Breaking News

မောင်စွမ်းရည် - စာလုံးပေါင်းသတ်ပုံ မှားကြပုံတွေ



မောင်စွမ်းရည် - စာလုံးပေါင်းသတ်ပုံ မှားကြပုံတွေ

(မိုးမခ) ဖေဖော်ဝါရီ  ၇၊ ၂၀၂၀

‘ပြောမှား ရေးမှား မြန်မာစကား’ ဆိုတဲ့ ဆောင်းပါးတပုဒ် မကြာခင်ကပဲ ရေးလိုက်ပါသေးတယ်။ ‘ဆက်ရေးပါဦးမယ်’လို့လည်း ကြိုတင်ပြောထားလိုက်ပါသေးတယ်။ ရှေ့က ဆောင်းပါးရဲ့အဆက်လို့ ဆိုပေမယ့် ခု ရေးတာက အပြောမှားကြတာ မဟုတ်ဘဲ အရေးမှားကြတာကိုပဲ သီးသန့်ရေးမှာပါ။ သတ်ပုံ ဆောင်းပါး ဖြစ်ပါတယ်။ ခုတလော မြန်မာစာနယ်ဇင်းတွေ ဖတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင်ကိုပဲ သဒ္ဒါ သတ်ပုံတွေ မှားယွင်းသုံးစွဲ ရေးသားနေကြတာ တွေ့ရပါတယ်။ အယ်ဒီတာ ဆိုတဲ့ စာတည်းတွေက မတည်းမဖြတ်၊ မပြင်တတ်ကြလို့ မပြင်တာလားလို့ မေးရင် စိတ်ဆိုးကြတော့မှာပဲ။ အမေးမခံချင်ကြရင်လည်း ကိုယ့်စာနယ်ဇင်းကိုယ် သဒ္ဒါ သတ်ပုံ မှန်အောင် ပြင်ဆင် တည်းဖြတ်ပေးတော်မူ ကြပါ။ ဒါဟာ အမျိုးသားရေးပါ။

ပြည်တွင်း ပြည်ပ စာနယ်ဇင်းတွေမှာ အမြဲပါလေ့ရှိပြီး အမြဲမှားနေကျ စာလုံး သုံးလုံးကတော့ (၁) ရန်ပုံငွေ၊ (၂) ပတ်ဝန်းကျင်၊ (၃) နေ့လယ်စာတို့ ဖြစ်ပါတယ်။ ရန်ပုံငွေကို ရံပုံငွေလို့ အမြဲမှားကြပါတယ်။ သေးသေးတင်နဲ့ ရေးတော့ အစက်ကလေးတစက်ပဲ ချရတာ ဖြစ်လို့ လွယ်တာပေါ့။ ဒါကတော့ အလွယ်လိုက်လို့ မှားတာ ဖြစ်ပုံရပါတယ်။ ‘ပတ်ဝန်းကျင်’ ကိုတော့ ဘာကြောင့်များ ‘ပါတ်ဝန်းကျင်’လို့ အခက်လိုက်ပြီး ရေးရသလဲ မသိပါ။ ‘ပတ်’ကို ရေးချပါထည့်ပြီး ‘ပါတ်’လို့ အမြဲမှားပြီး ရေးနေကြပါတယ်။ မြန်မာစာမှာ ရေးချ အပိုထည့်ရတဲ့ စာလုံးပေါင်း မရှိပါဘူး။ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်စကားတို့ကို မြန်မာ အသံထွက် ရေးရင်တော့ ရေးချထည့်သင့်ရင် ထည့်ကြရပါတယ်။ နိပါတ်တော်၊ ဇာတ်တော်၊ ဓာတ်တော် ဆိုတဲ့ စကားလုံးတွေက ဆင်းသက်လာတာဖြစ်လို့ ရေးချ ထည့်ရပါတယ်။ ပတ်ဝန်းကျင် ဆိုတာ မြန်မာစကားစစ်စစ်ပါ။ ဘေးပတ်လည် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရှိပါတယ်။ ရေးချ မပါရပါ။ နိပါတ် ဆိုတာကတော့ ပါဠိစကားမို့ မူလရင်းမြစ်ကိုက ရေးချ ပါရှိလို့ ဖြစ်ပါလိမ့်မယ်။ (ခါးပတ်ကို ‘ခါးပါတ်’ လို့ မရေးရပါ။)

‘လည်’ နဲ့ ‘လယ်’ လည်း အလွန်ကို ရောထွေးယှက်တင် ဖြစ်နေပါတယ်။ လှည့်လည်၊ လည်ပတ် - ဆိုတဲ့ အနက်နဲ့ ညသတ် ပါရပါတယ်။ ရေလယ်ကောင်၊ အလယ်ဗဟို၊ အလယ်လူ စတဲ့ စကားလုံးများကတော့ အတွင်းပိုင်း အလယ်ကို ပြောတာဖြစ်လို့ ညသတ် မသုံးရပါ။

‘တုံး’ နဲ့ ‘တုန်း’ လည်း ရောထွေးယှက်တင် ဖြစ်ပြီး မှားတတ်တာ များပါတယ်။ တုန်း - ဆိုတာ ဆက်လက်၍ လို့ အဓိပ္ပာယ်ရပါတယ်။ မရပ်မနားသေးဘူးပေါ့။ တုံး - ဆိုတာက ‘ရပ်’တဲ့သဘော ရှိတယ်။ ခေါင်းတုံး(ကတုံး)၊ သစ်တုံး၊ အသားတုံး စတဲ့ နေရာတွေမှာ သုံးပါတယ်။ ကြားဖူး၊ ဖတ်ဖူးတာ တခု ရှိပါတယ်။ မင်းတုန်းမင်း လက်ထက်က မင်းတုန်းကို ‘မင်းတုံး’လို့ မှားရေးမိတာ တွေ့ရင် လက်ချောင်းလေးတွေကို ဖြတ်ပစ်သတဲ့။ တုံး - ဆိုတာ ဓားတုံးတယ်၊ အညွန့်တုံးတယ် ဆိုတဲ့ အဓိပ္ပာယ် ရှိတာကိုး။ သန်တုန်း၊ မြန်တုန်း၊ ပြေးတုန်း၊ လွှားတုန်း လို့ ရေးရတယ်။

နောက်တမျိုးကတော့ ‘ယာ’နဲ့ ‘ရာ’ ဖြစ်ပါတယ်။ ‘ယာ’ ဆိုတာက လယ်ယာ၊ တောင်ယာ၊ ယာခင်းတို့မှာ သုံးရပါတယ်။ ‘ရာ’ ကတော့ နေရာထိုင်ခင်းလို့ မှတ်ပါ။ အိမ် ဆိုတဲ့နေရာကို အိမ်ရာလို့ ရေးရပါတယ်။ ရာထူး ဆိုတာကလည်း အဆင့်အတန်း နေရာပဲ ဆိုတော့ ‘ရကောက်’နဲ့ပဲ ရေးရပါမယ်။ အိပ်ရာ ဆိုတာ အိပ်တဲ့နေရာ ဖြစ်လို့ အိပ်ရာလို့ ရေးတယ် မှတ်ပါ။ အိပ်ယာ ဆိုရင် အိပ်တဲ့ ယာခင်း ဖြစ်သွားပါမယ်။

နောက်တမျိုးကတော့ ‘ကြ’ နဲ့ ‘ကျ’ ဖြစ်ပါတယ်။ ကြ - ဆိုတာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ သဒ္ဒါစာအုပ်တွေမှာ ‘အများပြကြိယာနောက်ဆက်’လို့ ဆိုလေ့ရှိပါတယ်။ သွားကြ၊ လာကြ၊ စားကြ၊ သောက်ကြ ဆိုတဲ့ အသုံးမျိုးတွေပေါ့။ ဒီလိုနေရာတွေမှာ စားကျ၊ သောက်ကျ၊ သွားကျ၊ လာကျ လို့ ‘ယပင့်’နဲ့ ‘ကျ’ရင် မှားပါတယ်။ ကျ - ကို အပေါ်က အောက်သို့ ကျတယ်ဆိုတဲ့ အနက်နဲ့ သုံးပါတယ်။ သစ်သီးကြွေကျ တယ်၊ လူလိမ်ကျတယ်။ သဘောကျတယ်၊ ဂွကျ(ခွကျ)တယ် စသဖြင့် သုံးရပါတယ်။ ‘စားနေကျ ကြောင်ဖား’ ဆိုတာကို ‘စားနေကြ ကြောင်ဖား’လို့ ရေးတာ မကြာခဏ တွေ့ရပါတယ်။ မမှားပါစေနဲ့။

‘ကျ’ကို သုံးတာ မှန်ပေမယ့် ‘ကျ’နဲ့ တွဲပြီး ‘မ’ သုံးရင်လည်း မှန်ဖို့ လိုပါတယ်။ နေရာတကျ ရှိရပါမယ်။ ‘လဲမကျဘူး’ ဆိုတာကို ‘မလဲကျဘူး’လို့ ပြောနေကြတာ မှားပါတယ်။ ကြိယာတွဲ နှစ်လုံး သုံးလုံး အတွဲလိုက် ပါဝင်နေရင် နောက်ဆုံး ကြိယာရဲ့ ရှေ့က ကပ်ပြီး ‘မ’ကို ထားရပါမယ်။ လဲမကျဘူး၊ နေရာမကျဘူး လို့ သုံးပါ။

ထူးဆန်းတဲ့ အမှားတခုလည်း တွေ့မိပါတယ်။ အမှန်တကယ် ဆိုတာကို ‘အမှန်တစ်ကယ်’လို့ မှားရေးတာပါ။ မူလက ‘တစ်’ မဟုတ်ပါ။ အကယ်စင်စင် ဆိုတဲ့ စကားကို စဉ်းစားပါ။

နယူးယောက်မှာ စာလုံးပေါင်း ပြင်ပေးမိလို့ ဘုန်းတော်ကြီးတပါးက “ဒကာကြီး ကျောင်းကို ရရစ်နဲ့ ကြောင်းတော့ ဘာဖြစ်မှာလဲ’ဆိုတဲ့ ပုံပြင် ကြားဖူးသလား”တဲ့။ သွယ်ဝိုက်ဆဲ ရေးတာပေါ့။ စာလုံးပေါင်း မှားတာကို လူတတ်လုပ်ပြီး ပြင်မိလို့ပါ။ စာလုံးပေါင်း မှားတာလည်း မမှန်တာ လုပ်တာဖြစ်လို့ အာပတ်မသင့် ပေဘူးလား။ ရှိပါစေတော့… မရှက်လို့ မှားရေးချင်သူများ မှားကြပါစေတော့…

မောင်စွမ်းရည်
၂၀၁၉ ဒီဇင်ဘာ ၂၅