Breaking News

ကျော်ဟုန်း - ကိုဗစ် ဘေးထွက်ဆိုးကျိုးများ


ကျော်ဟုန်း - ကိုဗစ် ဘေးထွက်ဆိုးကျိုးများ

(မိုးမခ) မတ် ၁၉၊ ၂၀၂၀

တရုတ် ဝူဟန်က စ
တကမ္ဘာလုံး အုန်းအုန်းကျွက်။

သေဘေးဆိုတော့
ဖြေတွေးမယ့်သူ ခပ်ရှားရှား။

လမ်းလယ် ခေါင်ခေါင်
ညနှယ် ကြောင်တောင်
တစ္ဆေခြောက်ခံ မြို့ကြီးများ
ခေါင်းလောင်းသံတိတ် စာသင်ကျောင်းများ
ပွဲလမ်းသဘင် အစုအဝေးများ
လုပ်ငန်းတခွင် ရုံး၊ စက်ရုံများ
သို့လော သို့လော စိုးထိတ်မှု ကိုယ်စီ
နှာခေါင်းစီးကို
ကမ္ဘာလုံးကြီး တပ်ထားရချိန်။

ရှယ်ယာစတော့တွေ မျော့ကုန်ပြီ
ဘဏ်အမြတ်တွေ လျှော့ကုန်ပြီ
အိမ်မြေစျေးတွေ ပျော့ကုန်ပြီ
မသေခင် စားဖို့နဲ့
မနေချင် ဆေးရုံအတွက်
လူတွေရဲ့ ဦးခေါင်းထဲက တောမီးကြီး
လူတွေရဲ့ အစာအိမ်ထဲက မီးခဲကြီး
အလျှံညီးညီး တောက်လောင်ချိန်။

အစာတွေဝယ်လည်း လုယက်
အသုံးအဆောင်တွေဝယ်လည်း လုယက်
ဆေးခြောက်ဆိုင်မှာ
မြီးတံရှည်လူအုပ်ကြီး စီလို့
သေနတ်ဆိုင်ဟာ ရောင်းစံချိန်တင်လို့
ဘလက်ခ်ဖရိုက်ဒေးဟာ
ဒီနှစ် အစောကြီးရောက်လာတယ်။

ဒီတရုတ်တွေကြောင့်တဲ့
အနောက်လူတချို့က
အမြင်မကြည်နိုင်
လူမှား ရန်ပြုခံရသူတွေ ရှိရဲ့။

ဒီလူကြီးတွေအတွက်
​ဆေးကုသခွင့် မပေးနိုင်ဘူးတဲ့
စိတ်မကောင်းပါဘူးတခွန်းနဲ့
သေဖို့ရင်ဆိုင်ရမယ့် လူအိုတွေ ရှိရဲ့။

လူ့အခွင့်အရေး
အသားရောင်မခွဲခြားရေးဟာ
တချို့နေရာတွေမှာ
​သုတ်သင်ခံနေရပေါ့
ကိုဗစ်ရာသီမှာ။

ကျော်ဟုန်း
၂၀၂၀၀၃၁၈