Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၇)

ခင်လွန်းပန်းချီ


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၇)

(မိုးမခ) မတ် ၁၄၊ ၂၀၂၀

မိုးလေဝသကြော်ငြာတဲ့သူတွေက ဒီတခါတော့မှန်တယ်၊ နိဗ္ဗာန်စျေးပွဲတော်ပြီးတဲ့ တနင်္ဂနွေနေ့ညမှာ မုန်တိုင်းတွေအကြီးအကျယ်ကြပြီး သစ်ကိုင်းတွေကျိုးတာ၊ ဓာတ်ကြိုးတွေပျက်ကျတာတွေဖြစ်တယ်။ အားလုံးကကိုယ့်အိမ်မှာပဲ၊ လူပျိုကြီး ဇံဇံကလွဲလို့ပေါ့လေ။ သူကတော့ညဘက်အလုပ်ဆင်းရတာကိုး။

မသင်းတို့လည်းတိုက်ခန်းထဲမှာ ငြိမ်ကုတ်နေကြတယ်။ မီးတောင်ခဏပြတ်သွားပေမယ့် ပြန်လာလို့တော်သေးတယ်။ နိူ့မဟုတ်ရင်လည်း ရေခဲသေတ္တာထဲကစားစရာတွေကပစ်ရမှာ၊ နှမျောစရာကြီးရယ်။ မာလာတို့ကတော့ကံကောင်းလို့ မီးတော့မပျက်ဘူး။ သူတို့အိမ်ဘေးကအိမ်နီးနားချင်းတော့ ကားဂို‌ဒေါင်ပေါ်ကို သစ်ကိုင်းအကြီးကြီး ကျိုးကျလို့ စိတ်ညစ်နေရှာတယ်။ မာလာတို့အိမ်မှာကသစ်ပင်ကြီးကြီးမားမားမရှိဘူး။

ဆရာတော်ဦးဝိမလခင်မျာမှာလည်း တစ်ပါးထဲရယ်၊ နေ့လည်တုန်းကတော့ အပျော်အပါး ကိစ္စနဲ့ဆိုတော့ လူတွေက ကျောင်းမှာ အများကြီးရယ်၊ အခုကျတော့လဲ ဘယ်သူမှ မရှိတော့ဘူး၊ တရားကျစရာပဲ၊ အဲ သရဲကြောက်မယ်ဆိုရင်လဲ ကြံဖန်ကြောက်ချင်စရာပေါ့။ ဆရာတော်ကတော့ ကျောင်းနောက်ဖက်ခြံကျယ်ကြီးထဲမှာ သစ်ပင်တွေအများကြီးရှိတော့ တချို့ သစ်ကိုင်းတွေ ကျိုးကျကုန်တယ်။ နောက်မှပဲ စိုးစိုးတို့လို လူငယ်တွေ ခေါ်ခိုင်းရတော့မှာပဲ။ ဟိုဘက်အိမ်ကဒင်နီရယ်လ် ထင်းတွေ ဘာတွေလိုချင်ရင်လဲရမှာပေါ့လေ။

ဦးစိုးနိုင်တို့ တိုက်ခန်းထဲမှာလဲ မုန်တိုင်းထန်နေတယ်။ မနေနိုင်တဲ့ ဦးစိုးနိုင်က သူ့ကောင်မစိုးစိုး နဲ့ ဘာတွေပြောနေကြတာလဲလို့ မေးတော့ ဟိုကလက်သည်းဆိုးဆေး ဆိုးနေရင်းက ဘာမှမဟုတ်ပါဘူး၊ ကျောင်းကိစ္စပြောနေတာပါတဲ့။ ဘာတွေချိန်းနေတာလဲဆိုတော့လဲ ဘာမှမချိန်းပါဘူးတဲ့။ ဦးစိုးနိုင်က သူ့ကို ဗြောင်လိမ်တာပဲလို့ ယူဆတယ်။

အန်တီအေးကတော့ ဒီညနေမှ နူးရော့ခ်မြို့ကြီးက ပြန်ရောက်တာ။ ကံကောင်းလို့မုန်တိုင်းနဲ့ ကပ်လွတ်သွားတယ်။ ခရီးပန်းပြီးပြန်လာတော့ မောမောနဲ့ အိပ်ပျော်သွားတာ မုန်တိုင်းကျမှန်းတောင် မသိလိုက်ဘူး။

စိုးစိုးကလဲ ဒီနေ့နိဗ္ဗာန်ဈေးမှာ မောတဲ့ ဒဏ်တွေနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီ။ သူ့ကို ဟိုအမကြီးက နေ့လည်က အကူအညီတောင်းတယ်။ အားရက်တစ်ရက်လောက် ဆေးခန်းလိုက်ပို့ပါဦးတဲ့။ ဦးစိုးနိုင်မသိစေချင်သေးဘူး၊ မင်းအန်ကယ်ကို ဘာမှသွားမပြောနဲ့ဦးနော်တဲ့။ အင်း တစ်မျိုးတော့တစ်မျိုးပဲ။

နောက်တစ်နေ့ကျတော့ မုန်တိုင်းဒဏ်ကြောင့် တချို့ရပ်ကွက်တွေမီးပျက်ကြတယ်။ ဆရာတော်ရဲ့ကျောင်းမှာလဲ မနက်ပိုင်း မီးပျက်တယ်၊ မသင်းကတော့ တနင်္လာနေ့အလုပ်နားရတော့ အေးဆေးပဲ၊ မနေ့ကပင်ပန်းတာတွေကို အတိုးချပြီး အနားယူတယ်။ ဆရာတော့်ကျောင်းမှာ လိုအပ်တာ သွားကူပေးဦးမှလို့ စိတ်ကူးနေတယ်။

မာလာတို့ကတော့ ထုံးစံအတိုင်း ဆောခန်းကဘယ်တေမှမပိတ်ဘူးလေ။ လမ်းပေါ်မှာ သစ်ကိုင်းတွေကျတာမျိုးတွေရှိလို့ ဖြည်းဖြည်းတော့ မောင်းရတာပေါ့။ ဆရာတော့်ကျောင်းမှာ ပုဝါ မေ့ကျန်တာ သွားယူရင်း လက်နှိပ်ဓာတ်မီး သွား လှုဦးမှလို့ စဉ်းစားထားတယ်။ ဆရာတော့် လက်နှိပ်ဓာတ်မီးအဟောင်းကြီးက ပျက်နေတာကြာပြီ။ အခုလိုမီးပျက်ရင် လက်နှိပ်ဓာတ်မီးရှိမှ။ ဆရာတော်က လက်နှိပ်ဓာတ်မီးကို ‘တုတ်မီး’ တဲ့၊ လူတွေက ဟီဟိ ဆိုရယ်ကြရင် ငါတို့အရပ်မှာ ဒီလိုပဲ ခေါ်တာပဲတဲ့။

လူပျိုကြီး ဇံဇံကလဲ ညဖက်အလုပ်ဆင်းပြီး ဆရာတော်ကျောင်းမှာ သစ်ကိုင်းကျိုးကျတဲ့ကိစ္စ သွားကြည့်ဦးမှပဲလို့ စိတ်ကူးနေတယ်။ ဆရာတော်ကတော့ စိုးစိုးတို့လိုလူငယ်တွေကို ဖုန်းဆက်ခေါ်ထားတယ်၊ သစ်ကိုင်းတွေက မြန်မြန်ရှင်းလေကောင်းလေပဲ။

အန်တီအေးကတော့ စတယ်လာက သူ့ဆီကိုဖုန်းမဆက်စဖူး ဆက်ပြီးတဲ့နောက် စိတ်လှုပ်ရှားနေပြီ။ ဒီကိစ္စကို ညနေသူ့သမီးတွေ အလုပ်ပြီးတဲ့အချိန်ကြမှ တိုင်ပင်ရမှာပဲလို့တွေးပြီး ညနေရောက်ဖို့ကိုပဲစောင့်နေတယ်။

ဦးစိုးနိုင်ကတော့တုံးစအတိုင်း မနက်ကျတော့ဆိုင်ကို သွားတာပေါ့။ ဒါပေမဲ့ဆိုင်မှာ မီးကမလာတော့ မီးစက်တွေဘာတွေလုပ်ရတာနဲ့ အလုပ်တွေရှပ်ကုန်တယ်။ ကိုဖိုးမောင်လဲအလုပ်များ ကုန်ရော၊ ၀ယ်သူကတော့သိပ်မများလှဘူး၊ အဲ့ဒီအချိန်မှာပဲ မီးသတ်ကားသံတွေ ကြားရတယ်။ ဟိုဘက်လမ်းကဆိုင်တစ်ဆိုင်မှာ ဝါယာကြိုးတွေ ပြုတ်ကျလို့ မီးကလောင်တယ်ဆိုလားပဲ။ မီးကသိပ်မများပေမဲ့ ဆိုင်ကပြန်ပြင်ရမဲ့သဘောရှိတယ်။ နွေရာသီနေ့လည် ဆိုတော့ ရာသီဥတုကလဲ အရမ်းပူနေပြီလေ။

ဦးစိုးနိုင်တို့နေတဲ့တိုက်ခန်းက အဲ့ဒီဖက်တွေနဲ့ သိပ်မဝေးလှဘူး။ ဒါနဲ့သူ့ကောင်မဆီ ဖုန်းဆက်တော့ အိမ်ဖုန်းလဲမကိုင်ဘူး ဆဲလ်ဖုန်းလဲ မကိုင်ဘူး။ ဘယ်တွေများ သွားနေလဲ မသိဘူး။ သူ့အတွက်ကားလဲမထားခဲ့ပါဘူး။ သစ်ကိုင်းတွေကျိုးကျထားတော့ လမ်းတွေကတွေကလဲ ပိတ်ထားတာတွေဘာတွေ ရှိနေမှာဆိုတော့ ဒီနေ့ကားမထားခဲ့ဘူး။ တခါတလေတော့လဲ နှစ်ယောက်စလုံးဆိုင်ထိုင်တယ်။ တခါတလေတော့လဲစတယ်လာက ကားကို ယူထားလိုက်ပြီး ရှော့ပင်တွေဘာတွေအနီးအနား လျှောက်သွားတယ်။ ညနေကျဦးစိုးနိုင်ကိုသွားခေါပြီး အိမ်ပြန်ညနေစာစား၊ ဒါမှမဟုတ်ရင်လဲ ဘာဂါဆိုင်တွေဘာတွေသွားကြပေါ့။ မွှန်နေတဲ့အချိန်တုန်းကတော့လဲ မိုးမမြင်လေမမြင်ပေါ့နော်။

အခု ဦးစိုးနိုင်က အိမ်ဖုန်းကို ခနခန ဆက်တာမကိုင်တော့ စိတ်ပူလာတယ်။ ဒီမှာမီးကမလာတာရယ်၊ ပူအိုက်တာရယ်၊ မီးလောင်တာရယ်ကလဲ စိတ်ကိုမွန်းကျပ်စေတယ်။ စိတ်မချလို့အိမ်ကိုပြန်သွားတော့ ဘယ်သူမှမရှိဘူး။ အိမ်နီးချင်း စိတ်သိပ်ကျပ်မပြည့်တဲ့လူမည်း အဖိုးကြီးကတော့ ကောင်လေးတစ်ယောက် လာခေါ်သွားတယ်တဲ့။ သူ့စကားက သိပ်ယုံရတယ်ရယ်တော့မဟုတ်ဘူး။ အဖိုးကြီးကဒီလိုပဲအပြင်ဘက်မှာ ထိုင်ခုံတစ်လုံး ချထိုင်ပြီး ပြောချင်တာတွေပြောနေတာ။ တချို့ကလဲအဖိုးကြီးက သတိမေ့တတ်တဲ့ရောဂါဖြစ်နေတာတဲ့။ ပြောကြတာပဲ။

ဦးစိုးနိုင်ငယ်ထိပ် မြွေပေါက်သလိုဖြစ်ပြီ။ အဖိုးကြီးပြောတာမှားတယ်ပဲထားဦးတော့ သူ့ကောင်မ ဘယ်ရောက်နေသလဲဆိုတာမသိဘူးလေ။ ဒီတစ်ခါပဲ လာခေါ်တာလား၊ တခြားဘယ်တစ်ခေါက်တွေ ဘာတွေ ဘယ်လောက် သူ့ကွယ်ရာမှာ ဖြစ်နေသလဲသူ မပြောနိုင်ဘူး။

ဦးစိုးနိုင်တောက်တချက်ခေါက်တယ်၊ ဆိုင်ကိုပြန်ပြီးသေနတ်ပြန်ယူတယ်။ ကိုဖိုးမောင်လဲ ကြောင်ပြီးကျန်ရစ်တယ်။ သူ့စိတ်ထဲမှာတော့ သူ့ဆရာက မီးလောင်တဲ့နေရာသွားတာကို စိတ်မချလို့ သေနတ်လာယူတာလား ထင်မိတယ်။

အန်တီအေးကလဲ သူ့တိုက်ခန်းထဲမှာသူ ခေါက်တုံခေါက်ပြန်လျှောက်နေတယ်။ သူ့အနေနဲ့ဘာတွေကို ဘယ်လိုဆုံးဖြတ်ရမလဲမသိပဲ စိတ်တွေရှုပ်ထွေးနေတယ်၊ အာမခံကုမ္ပဏီမှာ အလုပ်လုပ်တဲ့ သမီးကလဲ သူ့အလုပ်က ဖုန်းတွေဖြေရတာမျိုးရှိတော့ အလုပ်မှာ အနှောင့်အယှက် မဖြစ်စေချင်ဘူး၊ ဘဏ်မှာလုပ်တဲ့ သမီးကလဲ ပိုက်ဆံတွေ အများကြီးသာ ကိုင်တွယ်နေရတာ။ လခက ဘယ်လောက်မှ ရရှာတာမဟုတ်ဘူး။ ကတ်စတန်မာတွေနဲ့ စကားပြောရင် အမှားအယွင်းဖြစ်မှာစိုးတာနဲ့ အလုပ်ကိုဖုန်းဆက်ပြီး ဒုက္ခမပေးချင်ဘူး၊ ဒါမျိုးကိစ္စက ခေါင်းအေးအေးထားပြီး ဖြေရှင်းရမှာ သူသိတယ်လေ။

ဆရာတော့်ကျောင်းမှာကတော့ တနင်္လာနေ့ဆိုရင် အားရက်ရတဲ့ မသင်း ရောက်နေတယ်။ ညဖက်အလုပ်ဆင်းပြီး ပြန်ထွက်လာတဲ့ ဇံဇံ ရောက်နေတယ်။ သူကတော့ ခါတိုင်းလဲ ကြုံရင် ၀င်လာနေကျပါ။ လူပျိုကြီးဆိုတော့ ဘာမှလဲ သိပ်အပူအပင်မရှိ၊ အိမ်မှာလဲ စကားပြောစရာ လူမရှိဘူးလေ။

ဒီတစ်ခါတော့ သစ်ကိုင်းတချို့ကို ဆောင်းရာသီကျရင် ထင်းလုပ်ဖို့ လိုချင်တဲ့ ဒင်နီရယ်လဲ ရောက်နေတယ်။ ပုဝါ ကျန်ခဲ့တာလာယူရင်း လက်နှိပ်ဓာတ်မီးလာလှုတဲ့ မာလာလဲ ရောက်နေတယ်၊ သူကတနင်္လာနေ့ဆိုရင်နေ့လည်လောက်မှ အလုပ်ဆင်းပြီး ညမိုးချုပ်မှပြန်ရတယ်လေ။

ဆရာတော်လဲ ဆွမ်းစာပြီးပြီ။ သစ်သီးနဲ့ အချိုပွဲ ဆက်သုဉ်းပေးနေတုန်း ထူးထူးခြားခြား စိုးစိုးနဲ့ ဟိုကောင်မ စတယ်လာရောက်လာတယ်။ အားလုံးလဲ အံ့ဩနေတာပေါ့။ ဆရာတော်က ဘယ်ကလာကြတာလဲဆိုတော့ ကိစ္စလေးတစ်ခုရှိလို့ပါဘုရားတဲ့။

အဲဒီအချိန်မှာပဲ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိပဲ ဦးစိုးနိုင်ပေါ်လာတယ်။ စတယ်လာက ဟာ အတော်ပဲ အကိုကြီးဆီဖုန်းဆက်တော့မလို့။ မြို့ထဲက ဆေးခန်းကို သွားပြပြီး အပြန်မှာ စိုးစိုးနဲ့ တွေ့လို့ ပြန်လိုက်လာတာလေ။ နေမကောင်းလို့ ဆေးခန်းကို ဘတ်စ်ကားစီးပြီး သွားတာလေတဲ့။ အကိုကြီး စိတ်ပူ အလုပ်များနေမှာစိုးလို့မပြောတာတဲ့။

အဲ့ဒီမှာပဲ ဦးစိုးနိုင် အကြီးအကျယ် ဒေါသဖြစ်တယ်။ စိုးစိုးက လာခေါ်သွားတာကို ဒီကောင်မ ဘတ်စ်ကားစီးသွားတယ်ဆိုပြီး ညာပြောတာ၊ အသားတွေ တဆတ်ဆတ်တုန်လာတယ်၊ သူ့ကို လှောင်ရယ်နေတဲ့ ကိုဘာဘူ၊ စကားမပြောတဲ့အန်တီအေး၊ ဆေးဖော်ကြောဖက် မလုပ်ကြတော့တဲ့မိတ်ဆွေတွေ၊ ကွယ်ရာမှာအတင်းပြောနေကြသူတွေ၊ ရိုသေကျိုးနွံသလောက် သံသယမျက်လုံးတွေရှိတယ်လို့ သူထင်တဲ့ဆိုင်အလုပ်သမားကိုဖိုးမောင်၊ မီးလောင်မလိုဖြစ်သွားတဲ့ သူ့ဆိုင်၊ စိတ်ထဲမှာမကျေနပ်ချက်တွေ၊ ဒေါသတွေ၊ မောဟတွေ၊ အဝိဇ္ဇာတွေဖုံးလွှမ်းလို့ သွားတော့တယ်။

အဲဒီနောက်မှာ ဘာတွေဖြစ်သွားသလဲဆိုတာကို မသင်းပြန်မတွေးချင်ဘူး။ သွေးတွေ၊သွေးတွေမှအများကြီးပဲ။ အဲဒီအချိန်ကိုဖြစ်နိုင်ရင် ဘဝထဲကဆွဲထုတ်ပစ်လိုက်ချင်တယ်။

လူပျိုကြီးဇံဇံနဲ့ ဒင်နီရယ်လ်က ခြံထဲကသစ်ကိုင်းတွေကြည့်နေတာမို့ ကျောင်းပေါ်မှာမရှိဘူး။ အော်သံတွေကြားလို့ ကျောင်းပေါ်ရောက်လာတော့ ဦးစိုးနိုင်မရှိတော့ဘူး။ မြင်ရချက်ကတော့ ရက်စက်တယ်။

မာလာမှာလဲအချိန်လေးရတုန်း ကုသိုလ်ဖြစ်ပါစေဆိုပြီး အလှုလာလုပ်တာ နှစ်လောင်းပြိုင်လူသတ်မှုနဲ့လား ကြုံရတာပဲ။ မာလာလည်းဘာမှမတတ်နိုင်တော့ဘူး။ ဟိုနှစ်ယောက်ကအသက်မှမရှိတော့တာပဲ။ ဦးစိုးနိုင်လည်းကားနဲ့ထွက်သွားပြီ။ စိတ်အေးအေးနဲ့ ရဲဆီဖုန်းဆက်နိုင်တဲ့ ကိုယ့်ကိုကိုယ်ကျေးဇူးတင်နေရတယ်။ မသင်းကတော့တက်မတတ်၊ ချက်မတတ်အော်နေပြီ။ ဆရာတော်မျက်နှာဆိုတာလည်း သွေးမရှိတော့ဘူး။ မျက်လုံးတွေလည်းပြူးလို့၊ သွေးပေါင်ချိန်တွေလဲတက်နေမှာသေချာပြီ။

ဒင်နီရယ်ကတော့အကင်းပါးတယ်။ ဟိုလူကသေနတ်တစ်လက်နဲ့ ထွက်သွားတာဆိုတော့ တခြားလူတွေကိုဆက်ဒုက္ခပေးမှာစိုးရတယ်နော်တဲ့။ ဇံဇံကလဲရဲကိုဖုန်းဆက်ပြီ။ စောစောကအိပ်ငိုက်နေတာတွေဘယ်ရောက်ကုန်ပြီလဲမသိဘူး။ မာလာကလည်း သူ့အလုပ်ကိုဖုန်းဆက်ပြီး ဒီနေ့မလားနိုင်ကြောင်း၊ လူနာတွေပြန်ချိန်းဖို့၊ တခြားသူတွေနဲ့လွှဲပြဖို့၊ အရေးပေါ်ကိစ္စပေါ်လာကြောင်းပြောရတယ်။

ဦးစိုးနိုင်ပြန်လာမှာကြောက်ကြတော့ တံခါးတွေပိတ်နေကြတယ်။ ဒါပေမယ့်ရဲနဲ့လူနာတင်ကားက ချက်ချင်းငါးမိနစ်အတွင်းပဲရောက်လာပါတယ်။ လူနာတင်ကားရောက်လာပေမယ့် ဘာမှမတက်နိုင်ပါဘူး။ မူးတော့မေ့တော့မလိုဖြစ်နေတဲ့ မသင်းကိုပဲသွေးပေါင်ချိန်တွေ ဘာတွေတိုင်းပေးနေကြတယ်။

လူသတ်မှုဆိုတော့ လာလိုက်ကြတဲ့ရဲတွေ၊ စုံထောက်တွေ၊ သတင်းထောက်တွေ၊ မေးလိုက်ကြတဲ့မေးခွန်းတွေ၊ အော် လောကနိဗ္ဗာန်လည်းလောကငရဲဖြစ်သွားရှာခဲ့ပြီ။ ဒေါသဆိုတာကြောက်စရာပဲနော်။

သူတို့ကြောက်နေတဲ့ ဦးစိုးနိုင်ကအနီးအနားက ရဲဌာနတစ်ခုကိုသွားပြီး အဖမ်းခံလိုက်တယ်။ ဒါတစ်ခုတော့ချီးကျူးရမလားမသိဘူး။ ကိုမျိုးပြောဖူးသလိုပဲ။ တို့မြန်မာတွေဟာ သူများအသက်ကိုသတ်ဖို့တော့ဝင်မလေးကြဘူး။ ကိုယ့်ကိုယ်ကိုတော့အတော်ချစ်ကြတယ်။ ဘယ်တော့မှ သတ်သေကြမှာမဟုတ်ဘူးဆိုတာလေ။

မျက်မြင်သက်သေတွေခမျာမှာ ရဲတွေမေးသမျှမေးခွန်းတွေကို စိတ်ရှည်ရှည်ထားပြီး ဖြေပေးကြပါတယ်။ လူပျိုကြီး ဇံဇံမှာအိပ်ချိန်ရောက်နေတာတောင် မအိပ်ရတော့ဘူး။ တရားခံကလဲ ဝန်ခံနေပြီဆိုတော့ဘာမှတော့ သိပ်ရှုပ်ထွေးစရာမရှိဘူး။ ဘာကြောင့်လုပ်တာလဲရယ်၊ ဘယ်လိုအပြစ်ဒဏ် ကျခံရမလဲဆိုတာရယ်ပါပဲ။

မြန်မာတွေထဲမှာလည်း သတင်းတွေပြန့်ကုန်ကြတယ်။ အားလုံးလိုလိုလန့်ကုန်ကြတယ်။ ယဉ်ကျေးပါတယ်ဆိုတဲ့အသိုင်းအဝိုင်းထဲမှာ ဒါမျိုးဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒါပေမယ့်လူတွေဟာလူတွေပဲလေ။ သီလမစောင့်ရင်၊ လောဘ၊ ဒေါသ၊ မောဟ မထိန်းနိုင်ရင် ဒါမျိုးဖြစ်တာမဆန်းပါဘူး။ တကယ်တော့လူတွေ၊ သတ္တဝါတွေဆိုတာ သံသရာထဲမှာ ကျင်လည်နေကြတာပါ။ ဒီဘဝဆိုတာသံသရာမှာ ကျင်လည်နေကြရတုန်းမှာ ရထားတဲ့ဘဝတစ်ခုပါပဲ။ ဒါပေမယ့်ကိုယ်ကလူ့ဘဝရလာတယ်။ ဘုရားတရားသံဃာနဲ့ကြုံရတယ်။ ကိုယ်ကသုံးတတ်ရင်သုံးတတ်သလို ကုသိုလ်တွေမျိုးစုံရအောင်လုပ်နိုင်တယ်။ မလုပ်နိုင်ရင်တော့လည်း အလွဲကြီးလွဲတာပေါ့လေ။ ခွင့်သာခိုက်မှမလိုက်ချင်ရင် အမိုက် နင့်ပြင်ရှိသေးလေလိမ့်လား ဆိုသလိုပေါ့။

(ပြီးပါပြီ)

စာရေးသူ၏ စာပြီးစကား

(လောကနိဗ္ဗာန်အတွက် စာရေးသူ အမှာ)

စာမရေးဖြစ်တာကြာသွားပြီးနောက် စာရေးချင်စိတ်ပေါက်လာတာရယ်၊ ရင်ထဲမှာပြောချင်တာတွေ ရှိနေတာကြောင့်ရယ် 2014 လောက်မှာ လောကနိဗ္ဗာန်ကိုရေးဖြစ်ပါသည်။ ရေးပီးနောက်မှာ စိတ်တိုင်းမကျတာရယ်၊ အလုပ်တွေများလွန်းတာရယ်ကြောင့် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး ဝေဇယန္တာဘုန်းကြီးကျောင်းမှာ သောင်တင်နေခဲ့သည်။ အခုနှစ်တွေကြာမှ ပြန်တောင်းပြီးအသက်သွင်းဖြစ်တာပါ၊ ဘာမှထပ်မပြောင်းပါ။ (အလုပ်ပိုလုပ်ရန် ကျွန်မစိတ်မဝင်စားပါ။)

ဒီစာစုကိုရေးဖြစ်တာကတော့ ကျွန်မတစ်သက်မှာ ငါဝတ္ထုရှည်လည်းရေးတတ်ပါတယ်လို့ ချပြချင်လို့ပါ။ နောက်တစ်ခုကတော့ ပြည်ပရောက်မြန်မာတွေရဲ့ဘဝ၊ လှုပ်ရှားပုံ၊ခံစားပုံ၊ အားမလိုအားမရဖြစ်မိတာတွေ၊ ကျင်လည်ရုန်းကန်ရပုံတွေကို နည်းနည်းပါးပါးပဲဖြစ်ဖြစ် ပြောပြချင်လို့ပါ။

စိတ်တိုင်းမကျတာကတော့ ဇာတ်ကောင်တွေရဲ့စရိုက်တွေက ထကြွနေသလောက် ဇာတ်လမ်းဇာတ်အိမ်ဘက်မှာ အားနည်းနေသလား၊ ဟောလီဝုဒ်ဆန်နေသလားလို့ ကိုယ့်ကိုကိုယ်ဝေဖန်မိလို့ပါ။ စာမူကိုမေ့သွားတာကတော့ နေထွက်က နေဝင်ပြဿနာပေါင်းစုံကို ဖြေရှင်းဖို့ရုန်းကန်လှုပ်ရှားနေရတော့၊ မနက်ကဘာလုပ်သလဲဆိုတာတောင် မမှတ်မိတဲ့ဘဝမှာ စာမူကိုမေ့သွားခဲ့တာမဆန်းပါ။

လောကနိဗ္ဗာန်မှာ TRAGIC COMEDY လို့ပြောချင်ပါသည်။ ရယ်ရသော်လည်း တစ်ယောက်ယောက်ကတော့ မလွဲမသွေပေးရမည်။ လောကအကြောင်း၊ လူတွေအကြောင်း၊ စိတ်တွေအကြောင်း၊ အားမလိုအားမရဖြစ်ရတဲ့အကြောင်းတွေ အများကြီးထည့်ရေးထားပါသည်။ ကိုယ်ရောက်နေတဲ့နိုင်ငံမှာ ဘာသာစကားကို နားလည်အောင်မကြိုးစား၊ ONLINE CLASS ယူဖို့ဝေလာဝေး၊ မြန်မာ IDOL အတွက် ထိုင်ငိုနေကြသောသူတွေကို ကျွန်မအလွန်ပင်စိတ်ပျက်မိပါသည်။

ဝတ္ထုထဲမှာမြန်မာတို့ရဲ့ ဓလေ့ထုံးစံတွေထင်ရှားစေဖို့ ဘုန်းကြီးကျောင်းပွဲတော်တွေကို အခြေခံထားပါသည်။ ရာသီအလိုက်ပြောင်းလဲသွားတဲ့ ရိုးရာပွဲတော်တွေနဲ့ ဇာတ်ကောင်တွေကိုအသက်သွင်းထားသည်။ နမိတ်ပုံရိပ်တစ်ချို့ကို သတိထားကြည့်တတ်သူ တစ်ချို့တွေပါလိမ့်မည်။

ငါးနှစ်လောက်ကြာပြီးပြန်ဖတ်ကြည့်တော့ ဒီလောက်များတဲ့စာတွေကို ဘယ်လိုအချိန်ယူပြီး ရေးလိုက်သလဲမပြောနိုင်ပါ။ အခုအချိန်မှာဒီလောက် ရှည်လျားထွေပြားတဲ့ဝတ္ထုရှည်တစ်ခုကို ရေးဖို့အလွန်ခဲယဉ်းသွားပြီ ဟုထင်ပါသည်။

ဒီအချိန်မှာ ဒေါ်စု၊ အမေစု၊ အန်တီစုဆိုပြီး အွန်လိုင်း ပေါ်မှာတစ်ကြော်ကြော်လုပ်နေသူတွေဟာ တကယ်လက်တွေ့ဘဝမှာ ဒေါ်စုရဲ့ ဆယ်ပုံတစ်ပုံတောင်အလုပ်လုပ်ရဲ့လားလို့ မေးကြည့်ချင်ပါသည်။ လူတွေနားလည်စေချင်တာက သူ့တို့တာဝန်မှာ အချိန်မဖြုန်းဖို့၊ ကွမ်းမစားဖို့၊ ဆေးလိပ်၊ အရက်မသောက်ဖို့၊ မဆဲဖို့၊ အလုပ်ကြိုးစားဖို့၊ ရောက်နေသောနိုင်ငံရဲ့ဘာသာစကားကိုလေ့လာဖို့၊ အစိုးရဆီကအကူအညီမယူဘဲ အစိုးရကိုပြန်အခွန်ဆောင်ဖို့၊ ကိုယ့်မိသားစုအတွက် ကိုယ့်အားကိုယ်ကိုးနိုင်ဖို့၊ စတဲ့စတဲ့အရာတွေဖြစ်ကြောင်း သိစေချင်ပါသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး လောကအလယ်မျက်နှာမငယ်စေချင်တာ စာရေးသူရဲ့ စေတနာဖြစ်ပါသည်။

လောကနိဗ္ဗာန်ကိုဖတ်ပြီးတွေးစရာ ၊ စဉ်းစားစရာ၊ သင်ခန်းစာယူစရာ၊ ပြုံးစရာ၊ တစ်ခုခုရမည်ဆိုရင် ရေးရကျိုးနပ်ပါသည်။

မင်နီရှဲလ်
ခရစ်စမတ် 2019