Breaking News

မောင်သာနိုုုး - ကဗျာစကား



မောင်သာနိုုုး - ကဗျာစကား

(မိုးမခ) မတ် ၁၉၊ ၂၀၂၀

ကဗျာဆိုတာ ကာရန်နဲ့သီကုံးထားတာဖြစ်တယ်လို့ နားလည်ထားသူတွေအဖို့ကတော့ ကဗျာစကားဆိုတာ ကာရန်နဲ့ သီကုံးရာမှာ သုံးလေ့သုံးထရှိတဲ့ စကားနုနုရွရွမျိုးပါပဲ။ မိုးကိုဖွဲ့မယ်ဆိုရင်တောင် ‘မိုးနတ်သခင်၊ ပဇ္ဇုန် နတ်မင်း၊ မိုးဒေဝါ ၊ မိုးနတ်သား ’စသည် ၊ မိန်းကလေးကို ဖွဲ့မယ်ဆိုရင် “ပျိုမြစ်ပြာဝင်း၊ သွယ်နွဲ့ရှင်း၊ လှလွန်ကျူး ရှင်ထွေးညိုမြ၊ ပြာချောနွဲ့”စသဖြင့် …စသဖြင့်။ အဆင်သင့်ရှိနေတတ်တဲ့ ဒါမျိုးလေးတွေ။

အဲသလို အနုအရွတွေကိုစွန့်တယ်၊ ရပ်သုံးရွာသုံးစကားကို သုံးမယ်၊ ခေတ်ကိုစမ်းမယ်ဆိုတဲ့ ခေတ်စမ်း စာဆိုတွေတောင် ကာရန်ကိုတော့ စွဲမြဲ စွဲသမို့ ၊ သင်္ဘောသားဆင်းတဂ် ကျောပေါ်ကသရဲပမာ ကာရန်ရဲ့ဖိစီးမှု ကြောင့် ကြွေးကြော်သလို မလုပ်နိုင်ခဲ့ကြဘူး။


မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မှီမို့
ဇဗ္မော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ဇော်ဂျီ-ပိတောက်ပန်း

ဒီခေတ်စမ်းကဗျာနံပတ် ၁ ကို ဆန်းစစ်ကြည့်ရင် ဘယ်လောက်ရပ်သုံးရွာသုံး ပီမြည်သလဲ တွေ့နိုင် တယ်။ “မခူးချင်စမ်းပါနဲ့” ဟုတ်ကဲ့ ၊ လူထုသုံးစကားပါ။

“နှစ်ဆန်းခါတော်မှီမို့ ”ဟုတ်ကဲ့၊ ခေတ်စကားပါပဲ။

“ဇဗ္မော်ရည် ပြေပြေလိမ်းကာပါ့” ဇဗ္မော်ရည် ကို အရပ်သားမသိဘူး။ “ပြေပြေလိမ်း” ကိုလည်း တွေးယူရလိမ့် မယ်။ “ခပ်သိမ်းနယ်စုံစုံသို့”၊ ‘ခပ်သိမ်း’ ကို သိပါရဲ့၊ ကိုယ်တိုင်မသုံးဘူး။ ‘နယ်စုံစုံ’ ကို သိတယ်။ ဒီလိုတွဲမသုံးဖူး ဘူး။ ‘သို့’ က စကားပြောမှာ မသုံးဘူး။ ‘ပွင့်ငုံကို လင့်ကုန်ကြတော့လို့’ မှာ ‘ပွင့်ငုံ’ သိပေမဲ့ မသုံး၊ ‘လင့်’ သိပေမဲ့ အဓိပ္ပာယ်ပြောင်းတယ်။ (အချိန်လင့်ပြီ) ။

ကလေးသီချင်းတွေကလွဲလို့ မင်းသုဝဏ်ကဗျာတွေမှာလည်း ကျောင်းသားဘဝသရုပ်ဖေါ်ရာမှာတောင် ရပ်သံရွာသံမဆန်လှတာကို တွေ့ရတယ်။

‘မွေးမေ မွေးဖေ ရှေးပဝေမူ
ကြေးငွေဟူက သားမောင်လှဖို့
လိုတ ချက်ချင်း ပို့ပေလျဉ်းလျက်’

‘ရှေးပဝေ’ ကို နားလည်တယ်။ ကိုယ်တိုင်လည်း သုံးမိမယ်။ ရှားလိမ့်မယ်။ ‘ဟူက’ ကို စာဖတ်တတ်တဲ့အချို့ပဲ သိလိမ့်မယ်။ ‘လျင်းလျက်’ ကိုတော့ နားလည်သူရှားလိမ့်မယ်။ ‘လိုတ’ ကို သိပါရဲ့ ၊ အသုံးတမျိုး။ ‘လိုတရ’ ဆိုတာမျိုးသာ။ ‘သားမောင်လှ’ က ကာရန်အတွက် လုပ်ယူရတာ။

စာပေသစ်ဒဂုန်တာရာကော ?။ ‘နဝခေတ်စမ်း’ [Neo-Khitsan] လို့ ကျနော်တို့ နာမည်ပေးဖူးတဲ့အတိုင်း ဇော်ဂျီ ၊ မင်းသုဝဏ်လေနဲ့ တထေရာထဲပါပဲ။ ရံဖန် ဂန္ထဝင်ပိုဆန်တာ ထူးရဲ့။

ထိတွေ့စမူ
နားဝမှာလျှင် ၊ ကျယ်လောင်သွင်တည့်
မြင်လိုက်သည့်အခါ ၊ အာရုံများလည်း
မှုန်ဝါမစင် ဝိုးဝါးထင်၏

(အလင်္ကာ) ကဗျာ

‘မူ’ ၊ ‘လျှင်’၊ ‘တည့်’ ၊ ‘သည့်’၊ ‘၏’ စတဲ့ ခေတ်မသုံးတော့တဲ့ စကားလုံးလေးတွေနေရာမှာ ‘တော့’၊ ‘ကို’ ၊ ‘ပဲ’ စတဲ့ခေတ်သုံးစကားလုံးလေးတွေ အစားထိုးလိုက်ရင် ကနေ့ရပ်သုံးရွာသုံးလူထုစကား ဖြစ်သွားပေလိမ့်မယ်။

အော် ပရစ်ဣန္ဒနီ ရော့ရဲပြီ၍
သိင်္ဂီရွှေဝတ် ဖွဲ့နွဲ့ညွတ်မှ
စွန့်လွှတ်ပစ်ခွာ ပန်းချွေအလွင့်
(ဆိပ်ကမ်းသာ) ကဗျာ

‘ဣန္ဒနီ’ ‘သိဂီ’ ပါဠိစကားလုံးတွေနဲ့ ၊ သဒ္ဒါစကားလုံးချွေတာမှုနဲ့ ၊ ဂန္ထဝင်အသွင်ဆောင်လာတယ်။ ခေတ်စမ်း ကဗျာပေါ်ထွန်းတာ တက္ကသိုလ်မှာ အင်္ဂလိပ်ကဗျာနဲ့တွေ့ထိရာက စခဲ့တယ်။ ခေတ်ပေါ်ကဗျာပေါ်ပေါက်တာက တက္ကသိုလ်သင်ရ မသင်ရ(ဖြစ်စေ) နိုင်ငံခြားကဗျာတွေနဲ့ထိတွေ့ရာက စခဲ့တာပါပဲ။ ခေတ်စမ်းထက် ခေတ်ပေါ် က နိုင်ငံခြားကဗျာ ပိုများများ တွေ့ခဲ့တယ်။ ဒါကို ခေတ်စမ်းဆရာတွေ ခေတ်ပေါ်ကဗျာကို ဝေဖန်တာကို ဖတ် ကြည့်ရင်သိနိုင်တယ်။ သူတို့က ကိစ် John Keats ၊ ရှယ်လီ P.C.B Shelly၊ ဝဒ်စ်ဝသ် Wordsworth လောက် ကိုးတတ်တာ။ ဘလိက် Blake ၊ အော်ဒင် Auden ၊ ဒီလန် ထောမတ်စ် Dylan Thomas ၊ အဲလိယတ် T.S.Eliot ဆိုရင် မသိတော့ဘူး။

အလားတူ ပညတ်တွေ ၊ အခေါ်အဝေါ်တွေလည်း မလိုက်နိုင်တော့ဘူး။ သူတို့က ရစ်သမ်ဆိုရင် မှန်မှန် ရစ်သမ် regula rhythm ဆိုတဲ့ သမားရိုးကျကဗျာမှာသုံးတဲ့ မတြာ meter ကိုပဲ သိတော့တာ။ အခြားမတြာတွေ sprung rhythm , speech rhythm ကြားဖူးမယ်တောင် မဟုတ်ကြဘူး။ ဒီတော့ vers libre လို့ ပြင်သစ်လို လည်းခေါ်တဲ့ Free Verse လွတ်လပ်ကဗျာ ကို ဗဟုသုတမရှိကြဘူး။ စကားပြေကဗျာပဲလို့ ပြောကြတယ်။ စကားပြေကဗျာ Prose poem ဆိုတာက ကမ္ဘာမှာရှိပြီးသားပဲ။ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှ ၊ တရုတ်၊ ဘင်္ဂလီ အများ ပဲရှိတယ်။ တရုတ်ပြည်သူ့စာရေးဆရာကြီး လူရွှင့်က စကားပြေတော်တော်များများရေးခဲ့တယ်။ မြန်မာကြိုက် ရာဝန္ဒိရာနတ်တဂိုးသ် လည်း စကားပြေကဗျာတော်တော်များများ ရေးတယ်။ စကားပြေကဗျာနဲ့ လွတ်လပ်ကဗျာ ကွာခြားတာကို ယှဉ်ကြည့်မှ သိမယ်။ မောင်သော်က ကတော့ လွတ်လပ်ကဗျာ Free verse ကို ဗလာကဗျာ Blank Verse ထင်ပြန်တယ်။ ရှိက်စပီးယရဲ့ ကဗျာအများစုဟာ ဗလာလင်္ကာတွေပဲဖြစ်တယ်။

Free verse (နမူနာ)

Let’s us go then,you and I,
When the evening is spread out against the sky
Like a patient etherized upon a table.
 - T.S.Eliot, The Last Song of J.Prufrock

Prose poem(နမူနာ)

I am here to sing three songs.In this hall of thine,I have a
coner seat.
- Gitanjali(ဂီတဉ္ဇလီ)


Blank Verse (နမူနာ)

What’s in a name that which we call a rose
By any other name would smell as sweet.
- ရှိက်စပီးယ- Romeo and Juliet

ဒီလိုနဲ့ ကဗျာ-စကားပြေ ခွဲခြားလာလိုက်ကြတာ ၊ ၂၀ ရာစုတဝက်ဝန်းကျင်မှာတော့ ကဗျာနဲ့စကားပြေ နယ်ခြား မျဉ်းဟာ ကျဉ်းသထက်ကျဉ်းလာခဲ့တော့တယ်။ စကားပြေဆရာတွေက မိမိစကားကို အကောင်းဆုံးဖြစ်အောင် ပြောရင်း ကဗျာဖြစ်ကုန်ကြတော့တာကိုး။ (စကားကို အကောင်းဆုံးပြောတာ ကဗျာလို့ခေါ်တယ်။ စကားပြေနဲ့ ပြောလို့မရတာကို ကဗျာခေါ်တယ်လို့ ကဗျာအဓိပ္ပာယ်ဖွင့်ဆိုချက်များက ဆိုကြတယ်။ )

ကနေ့ခေတ် သူလျှိုဝတ္ထုရေးသူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဂျွန် လ ကရေး John Le Carre’ ရဲ့ ဝတ္ထု တပုဒ်မှာ ကောင်လေးက ကောင်မလေးကို “နင်ဟာ ငါ့ဘာသာတရားပဲ ၊ You are my religion” လို့ ပြောလိ်ုက် တာ ကဗျာတပုဒ်ပါပဲ။ နောင် ဒီစာသားကို သီချင်းတပုဒ်မှာ တွေ့ရတယ်လို့ ဂီတဝါသနာအိုး တပည့်တယောက် က ပြောပြပါတယ်။

၁၉၅၄ က ဧဝရက်တောင်ထိပ်ကို ရှားမလူမျိုး နော်ရကေနဲ့ တက်ရောက်နိုင်ခဲ့တဲ့ အက်ဒမန်ဟီလာရီကို သတင်းစာဆရာတွေက အင်တာဗျုးလုပ်ကြတယ်။ အက်ဒမန်ဟီလာရီက ညူးဇီလန်သားပါ။ ညူးဇီလန်မှာကထဲ က သူတောင်တွေတက်ခဲ့တယ်။ နောက် ဗြိတိန်တောင်တက်အသင်းရောက်လာကာ ၊ ဧဝရက်တောင်တက်ရေး မှာ ပါလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းထောက်တွေက သူ့ကို မေးပါတယ်။

“ဘာ့ကြောင့် တောင်တွေ တက်တာလဲ” တဲ့။

“Why do you climb mountains?”

ဒီအမေးကို သူ့အဖြေက ကမ္ဘာကျော်စကားတခွန်းဖြစ်သွားပါတယ်။ တိုင်းမ်မဂ္ဂဇင်း Times ကတော့ သူ့အဖြေကို ကဗျာတပုဒ်လို့ ကင်ပွန်းတပ်လိုက်တယ်။ အဖြေက

“because the mountains are there.” “တောင်တွေ ရှိနေလို့” တဲ့။

တကယ်လို့သာ တိုင်းပြည်ဂုဏ်ဆောင်ဖို့ ၊ အားကစားစိတ်ဓါတ်မြှင့်တင်ဖို့၊ ကျန်းမာဖို့ အသက်ရှည်ဖို့၊ လေကောင်းလေသန့် ရှုဖို့ ၊ ရှုခင်းကြည့်ဖို့…စသဖြင့် ဖြေခဲ့ရင် ဆီသည်မလက်သုတ်ပဝါလို ဘာမှ အနှစ်သာရမပါ စကားပြောအပေါစားတွေသာ ဖြစ်ပေလိမ့်မယ်။ အခုတော့ ဘာကိုယ်ကျိုးမှ မပါ ၊ လုပ်စရာရှိတာလုပ်တာပဲ ဆို လိုက်တော့ အတ္တသမားကမ္ဘာကြီးမှာ အသစ်ဆန်းဆုံးအတွေးအခေါ်ဖြစ်သွားတယ်။

အတ္တသမားတွေအဖို့ ဆန်းတာ၊ အနတ္ထသမားဗုဒ္ဓဘာသာဝင်တို့အဖို့တော့လည်း မဆန်းတော့။ ငါ ၊ သူ တပါး၊ ယောင်္ကျား၊ မိန်းမ မရှိတဲ့ ဗုဒ္ဓဘာသာမှာ ငါ နာမည်ကြီးဖို့ဆိုတာ ဘယ်ရှိမလဲ။ ငါမှ မရှိတာ။ အလားတူ ငါ ကျန်းမာဖို့ ၊ အသက်ရှည်ဖို့ ဆိုတာတွေလည်း မရှိနိ်ုင်ဘူး။ (အပြုကို ပြုသူမရှိ ၊ အကျိုးကို ခံစားနိုင်သူ မရှိ လို့ ဝိသုဒ္ဓိမဂ်က ဆိုတယ်)

ဒါ ကဗျာစကားတခွန်းကနေ ပွားယူတဲ့ တရားသဘောတွေဖြစ်ပါတယ်။

ကဗျာစကားဆိုတာ ကာရန်နဲ့ ဘောင်သွင်းလို့ရအောင် နုရွလှပနေတဲ့ သီးခြားစကားလုံးလေးတွေ မဟုတ်၊ စကားပြေနဲ့ ပြောလို့မရတာတွေကိုပြောတဲ့ ရပ်သုံးရွာသုံးစကားလုံးလေးတွေပဲ ဖြစ်ပါတယ်။


မောင်သာနိုး
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ (၉၀ ခုနှစ်များအလွန်? ဟု သက္ကရာဇ် ခန့်မှန်း)
Credit: မိုးဝေး