Breaking News

သူရထိုက် - အလုပ်နှင့်ပတ်သက်၍ ဂုဏ်ယူခြင်း


အလုပ်နှင့်ပတ်သက်၍ ဂုဏ်ယူခြင်း
သူရထိုက် 
(မိုးမခ) မတ် ၁၆၊ ၂၀၂၀

ရသစာပေလို့ခေါ်တဲ့ ဝတွုတို၊ဝတွုရှည်တွေကိုမဖတ်ဖြစ်တာ အတော်ကြာပြီ၊တလောကတော့ ဘာသာပြန်ဝတွုတိုတစ်ပုဒ်ကိုဖတ်မိတယ်။ မူရင်းစာရေးဆရာက Roxld Dahlပါ။ဝတွုနာမည်က The Hitch-hiker တဲ့၊အဲဒီဝတွုကို ဆရာမြင့်စိုးလှိုင်က " ကြွက်မျက်နှာ နဲ့ လူ ရဲ့မှော်လက်" ဆိုပြီးဘာသာပြန်ထားပါတယ်။
တိုက်ရိုက်ဘာသာပြန်ရင်တော့ အခမဲ့ကားကြုံလိုက်စီးသူပေါ့၊ အကြောင်းအရာကလည်းအခမဲ့ကားကြုံ လိုက်စီးသူတစ်ယောက်ရဲ့အကြောင်းကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။
    ဝတွုရဲ့ အကြောင်းကို အနည်းငယ်ရှင်းပြပါရစေ။ တစ်ခါက စာရေးဆရာတစ်ဦးဟာ သူ့ရဲ့ကားသစ်တစ်စီးကိုမောင်းလာရင်း လမ်းမှာကားကြုံလိုက်စီးတဲ့သူတစ်ဦးနဲ့ဆုံမိတယ်။ အဲဒီလူရဲ့မျက် နှာဟာကြွက်မျက်နှာပုံသဏွာန်ရှိပြီးလန်ဒန်ကမြင်းပွဲတစ်ခုကိုသွားမယ်လို့ဆိုတယ်။ အဲဒါနဲ့ကားမောင်းလာဲ့စာရေးဆရာလည်း အဲဒီလူကိုကားကြုံတင်လာခဲ့တယ်။ အဲဒီလူကို မြင်းပွဲမှာဘာသွားလုပ်မှာလဲလို့မေးတော့လည်းရေရေရာရာသေသေချာချာမဖြေဘူး။ ဘာအလုပ်လုပ်တာလဲ ဆိုတော့လည်း ဘာမျှပြန်မပြောဘူး။
အဲဒီလူက သူ့ကိုပြန်မေးတယ်။သူမောင်းနေတဲ့ကားဟာအရှိန်အမြင့်ဆုံးဘယ်လောက်ပြေးသလဲတဲ့။ ကားမောင်းလာတဲ့စာရေးဆရာက တစ်နာရီကို မိုင်တစ်ရာနဲ့နှစ်ဆယ့်ကိုးမိုင်သွားတယ်လို့ဖြေတယ်။ ကားကြုံလိုက်စီးလာတဲ့ကြွက်မျက်နှာနဲ့လူကမယုံဘူးဆိုလို့လီဗာကိုဖိနင်းပြီးမောင်းပြလိုက်တယ်။ လမ်းပေါ်မှာသွားနေတဲ့ကားတွေကိုရိပ်ခနဲ ရိပ်ခနဲ ဖြတ်ကျော်လာခဲ့တယ်။ အဲဒီလိုကားကိုမြန်သည်ထက်မြန်အောင် မောင်းနေတုန်း ရဲသတိပေးဥသြဆွဲသံကိုကြားလိုက်ရတယ်။
       မော်တော်ဆိုင်ကယ် စီးလာတဲ့ ရဲတစ်ယောက် သူတို့ရဲ့ကားကိုကျော်တက်လိုက်ပြီးလက်တစ်ဖက်မြှောက်ကာကားကိုရပ်လိုက်ဖို့အချက်ပြတယ်။ ကန့်သတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်တယ်ဆိုကာယာဉ်မောင်းလိုင်စင်နံပါတ်၊ကားနံပါတ်တွေကိုမှတ်သွားတယ်။
တရးရုံးကနေ ဆင့်ခေါ်မယ်လို့လည်းဆိုပါတယ်။ ကားကြုံလိုက်စီးတဲ့ ကြွက်မျက်နှာနဲ့လူကိုလည်းမသင်္ကာလို့ သူ့ရဲ့မှတ်စုစာအုပ်နောက်တစ်အုပ်မှာ အမည်နဲ့နေရပ်လိပ်စာတွေကိုမှတ်တယ်။ သက်သေခံအထောက် အထား ကတ်ပြားကိုလည်းယူကြည့်တယ်။ အဲဒီနောက် မော်တော်ဆိုင်ကယ်စီးလာတဲ့ရဲဟာနောက်ကြောင်းပြန်လှည့်သွားခဲ့ပါတယ်။
     ကြွက်မျက်နှာနဲ့ ကားကြုံလိုက်စီးခဲ့သူကပထမတော့စာရေးဆရာကို အဆင့်မြင့် ကျွမ်းကျင်တဲ့အလုပ်လုပ်တယ်လို့ပြောခဲ့တယ်။ ဒါပေမယ့်ရဲ့တွေတဲ့အခါ ရဲကို အလုပ်လက်မဲ့ဖြစ်နေသူပါလို့ဆိုပြန်တယ်။ အဲဒီလို ဘာဖြစ်လို့လိမ်ပြောလိုက်ရတာလဲလို့ စာရေးဆရာက ပြောတဲ့အခါသူက" ပြောချင်တာပြောတာပဲဗျာ၊ပိုက်ဆံပေးရမှတ်လို့ " လို့ဆိုပါတယ်။အဲဒီနောက်စီးကရက်လိပ်သောက်တဲ့စက္ကူထုပ်ထဲက စက္ကူတစ်ရွက်ကိုဆွဲ ထုတ်ပြီးဆေးရွက်ကြီးဆေးဘူးထဲကဆေးကိုထုတ်ကာစီးကရက်လိပ်သောက်တယ်။ အဲဒီလိုပြုလုပ်တာဟာဘယ်လောက်လျှင်မြန်သလဲဆိုရင်ငါးစက္ကန့်အတွင်းမှာပဲစီးကရက်လိပ်ပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်။ စီးကရက် ကိုမြန်မြန်လိပ်နိုင်တာနဲ့ပတ်သက်ပြီးစာရေးဆရာက သူ့ကိုချီးကျူးစကားပြောတဲ့အခါ လူဆယ်သန်းမှာ သူ့လိုမျိုး တစ်ယောက်မလုပ်နိုင်ဘူးလို့ဆိုပြန်တယ်။ စာရေးဆရာက သူ့ကို မျက်လှည့် ဆရာအလုပ်လုပ်တာလားလို့မေးတော့ သူ့ရဲ့ပုံပန်းသဏွာန်က မျက်လှည့်ဆရာပုံစံပေါက်နေလို့လားလို့ဆိုပြန်တယ်။ဖဲရိုက်စားတဲ့လူလား ဆိုတော့လည်း" အဲဒါက ကလိမ်ကကျစ်လူစားမျိုးမှလုပ်တဲ့ မသတီစရာငွေရှာနည်း" တဲ့။
       စာရေးဆရာက ကြွက်မျက်နှာနဲ့လူ ဘာအလုပ်လုပ်စားတာလဲလို့စဉ်းစားနေတုန်း အဲဒီလူက သူ့ကို သားရေခါးပတ်အနက်တစ်ချောင်းမြှောက်ပြပြီး " ဒီဥစ္စာကို အရင်ကတွေ့ဖူးလား" လို့မေးတယ်။ အဲဒီခါးပတ်ဟာစာရေးဆရာရဲ့ ခါးပတ်ဖြစ်နေတယ်။
ဘယ်အချိန်ဖြုတ်လိုက်သလဲဆိုတာကိုစာရေးဆရာအနေနဲ့သတိတောင်မထားလိုက်မိဘူး။ အဲဒီလိုနဲ့စာရေး ဆရာရဲ့ဖိနပ်ကြိုး၊ လက်ပတ်နာရီတို့ဟာ အဲဒီလူလက်ထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ အဲဒီပစ္စည်းတွေအပြင်ကားလိုင်စင်၊သော့ချိတ်၊ငွေစက္ကူအရွက်ကြီးတချို့၊အကြွေစေ့အနည်းအကျဉ်း၊ ထုတ်ဝေသူဆီကစာ၊ဒိုင်ယာရီစာအုပ်၊ ခဲတံတို အဟောင်းတစ်ချောင်း၊ မီးခြစ်နဲ့ လက်စွပ်တွေလည်းအဲဒီလူလက်ထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ကြွက်မျက်နှာနဲ့ကားကြုံလိုက်စီးတဲ့သူကအဲဒီပစ္စည်းတွေကို သူယူထားတာဟာရယူလိုတဲ့ စိတ်ဆန္ဒနဲ့ပြုလုပ်တာမဟုတ်ကြောင်း၊ သူ့လက်ချောင်းလေးတွေရဲ့ကျွမ်းကျင်မှုကိုပြသခြင်းဖြစ်ကြောင်း ဆိုပါတယ်။
     " ခင်ဗျားအလုပ်က ခါးပိုက်နှိုက် ပေါ့ "လို့စာရေးဆရာကတုံးတိတိပြောတဲ့အခါ သူက အခုလိုပြန်ပြောတယ်။
     " ဒီစကား အသုံးအနှုန်းကို ကျွန်တော်မကြိုက်ဘူး။ ဒီအသုံးနှုန်းကစကားလုံးကြမ်းတယ်။ အောက်တန်းလည်းကျတယ်။ ခါးပိုက်နှိုက်ဆိုတဲ့လူတွေက လွယ်လွယ်ကူကူနဲ့ အပျော်တမ်းလုပ်လို့ရတဲ့ပမွှားအလုပ်မျိုးတွေလျှောက်လုပ်တဲ့ အကြမ်းစား၊အောက်တန်းစားလူတွေပဲ၊ဒီမောင်တွေက မျက်စိမမြင်တဲ့အမယ်အိုကြီးတွေဆီကပိုက်ဆံကိုနှိုက်ယူတာဗျ။ "
    " ဒါဖြင့် ခင်ဗျားကိုယ်ခင်ဗျားကျတော့ ဘယ်လိုခေါ်မလဲဗျာ"လို့ဆိုတဲ့အခါ  " ကျွန်တော်က လက်ပန်းတိမ် ဆရာလေ။ကြေးစားလက်ပန်း တိမ်ဆရာဆိုတာကျွန်တော်ပေါ့ " လို့တည်တည်ကြည်ကြည်နဲ့ဂုဏ်ယူဝင့်ကြွားစွာဆိုပါတယ်။ ဒီ့အပြင်အခုလိုလည်းပြောလိုက်သေးရဲ့။
    " အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုမှာထိပ်ဆုံးကိုရောက်တဲ့လူတွေ ကို ပေးထားတဲ့ နာမည်ပါ။ဥပမာ ရွှေပန်းတိမ်၊ငွေပန်းတိမ် တို့ဆိုတာဆရာကြားဖူးပြီးသားပဲ၊ သူတို့ကရွှေထည်၊ ငွေထည်ဘက်မှာကျွမ်းကျင်တဲ့လူတွေလေ၊ ကျွန်တော်ကတော့ကျွန်တော့်လက်ချောင်းကလေးတွေနဲ့ ပတ်သက်လို့ကျွမ်းကျင်တဲ့လူ၊ဒီတော့ကျွန်တော် က ကျွမ်းကျင်တဲ့လက်ပန်းတိမ်ဆရာပေါ့ ဆရာရဲ့ "
       သူ့ကိုတလွဲ မမြင်ဖို့နဲ့၊ မရှိဆင်းရဲသားတွေဆီက မယူတဲ့အကြောင်း၊ အကုန်ခံ နိုင်၊ တတ်နိုင်တဲ့ လူတွေနောက်ကိုပဲလိုက်တဲ့အကြောင်းပြောပါတယ်။ အလုပ် နဲ့ပတ်သက်ရင် အလုပ်ထဲမှာဘာကျွမ်းကျင်မှု အစွမ်း အစ တစ်ခုမှမပါဘဲ၊ အသုံးမကျတဲ့ပုံစံကိုက် လုပ်ငန်းဟောင်းထဲမှာ တစ်သက်လုံးအချိန်ကုန်ခံနေတဲ့သူတွေကိုလည်း အရာမသွင်းဘူးလို့ ဆိုပြန်တယ်။ တစ်လောကလုံးမှာ လူတိုင်းဟာ ကိုယ့်အလုပ် ကို ကိုယ်ဂုဏ်ယူကြသလိုသူကလည်း သူ့အလုပ်ကိုဂုဏ်ယူတယ်လို့ဆိုတယ်။
     နောက်ဆုံးတော့ သူတို့နဲ့ပတ်သက်တာတွေကိုမှတ်သားသွားတဲ့ ရဲ ရဲ့မှတ်တမ်းစာအုပ်နှစ်အုပ်ကိုမီးရှို့ပြီးဝတွုကိုအဆုံးသတ်ထားတာကိုဖတ်လိုက်ရတယ်။ အဲဒီမှတ်တမ်းစာအုပ်တွေကလည်းသူတို့ကားကိုဖမ်းပြီးစစ်ဆေးတဲ့ယာဉ်ထိမ်းရဲဆီကနှိုက်ယူထားတာပါ။ 

အဲဒီဝတွုတိုလေးကိုဖတ်ပြီးဝတွုထဲမှာပါတဲ့ကြွက်မျက်နှာနဲ့လူရဲ့အလုပ် ကို အားမပေးချင်ပေမယ့်လည်းအဲဒီလူရဲ့အလုပ်ပေါ် သဘောထားကိုတော့လေးစားမိပါတယ်။ ကျွန်တော်တို့မြန်မာရာဇဝင်ထဲက သူခိုးကြီး ငတက်ပြား အကြောင်းကိုလည်းတွေးတောမိတယ်။ 
      တစ်နေ့ကလူမှုကွန်ရက်စာမျက်နှာပေါ်မှာစိတ်ဝင်စားဖွယ်ရာဗီဒီယိုဖိုင် တစ်ခုကိုတွေ့လိုက်မိတယ်။ လူအတော်များများလည်းတွေ့ကြလိမ့်မယ်လို့ထင်ပါတယ်။ ထိုင်းနိုင်ငံမှာကြက်ဥကောက်တဲ့အလုပ်ကိုလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ အခါတိုင်းရင်းသူလေးတစ်ယောက်ရဲ့အကြောင်းပါ။ ပန်ပန် လို့အမည်ရတဲ့ အဲဒီကလေးမလေးကိုသူ့ရဲ့မိဘတွေ ကဆင်းရဲလွန်းလို့ထိုင်းနိုင်ငံမှာရှိတဲ့သူ့ရဲ့ဦးလေးဖြစ်သူဆီမှာထားထားရတယ်။အသက် ခုနစ်နှစ်၊ရှစ်နှစ်အရွယ်ကတည်းက ဦးလေးအိမ်မှနေလာခဲ့ရပြီးသူ့ရဲ့မွေးနေ့ကိုလည်းမသိဘူးတဲ့။မတွေ့ရတာ ၁၀ နှစ်လောက်ကြာပြီဖြစ်တဲ့သူ့အမေ နဲ့ အဖေကိုတွေ့ချင်မြင်ချင်သတဲ့။ သူက Power King ဆိုတဲ့ပြိုင်ပွဲ တစ်ခုကိုဝင်ပြိုင်တယ်။ သူအလုပ်လုပ်တဲ့ ကြက်ဥကောက်တဲ့ အရည်အချင်းကို အသုံးပြုပြီးဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။အဲဒီအလုပ်ကိုသူဝင်လုပ်တာကလည်းတစ်နှစ်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် အလုပ်နဲ့ပတ်သက်ပြီးအတော်ကလေးကိုစိတ်ပါဝင်စားမှုရှိပုံရပါတယ်။ ကြက်ဥတွေရဲ့အရွယ်အစားနဲ့အလေးချိန်ကို အမှားမရှိ၊မှန်ကန်တိကျစွာရွေးချယ်နိုင်တာကိုတွေ့ရပါတယ်။ သူ့ ရဲ့အရည်အချင်း နဲ့ပတ်သက်ပြီးကြည့်ရှုသူအားလုံး ရင်သပ်ရှုမောစွာ နဲ့ ချီးကျူးခဲ့ကြရတယ်။ သူ့ရဲ့အရည်အချင်းကြောင့်ဆုငွေတွေရရှိပြီး သူ့ရဲ့လိုအင်ဆန္ဒတွေပြည့်ဝခဲ့ပါတယ်။ကိုယ်လုပ်ကိုင်တဲ့အလုပ်ကို သေချာစေ့စပ်စွာ စိတ်ဝင်တစားနဲ့လုပ်ကိုင်ခဲ့တဲ့အတွက် အကျိုးကျေးဇူးကိုခံစားရတာပဲဖြစ်တယ်။
     အလုပ်နဲ့ပတ်သက်ရင် လုပ်ချင်ကိုင်ချင်စိတ်မွေးမြူရတာဟာအဲဒီအလုပ်ကိုစတင်လုပ်ကိုင်ရတာထက်ပိုပြီးတော့အရေးကြီးပါတယ်။ အဲဒါဟာ တာဝန်ယူလိုစိတ်လည်းဖြစ်တယ်။ ကိုယ့်ရဲ့အတိတ်၊ပစ္စုပ္ပန် နဲ့ အနာ ဂတ်မှာရှိတဲ့၊ ရှိနေမယ့် အမူအကျင့်သဘာဝတွေနဲ့ကိုက်ညီပြီး လုပ်ငန်းရဲ့နိယာမ သဘောတရား၊ တန်ဖိုးတို့အပေါ်မှာ အခြေခံပြီးမွေးမြူရတဲ့စိတ်ဖြစ်တယ်လို့ဆိုတယ်။
သူတို့တတွေဟာ ဆင်ခြေပေးတတ်သူတွေ၊သူတစ်ပါးအပေါ်အပြစ်ပုံချတတ်သူတွေမဟုတ်ဘူး။သူတို့တတွေဟာ...
( ၁ ) ကိုယ်တိုင်နားလည်ခံစားတတ်တယ်
( ၂ ) အကောင်း၊အဆိုးကို ခွဲခြားသိမြင်တယ်
(၃ ) တွေးခေါ်ဆင်ခြင်တတ်သူတွေဖြစ်တယ်။
( ၄ ) လွတ်လပ်တဲ့စိတ်ထားရှိသူတွေဖြစ်တယ်။
          သူတို့တတွေဟာ အလုပ်လုပ်ချင်စိတ်ကိုမွေးမြူလေ့ကျင့်ခဲ့သူတွေဖြစ်တယ်။သူတို့တတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးတက်လာတယ်။ ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်တယ်ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်လုပ်တယ်။နောက်ဆုံးမှာကျေနပ်နှစ်သိမ့်မှုတွေကိုရရှိပြီး ဂုဏ်ယူဝင့်ကြွားမှုတွေကိုပိုင်ဆိုင်နိုင်ပါတော့တယ်။                     ။

                   သူရထိုက်