Breaking News

မောင်လူရေး - အလောင်းဘဲ ပြင်ကြစို့


မောင်လူရေး - အလောင်းဘဲ ပြင်ကြစို့

(မိုးမခ) မတ် ၁၁၊ ၂၀၂၀

အမှန်က ခြေဥက ပြင်မရအောင်လုပ်ထားတာဆိုတော့ ပြင်စရာမလိုဘူး။ နေ့စဉ်ဘဝမှာ ကိုးရိုးကားယားဖြစ်နေတာတွေ ပြင်မယ်ဆိုရင်ကို အစိုးရတပတ် ပြင်မဆုံးဘူး။ ဥပမာ ဒေါက်တာအောင်မိုးညိုကိုယ်တိုင်ထွက်ဖမ်းတဲ့ကြက်ပွဲဥပဒေမျိုးကစလို့ပေါ့။ ဘယ့်နှယ့် ဂေါက်ပွဲလဲ လောင်းကစားနဲ့ ရိုက်ကြ၊ အစိုးရကိုယ်တိုင်လဲ ထီဒိုင်ခံနေမင့်ဟာ။ ဟို ၆၆ဃတို့လိုဟာတွေ ပြင်ပါ့လား ပြည့်လို့။ ဒီမိုကရေစီနဲ့ မတော်တဲ့ဟာတွေ တပုံကြီး။

ခြေဥပြင်မနေနဲ့ဆိုတာက မကြာခင် အုပ်ချုပ်ရမယ့်အရပ်သားက ကုန်တော့မှာလေ၊ အစိုးရတောင် အုပ်ချုပ်မင်းလုပ်စရာ အရပ်သားကုန်တော့မယ်ဆိုမှတော့ တပ်တွေ သူပုန်တွေအတွက် စစ်သားအသစ်ရဖို့က ဘယ်ဘက်မှ မလွယ်တော့ဘူး။ အတင်းနသားပယား စုဆောင်းနေကြရတဲ့ဘဝ။ ပြန်ပေးဆွဲလိုက်၊ ငွေပေးဝယ်လိုက်၊ တပ်သားသစ်မရလို့ အရာရှိတွေခြိမ်းခြောက်လိုက် လုပ်နေကြရတာကို ကြာမင့်ကော။ ဘုန်းကြီးတွေကပါ ကိုရင်လိုချင်လို့ ဖြတ်ခုပ်သွားတော့ ပိုခက်လာတာပေါ့လေ။ ကိုရင်တောင် အသစ်ရဖို့က ပြည်တွင်းစစ်လေးရှိနေလို့၊ နို့ညှာလေးတွေ အရွယ်ကထဲက စုဆောင်းလို့ နို့မို့ မလွယ်တော့ဘူး။ အကုန်လုံး ဟန် ကိုယ့်ဖို့သာ လုပ်နေကြတာ။ ထိုင်း မလေး စင်္ကာပူ ကိုရီးယား ဂျပန် ဥရောပ အမေရိက ထွက်လိုက်ကြတာမှ အမယ်လေး တရက် တရက် နည်းတဲ့ထွက်နှုံးလား၊ ဘယ်ရွာမှ အရွယ်ကောင်း ရှိတော့တာမဟုတ်ဖူး။ တောင်သူလုပ်မယ့်သူမရှိလို့ မြေတောင် တရုတ်တွေ ဖရဲစိုက်ဖို့ ငှားနေကြရတဲ့ဘဝ။ ပါ့စပို့ရုံး တိုင်းနဲ့ပြည်နယ်အနှံ့ဖွင့်ပေးထားတာတောင် ဝန်ထမ်းတွေ လက်မလည်ဘူးလေ၊ ကြက်ခြေဘဲခပ်တတ်လို့ ပါ့စပို့ရုံးရောက်မှ လက်မှတ်ထိုးသင်ပေးနေရသေးတာ၊ ပညာတတ်လို့ ပြည်ပ ထွက်နေတာများ မမှတ်နဲ့။ တိုင်းပြည်မှာ ကျန်မှာက တပ်မတော်နဲ့ လက်နက်ကိုင်ပေါင်းစုံရယ်၊ ဘာသာပေါင်းစုံက ဘုန်းကြီးတွေရယ်၊ INGOရယ်၊ CSOအဖွဲ့တွေရယ်၊ ကလေးရယ် လူအိုရယ်ဘဲကျန်မှာလေ။

ဒီမှာ ဆက်နေရင် အစိုးရဆီလုပ်လုပ်၊ ပုဂ္ဂလိကဆီလုပ်လုပ် လူတန်းစေ့မယ့်လခမှ မရတာ၊ အစိုးရကိုယ်တိုင်လဲ သူထုတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခရဖို့ဥပဒေ သေးစိညောင့်တောင့်လေးကို အာမမခံနိုင်တာလေ။ ဒါတောင် တရက် ၁၂နာရီလောက် လုပ်ရတာမျိုးနော်။ အလကား ဝေလငါးခေါင်း အဲ ခြေဥတက်ကိုင်နေတယ်။ ဒီတိုင်းပြည်မှာက ဘိန်းလုပ်ချင်လုပ်၊ လက်နက်ကိုင်ချင်ကိုင်၊ NGOတွေထဲ ဝင်ချင်ဝင်၊ တရားဟောချင်ဟော ငွေပေါပေါသုံးနိုင်တာ ဒါဘဲ ရှိတာကိုး။

ဘာဥမှ ပြင်မနေနဲ့၊ တော်နေ မ-နေကျ မ-စရာမရှိမှ ယောင်နနဖြစ်နေဦးမယ်။ တပ်ရော အရပ်ရော မဲမခွဲဘဲ တညီတညွတ်ထဲပြင်ကြရမှာတော့ ရှိတယ်၊ အလောင်း၊ ဗိုင်းရပ်ရောက်လာရင် ပြောပါတယ်၊ ဝူဟန်ကလဲ လက်တကမ်းလိုတော့တယ်မဟုတ်လား။
မောင်လူရေး