Breaking News

မောင်သာနိုး - တခေတ်အတွက် တယောက်တည်းစကား


မောင်သာနိုး - တခေတ်အတွက် တယောက်တည်းစကား

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၀
ကနေ့ခေတ်မှာ ရဲပ် ( rap ) တေးဂီတ ခေတ်စားရတာ အကြောင်းနှစ်ကြောင်း ရှိတယ် ။ တစ်ကြောင်းက သူဟာ ကဗျာဖတ်တာ ( potery reading ) ကနေ ပေါက်ဖွားလာတာမို့ ၊ ကဗျာမှာလည်း ခေတ်ပေါ်ကဗျာ ဆိုတာ စကားပြော ရစ်သမ်ကို သုံးနေတာမို့ ၊ လူတွေ စကားပြောနေတာနဲ့ တစ်ထေရာတည်းဖြစ်ပြီး လူတွေ တအားစွဲလမ်းကုန်တာ ဖြစ်တယ် ။ နောက်တစ်ကြောင်းက သူ့အကြောင်းအရာက အချစ်အကြောင်း ၊ အသည်းကွဲတဲ့အကြောင်း မဟုတ်ဘဲ ခေတ်ကြီးအကြောင်း ၊ ခေတ်ထဲက လူတွေအကြောင်း ၊ တစ်နည်း လူမှုရေး ၊ နိုင်ငံရေးတွေအကြောင်း သီကုံးတာ ဖြစ်နေလို့ ဖြစ်တယ် ။ ခေတ်ရဲ့ ကဗျာရေးလိုသူဟာ ရဲပ်တေးဂီတ အောင်မြင်နေတာကို သင်ခန်းစာ ယူအပ်တယ် ။

ဒီဘက်ခေတ် မြန်မာစာပေမှာ အသည်းကွဲ ကဗျာကတော့ ကလေးတချို့နဲ့ မရင့်ကျက်တတ်သူ လူကြီးအနည်းငယ်ကလွဲရင် ရှားပါးပစ္စည်း ဖြစ်နေပါပြီ ။ ဒါပေမဲ့ ကဗျာဟာ နိုင်ငံရေးရဲ့ အထက်မှာ ရှိတယ်လို့ ကြွေးကြော်ချင်တဲ့ စာမတတ် ပေမတတ် တချို့တော့ ကြံကြံဖန်ဖန် ရှိနေသေးတယ်လို့ သိရတယ် ။ ဒီလူတွေ ပိတောက်ပန်းပြာရဲ့ အလှတို့ ၊ စကြာဝဠာ ပြင်ပက အမှန်တရားတို့ကိုများ ကာရန်သီနေကြလေရော့လား မပြောတတ်တော့ပါဘူး ။

ဒီလို ခပ်ကြောင်ကြောင်လူတွေ ကွယ်ပမသွားတတ်သေးတဲ့ ကာလမှာ စိုင်းဝင်းမြင့်လို ခေတ်လူငယ် ကဗျာဆရာတွေရဲ့ ခေတ်ကျာကို ဖတ်ရတာ ‘ ပုစွန်သေ ’ တဲ့ ‘ တော်သလင်း နေ’ မှာ ရေခဲသေတ္တာ အေးစိမ့်အခန်းထဲက ထုတ်လာခါစ မန္တလေး ဘီယာကို အခု ငှဲ့ ၊ အခု သောက်လိုက်ရသလိုပဲ ။ ကျောင်းမှာ နတ်ရှင်နောင် ကဗျာတွေ ၊ ကိတ်စ် ကဗျာတွေ ကျက်ခဲ့ရပြီပဲ ။ အတွေးအခေါ်တွေ ၊ အယူအဆတွေဆိုလည်း တော်ပါပြီ ။ စာအုပ်ထူကြီးတွေ ဖတ်ရ ၊ ကိုးကားရလွန်းလို့ အဖုံးတောင် စုတ်နေပါပြီ ။

Time တို့ ၊ Newsweek တို့ ၊ Economist တို့ ဖတ်တာ အီရတ်တို့ ၊ ဆီရီးယားတို့ ၊ မြောက်ကိုရီးယားတို့ ၊ နောက်ဆုံးအခြင်းအရာတွေ သိချင်လို့ဖတ်တာ ဖြစ်သလို ၊ ဒဲရက်မဟုတ် ၊ ရှေးမာစ်ဟေနီတို့ရဲ့ကဗျာ ဖတ်တာကလည်း ကနေ့ အင်္ဂလန် ၊ အိုင်ယာလန် နိုင်ငံရေး ၊ လူတွေအရေး သိချင်လို့ ဖြစ်တယ် ။ သုခမိန်လှိုင်ကဗျာ ဖတ်တာလည်း ပြည်က သူ့သူငယ်ချင်း ဘူတာမှာ စံပယ်ပန်းတွေ ရောင်းနေပုံအကြောင်း သိချင်လို့ ဖြစ်တယ် ။

စိုင်းဝင်းမြင့်ရဲ့ ကဗျာဟာ ခေတ်ရဲ့ နိုင်ငံရေးကို တော်တော်ပြောပြတဲ့ ကဗျာဖြစ်တယ် ။ သူ့အကြောင်း ၊ သူ့မိသားစုအကြောင်း ၊ သူ့မြို့အကြောင်း ၊ လက်ဖက်ရည်ဆိုင် ၊ တေးဂီတ ၊ ကဗျာ ၊ ကြောင်းရာစုံစုံအကြောင်း ၊ ဒါတွေကို သူလိုကိုယ်လို ရေးပြသွားလို့ကတော့လည်း ဘယ်စကားထဲ ထည့်ပြောစရာလိုလိမ့်မတုန်း ။ ခုတော့ သူက သူလိုကိုယ်လို မဟုတ် ၊ ကဗျာကို ကဗျာလိုရေးဖို့ ကြိုးစားထားတယ် ။ အောင်မြင်ပါတယ် ။ ခေတ်အကြောင်းအရာတွေကို ရေးခြယ်မှတ်ချက်ချရင်း အလွန်ထိမိတဲ့ ရုပ်ပုံများကို ဖန်ဆင်းကာ အင်မတန် ကျေနပ်စရာကောင်းတဲ့ လူထုသုံး အီဒီယမ်များကို အံဝင်ခွင်ကျ ကဗျာထဲ ထည့်သုံးပြသွားနိုင်တယ် ။ ဥပမာ -

“ဘာဖြစ်လို့ သေမထူး နေမထူး ဖူးပွင့်မှာလဲ”
( အခုတော့ ဘာစကားမှ )

‘ သေမထူး ၊ နေမထူး ’ ဆိုတာ အလွန်ရိုးနေတဲ့ လူထုစကားပါ ။ ဆင်းရဲမွဲတေတဲ့ ဘဝကို ဖော်ပြရာမှာ သုံးကြတယ် ။ အဲဒါကိုပဲ သစ်ပင်သစ်ကိုင်းကို ပြောရာမှာ ကဗျာဆရာက သုံးလိုက်တော့ အဓိပ္ပာယ်သစ်တွေ အုံကြွလာတော့တယ် ။

“စပယ်ယာ တစ်ယောက်ရဲ့ လောဘနဲ့
အနုပညာကို အတင်းဓမ္မ ရခဲ့တယ်”
( အသက်ပွင့် ဖဲ )

စပယ်ယာ လောဘကြီးပုံကို ဘတ်စ်နဲ့ သွားလာရသူတိုင်း စိတ်ပျက်မိတယ် ။ အဲဒီ လောဘကို အနုပညာ ဆည်းပူးသူမှာ ယူသုံးလိုက်တော့ အံဝင်ခွင်ကျ လွန်သွားကာ ဖတ်ရသူ ရင်ထဲနင့်သွား ၊ သဘောပေါက်သွား ရပါတော့တယ် ။

“ကိုယ့်ဖိနပ်အောက်က လမ်းတောင်
ကိုယ့်အား ကိုယ်ကိုးသွားပြီ”
( ယာဉ်ကြောများ )

‘ ကိုယ့်အား ကိုယ်ကိုး ’ ဆိုတာ ကောင်းပါတယ် ။ ဒါပေမယ့် ဆီသည်မ လက်သုတ်ပဝါလို ဖန်တစ်ရာတေနေတော့ မသုံးချင်တော့ဘူး ။ ဒါပေမဲ့ ‘ ကိုယ့်ဖိနပ်အောက်က လမ်းတောင် သူ့ဟာသူ သွားနေပြီ ၊ ကိုယ့်အား ကိုယ်ကိုးနေပြီ ’ ဆိုလိုက်ရာမှာတော့ ဒီနေရာမှာ ဒီထက်ဆီလျော်တာ မရှိပြန်ဘူး ။ အလားတူ . . …

“လူငယ်ဘဝဟာ လက်ထဲက အမွှေးဆပ်ပြာတုံးလို
လျှောခနဲ လွတ်ကျ”
( မီးနီကို အတင်းဖြတ်မောင်းနေတယ် )

“သစ်သား စားပွဲကို ဂက်စ်မီးခြစ်နဲ့ ခေါက်လိုက်”
( မျက်လုံးများ ဖွင့်လျက် )

“ငါ အိမ်ပြန်ခဲ့တယ်
ငါ့အသက်ကို ငါ မမီတော့ဘူး”
( သူစိမ်း - ၁ )

“နေ့ရှိသမျှ ကြားရတဲ့ ပြန်ဆိုတေး”
( သူစိမ်း - ၂ )

“ကိုယ့်အရိပ်ကိုပဲ ကိုယ် ပြန်နင်းမိတယ်”
( သူစိမ်း - ၁၄ )

စတာတွေမှာ စိုင်းဝင်းမြင့်ဟာ လူထုသုံး စကားလုံးကို အဓိပ္ပာယ် တစ်မျိုးတစ်ဖုံ ထူးကဲလာအောင် ကုလားဖန်ထိုးပေးနိုင်စွမ်း ရှိတာကို တွေ့ကြရတယ် ။

စိုင်းဝင်းမြင့်ဟာ လူထုသုံး စကားကို မပျင်းမရိ ဝါသနာပါပါ လေ့လာဆည်းပူးတတ်သူလို့ ယူဆနိုင်တယ် ။ ဒါခေတ်ပေါ် ကဗျာဆရာ အမည်ခံလိုသူတွေ သတိပြုရမယ့် အချက်ပါပဲ ။ ငါ့စာ ခေတ်မီရောဟဲ့ဆိုပြီး နိုင်ငံခြား စကားတွေ ၊ အဖြစ်အပျက်တွေ တအား ၊ ပြွတ်မထည့်ဘူး ။ မြန်မာ အရပ်သားသုံး စကားကိုပဲ ပီပီမည်မည် ပိုင်ပိုင်နိုင်နိုင် သုံးပြတယ် ။

“ချိုဆိမ့်က
ချိုဆိမ့် မပီသပေမဲ့
ကျဆိမ့်က
ကျဆိမ့် ပီသတယ်”
( ရန်သူ့လက်က လွတ်မြောက်ဖို့ )

“ပပ်ကြားအက် ရင်ဘတ်
ရိုးပြတ်ငုတ်တို ထိုးထိုးထောင်ထောင် လယ်သမား”
( ရုပ်ရှင် )

“အိမ်အပြန် အမြန်ယာဉ်က
အခုထွက်မယ် ဆိုတာချည်းပဲ”
( အကိုင်းတစ်ခုတည်း တစ်ခုစီလွဲလို့ )

အဲဒီလို ပြည်သူသုံးစကား ပီပီမြည်မြည်တွေထဲမှာ ပြည်သူသုံး ဥပမာတွေ ၊ ရူပကတွေကိုလည်း ရတတ်တယ် ၊ ရရင် သူ ယူသုံးလိုက်ပုံ နေရာကျသွားတယ် ။

“မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ ဂိုးတွေကို ငါ သွင်းခဲ့တာ”
( မိသားစု )

“ဒီမှာ ငှက်ဖြစ်တာတောင်
တစ်ကိုင်းတည်းနားခွင့် မရှိတော့ဘူး”
( ကြယ်ပျက် )

အရပ်သား ပြည်သူတွေရဲ့ စကားကို ဂရုတစိုက် အမြဲနားဆင်သူအဖို့ စကားပြောရစ်သမ် ဆိုတာကို တကူးတက သင်ယူနေစရာ မလိုတော့ဘူး ။ အလိုလို နားယဉ်လာတယ် ။ စကားလုံးတွေ အလိုက်သင့် အလျားသင့် နေရာချပေးရင်း အသံသွား အသံလာကို ဖန်ဆင်းသွားနိုင်တော့တယ် ။

“တစ်ချက် ခြစ် တစ်ချက် တောက်
နံရံကို အဆက်မပြတ် ဖောက်ထွင်းနေတယ်”
( အကိုင်းတစ်ခုတည်း တစ်မြို့စီလွဲလို့ )

“ဆံပင် အရှည်ထားလိုက်
ခေါင်းတုံး ဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်”
( အရေးအသားတစ်ခု )

“ဘာရောဂါမှ မဖြစ်ရင် သောက်တဲ့ဆေး
အခု သောက်ရမယ်”
( တစ်ယောက်တည်း စကား )

“ကျန်ရစ်ခဲ့တဲ့ ဆောင်းရာသီက
ကျန်ရစ်ခဲ့တဲ့ မိန်းကလေးကိုလေ
တငွေ့ငွေ့”
( ရုပ်ရှင် )

ဘယ်လို အသံသွား အသံလာ အဆင်ပြေနေတာလဲ ဆိုတာကို သိဖို့ကတော့ အခု ကောက်နုတ်ပြလိုက်တဲ့ ပါဒတွေကို အသံထွက် ဖတ်ကြည့်မှ ဖြစ်ပါလိမ့်မယ် ။

ခြုံပြောရရင်တော့ စမ်းသပ်နေတဲ့ လူငယ်ကဗျာဆရာတွေထဲမှာ စိုင်းဝင်းမြင့်ဟာ စမ်းသပ်မှုတွေ အောင်မြင်နေသူတစ်ဥင်္း ဖြစ်တယ်လို့ ပြောရမယ် ။ ဒါပေမဲ့ မအောင်မြင်တာတွေလည်း ရှိရမှာ ဓမ္မတာပဲပေါ့ ။ ဥပမာ - ဒီ သုံးပါဒ ကဗျာတိုလေးကို ကြည့် ။

‘အမှောင်’
အရူးမတောင်
လင်ကောင် မပေါ်ဘဲ
ကလေးနှစ်ယောက် ရခဲ့ပေါ့ ။

ဒါ ခေတ်ပေါ်စာပေ အဖတ်နည်းတဲ့လူတွေ ဖြစ်တတ်တဲ့ ရောဂါပါပဲ ။ ရှင်းရှင်းပြောရရင် အင်္ဂလိပ်စာ အဖတ်နည်းတဲ့ လူတွေပေါ့လေ ။ အရူးမ ကလေးရတာ အဆန်းမဟုတ် ။ စာမဖွဲ့လောက်ဘူး ။ ဒါကို ‘ အမှောင် ’ လို့ ဆုံးဖြတ်တာကလည်း ရိုးစင်းလွန်းရာကျတယ် ။ အရပ်သား ပြည်သူသုံး စကားကို ယူရမယ် ။ ပြည်သူတွေ ကြုံဆုံနေရတာတွေကို စာဖွဲ့ရမယ် ဆိုသော်လည်း ဒီလို ရိုးစင်းလွန်းရာတွေ စာအဖွဲ့ခိုင်းတာ မဟုတ်ဘူး ။ အခြား စိုင်းဝင်းမြင့် ကဗျာတွေ ( ကျွန်တော်တို့ စောစောက ကောက်နုတ်ပြခဲ့တဲ့ ကဗျာတွေ ) မျိုးလို ထူးခြားတဲ့ အတွေ့အကြုံ ၊ ဘာသာစကားတို့ကိုသာ ဆိုလိုတာ ဖြစ်တယ် ။

ဒါ အတိုဆုံး ကဗျာကို နမူနာ ထုတ်ပြလိုက်တာပါ ။ တခြား ကျွန်တော် အပြစ်ထောက်ပြချင်စရာ ကဗျာအချို့လည်း ရှိနိုင်ပါသေးတယ် ။ ဒါပေမဲ့ သူ့ကဗျာများ ရာစုကြီးဟာ အဆင့်ရှိတဲ့ ခေတ်ပေါ်ကဗျာတွေသာ ဖြစ်ကြတာကို ရိုးရိုးသားသား ထောက်ပြလိုက်တယ် ။

မောင်သာနိုး
စိုင်းဝင်းမြင့်ရဲ့ တယောက်တည်းစကား ကဗျာစာအုပ်(၂၀ဝ၃) မှ
ဆရာကြီးမောင်သာနိုး အမှာစာ
(မောင်သာနိုး ဖေ့စ်ဘွတ်ကနေ ယူပါသည်)