖြစ်ရခြင်းက ကင်းဝေးပါစေကြောင်း ဆုတောင်းမိပါကြောင်း။

ချစ်တဲ့
မောင်လူပေ