Breaking News

ကိုဗစ်၁၉ ကို အမေရိကန်က ချောင်ပိတ်ရန် ကြိုးစားနေပြီ


ကိုဗစ်၁၉ ကို အမေရိကန်က ချောင်ပိတ်ရန် ကြိုးစားနေပြီ

မောင်လူပေ၊ (မိုးမခ) မတ် ၁၈၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း(၁၆၄)နိုင်ငံရှိ လူနှစ်သိန်းနီးပါးကို ကူးစက်ခဲ့ပြီ။

အီတလီနိုင်ငံမှာ လူသုံးသောင်းကျော်ကူးစက်ခဲ့ပြီး နှစ်ထောင့်ငါးရာကျော်သေဆုံးခဲ့ပြီ။

အီရန်နိုင်ငံမှာလည်း လူတစ်သောင်းခွဲကျော်ကူးစက်ခဲ့ပြီး တစ်ထောင်နီးပါး သေဆုံးခဲ့ပြီ။

အမေရိကန်ပြည်ထောင်စုတွင်လည်း လူခြောက်ထောင်ကျော် ကူးစက်ခဲ့ပြီး လူတစ်ရာကျော်သေဆုံးခဲ့ပြီ။

​စင်္ကာပူ၊ ဟောင်ကောင်စသည့် ကျွန်းနိုင်ငံများလည်း တကျော့ပြန်ရောဂါကူးစက်မှုဒါဏ်ကြောင့် အဝင်အထွက်တွေတင်းကျပ်နေကြသည်။ မလေးရှားလည်း နယ်စပ်တွေ ပိတ်ကာ ကာကွယ်နေရသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ပြည်နယ်ပေါင်း(၃၇)ပြည်နယ်တွင် အစိုးရကျောင်းများ ပိတ်ထားပြီး လိုအပ်သည့်နေရာအလိုက် အိမ်မှာသာနေကြရန် ညွှန်ကြားထားသည်။ ဆန်ဖရန်စစ္စကို ဗေးဧရိယာအတွင်း ခရိုင်ခြောက်ခုတွင် အိမ်မှာသာနေရန် ညွှန်ကြားထားသည်။ နယူးယော့ခ်မြို့တော်ကြီးလည်း အိမ်မှာသာနေရန် ညွှန်ကြားတော့မည်ဟု ဆိုသည်။ အယ်လ်အေမြို့ကြီးလည်း ပျော်စရာနေရာများ ပိတ်ထားလိုက်ပြီမို့ အိမ်မှာနေခိုင်းသလို နီးစပ်နေသည်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဗေးဧရိယာတစ်ဝိုက်ရှိ မြို့နယ်ကြီး (ခရိုင်)ခြောက်ခုအတွင်း အိမ်ထဲမှာနေကြဖို့ shelter in place ဆော်ဩထားတယ်။ ပိတ်ဆို့တားဆီးခြင်း lock down တော့မဟုတ်ဘူး။ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ ဓါတ်ဆီဆိုင်၊ ဆေးရုံ၊ ဆေးခန်း၊ မီးသတ်စတဲ့ နေရာတွေမပိတ်ပါ။ အရက်ရောင်းတဲ့ ဘားတွေ ပိတ်တယ်။ စားသောက်ဆိုင်တွေ မပိတ်။ ဆိုင်မှာစားသောက်လို့မရပေမဲ့ အိမ်ကိုသယ်ဆောင်သွားလို့ရမယ်။ ဒီဒေသမှာ လူ(၂၅၀)ကျော်ကူးစက်ခံရကြောင်း တွေ့ရတဲ့အတွက် ထပ်မံကူးစက်မှုကို လျှော့ချဖို့ တားဆီးရတာဖြစ်တယ်။ ဆန်ဖရန်ဗေးဧရိယာဟာ ကယ်လီဖိုးနီးယားမှာ ပထမဆုံး အိမ်ပြင်မထွက်ဖို့ပြောထားတဲ့နေရာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုက ငွေကြေးစျေးကွက်ထဲသို့ ၁.၅ ထရီလီယံဒေါ်လာထပ်ထည့်လိုက်သလို ပြည်သူများ၊ ကုမ္ပဏီများသို့ ထောက်ပံ့ငွေဘီလီယံရှစ်ရာကျော် ပေးမည်။ ဥရောပနိုင်ငံများကလည်း ငွေကြေးစျေးကွက်အတွင်း ငွေကြေးများ ထည့်သွင်းပေးနေကြသည်။ အောက်ခြေအထိ ထိုးဆင်းနေသော စတော့စျေးကွက်က အနည်းငယ် ပြန်တက်လာခဲ့သည်။
သမ္မတထရန့်က လူဆယ်ဦးထက်ပို၍ မစုဝေးရန်၊ ကျောင်းတွေပိတ်ရန်စတဲ့ ဗဟိုအစိုးရ ညွှန်ကြားချက်တွေ ထုတ်ပြန်တယ်။ ပြည်နယ်အစိုးရအဖွဲ့တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သင့်တော်သလို ပြင်ဆင်ကြလိမ့်မယ်။

နယူးယောခ့်၊ နယူးဂျာစီ၊ မေရီလန်း၊ ကွန်နာတီကတ်စတဲ့ အရှေ့ပိုင်းကမ်းခြေဒေသတွေမှာလည်း နေရာအလိုက် တားမြစ်မှုတွေလုပ်ဆောင်နေတယ်။ နယူးယော့ခ်ပြည်နယ်မှာ(၂၄)နာရီအတွင်း ဆယ်ဦးခန့်သေဆုံးခဲ့ရတယ်။

ကနေဒါကလည်း နယ်စပ်ပိတ်လိုက်ကြောင်းကြေညာတယ်။

ဥရောပနိုင်ငံတွေလည်း ခရီးသွားကန့်သတ်ထိန်းချုပ်မှုအပြင် နယ်စပ်တွေကို ပိတ်ထားကြဖို့ လုပ်ဆောင်နေကြတယ်။

တရုတ်ပြည်ပြင်ပမှာ ရောဂါဒါဏ်ကို အဆုံးခံနေရတဲ့ အီတလီနိုင်ငံမှာ ကူးစက်ခံရသူ သုံးသောင်းနီးပါးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူလည်း နှစ်ထောင်တစ်ရာကျော်သွားခဲ့ပြီ။ တရုတ်ပြည်ကတော့ ရောဂါကူးစက်ခံရသူ ရှစ်သောင်းကျော်နဲ့ သေဆုံးသူသုံးထောင့်နှစ်ရာခန့်ရှိတယ်။ ရောဂါသည်အသစ်နှစ်ဆယ်ခန့်သာ တိုးလာခဲ့တဲ့အတွက် ထိန်းချုပ်နိုင်ခဲ့ပြီ။ တကမ္ဘာလုံးမှာ လူပေါင်းတစ်သိန်းရှစ်သောင်းကို ကူးစက်ခဲ့တဲ့အတွက် တရုတ်ပြည်ပြင်ပမှာ လူတစ်သိန်းခန့် ကူးစက်ခံရခြင်းဖြစ်တယ်။

သေဆုံးသူ (၇၀၀၀)ကျော်ရှိပြီဖြစ်လို့ လူ(၄၀၀၀)ခန့်ဟာ တရုတ်ပြည်ပြင်ပ နိုင်ငံတွေက သေဆုံးမှုဖြစ်ပါတယ်။

တရုတ်ပြည်က စတင်ခဲ့တဲ့ ဒီဗိုင်းရပ်ဟာ တရုတ်ပြည်ကို မွှေနှောက်ပြီးနောက် ကမ္ဘာကိုမွှေနှောက်ဖို့ ချီတက်နေတာ (၁၆၂)နိုင်ငံအထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း။

(အမေရိကန်စတော့အိပ်ချိန်းရဲ့ Dow Jones အညွှန်းကိန်းလည်း သုံးထောင်နီးပါးကျဆင်းသွားလို့(၁၂%)ကျော် ထပ်ကျသွားပါတယ်။)