Breaking News

မိုးဦးဆွေညိန်း - ပြတ်သွားတဲ့ လက်တစ်ဖက်ကို ပြန်လိုချင်တယ်


ပြတ်သွားတဲ့ လက်တစ်ဖက်ကို ပြန်လိုချင်တယ်
မိုးဦးဆွေညိန်း
(မိုးမခ) မတ် ၁၆၊ ၂၀၂၀

တစ်ချိန်ချိန်မှာ
နားကျပ်ကိုင်ရမယ့် လက်
တီစကွဲတစ်ချောင်းနဲ့ အလုပ်ရှုပ်နေရမယ့် လက်
အနာဂတ်ဖယောင်းတုံးလေးတွေကို ပုံသွင်းပေးရမယ့် လက်
စာပေအနုပညာနဲ့ ကမ္ဘာကြီးကိုဖွဲ့ပြမယ့် လက်
သီချင်းတွေဆိုဖို့ ဂစ်တာကိုင်မယ့် လက်
... ... ... ... ... ...
ဘာလုပ်ချင်မလဲ ဘာလုပ်နိုင်မလဲ
ဝေခွဲဆုံးဖြတ်ခွင့်တောင် မရသေးခင်
တစ်စစီ ပြတ်လွင့်သွားတဲ့ လက်တစ်ဖက်

ပြတ်သွားတဲ့ လက်တစ်ဖက်က ဘယ်လက်
မျှော်လင့်ချက်ဟာ သွင်သွင်ကျိုးလို့
ဖြစ်ရပုံများရယ် ငါက ဘယ်သန်။

(စစ်ပွဲတွေကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ လက်တစ်ဖက်ပြတ်သွားရတဲ့ ဆယ်တန်းကျောင်းသားလေး မောင်ကိုကိုဟိန်းသို့)


၂ဝ၊ ၂၊ ၂ဝ၂ဝ။