Breaking News

ခွန်ဆိုင်း - အသက် ဉာဏ်စောင့် နိုင်ကြပါစေ


ခွန်ဆိုင်း - အသက် ဉာဏ်စောင့် နိုင်ကြပါစေ

(မိိုးမခ) မတ် ၁၄၊ ၂၀၂၀

ကိုရိုနာ ဟာ လူတိုင်းလူတိုင်း အတွက် ကူးစက်ရောဂါ အမျိုးအစားအသစ်တခု ပါ ။ ဒါကြောင့် ဘယ်လူသား ဆီမှာမှ ကိုယ်ခံအား( Immunity ) အဆင်သင့် ရှိမနေနိုင်သေး ဘူးလို့ ဆေးပညာရှင်များက ရှင်းပြထား ပါတယ် ။ လူတိုင်းကို ကူးနိုင်တိုက်ခိုက်နိုင်တဲ့ အကြောင်း။ ရောဂါပြီးသူ မရှိ ။

တုတ်ကွေးနဲ့ မတူတဲ့ ဗိုင်းရပ်စ် ဆိုတဲ့ အတွက်လဲ တုတ်ကွေးကာကွယ်ဆေး ထိုးလို့ အရာမရောက် ။ မကာကွယ်နိုင်ပါဘူး တဲ့ ။ အင်္ဂလန်မှာ အသက် ၆၅နဲ့ အထက် ဆိုရင် တုတ်ကွေးကာကွယ်ဆေး ( ဖလူးဂျက် - Flu Jab ) ထိုးလေ့ရှိကြပါ တယ် ။ ကိုရိုနာဟာ တုတ်ကွေးဗိုင်းရပ်စ် မဟုတ်တဲ့ အတွက် တုတ်ကွေးကာကွယ်ဆေး ထိုးထားသူတွေ မှာ ဘာ ကိုယ်ခံ အားမှ ကြိုတင်ရှိနေနိုင်မှာ မဟုတ်ပါဘူး တဲ့ ။

ရောဂါရဲ့ ပြင်းထန်မှု က အသက်ကြီးပြီး နှလုံးနဲ့ အဆုတ်မှာ ပြဿနာ ရှိနေသူတွေ ကို အထူးသဖြင့် အဖိတ်အစင်များစေပါ တယ် ။ ငယ်သူတွေအဖို့ တချို့ သာမန် အဖျား - ချောင်းဆိုးတာလောက်နဲ့ ပျောက်သွားနိုင်ကြတယ်။ တချို့ ကျတော့ ၄-၅ ရက်အရောက် မှာ ပို ပိုဆိုးလာမယ်။ ကိုယ်တွင်း ပုံမှန် ဇီဝဖြစ်စဥ်တွေ အလုပ်မလုပ်။ ရပ်ဆိုင်းတဲ့ အထိ ( Organ failure ) ပြင်းထန်စွာ ခံစား အသက်ဆုံးပါးနိုင်ပါသတဲ့ ။

မိသားစုအတွင်း ငယ်ရွယ်သူက တဆင့် အဖိုးအဖွား -အဖေအမေ ကို ကူးစက်။ အဖိတ်အစင်ဖြစ်နိုင်တာမို့ လူငယ်တွေသဘာဝ အလေးမထား မပေါ့ဆ ကြပဲ ကိုယ့်ကို ကာကွယ်စောင့်ရှောက်ခြင်း ဟာ ကိုယ့် အမိအဖ အဖိုးအဖွားကို ကာကွယ်နေတယ်လို့ သဘောထား ကြစေလိုပါ တယ်။

ခုချိန်မှာ ကပ်ရောဂါ( Pandemic ) အဖြစ်သတ်မှတ်လိုက်ပါပြီ။ နှစ်နဲ့ချီ ကမ္ဘာပတ်နေမလား ။ တကမ္ဘာလုံး ၄၆ နိုင်ငံ မှာ တနိုင်ငံလုံး ကျောင်းတွေပိတ်ရတဲ့ အထိ စီစဥ် ဆောင်ရွက်နေကြပါတယ် ။ ကျောင်းပိတ်တာမပိတ်တာ နဲ့ ပတ်သက်လို့ အစိုးရတခုနဲ့တခု ဆောင်ရွက် လုပ်ကိုင်ပုံ ထပ်တူမကျနိုင် ပါ ။ အီတလီမှာ လူ ၂၅၀၀ လောက် စစ်ဆေးတွေ့ရှိချိန်မှာ ပိတ်တယ်။ ဂျပန်မှာတော့ လူ ၂၀၀ လောက် ရောဂါ ရချိန်မှာ ပိတ်တယ် ။ ဒိန်းမတ်မှာ လူ ၅၀၀ကျော် တွေ့ချိန်မှာပိတ်။ ကာဇက်စတန်ကတော့ ရောဂါမတွေ့ခင်မှာ ကြိုတင်ပိတ်။ ပြင်သစ်ကတော့ လူ ၆၀ လောက် ဖိတ်စင်ပြီးချိန် ဒီနေ့ မှာ ပိတ်။ အိုင်ယာလန်မှာလဲ ပိတ်ပြီ။

အင်္ဂလန်ကတော့ အခုထိ လူ ၁၀ ဦး အသက် ဆုံးပါး ။ လူ ၆၀၀လောက်တွေ့ထားပေမယ့် ကျောင်းတွေမပိတ်သေး ။ ဒါပေမယ့် ( containment phase) အဆင့်ကနေ ( delay phase ) ကို ဒီနေ့ တိုး မြှင့်တင်လိုက် ။ ရောဂါဖြစ်လာရင် အိမ်မှာ နေကြဖို့ မှာနေပါပြီ ။ မနေ့က တွေ့ရှိလူနာ လေးရာကျော်ကနေ ဒီနေ့ ၆ရာနီးပါး ဖြစ်လာတယ်။ ဆက်လက်လဲ လူနာ တိုးနေမယ်လို့ ဆေးပညာရှင်များက ခန့်မှန်း သတင်းစာ ရှင်းလင်းပြီး ကာကွယ်ရေးလုပ်ငန်းတွေကို တဖြည်းဖြည်း အဆင့်မြှင့် ဆောင်ရွက်သွား မယ်ပြောပါတယ်။ သာမန်နှာစေး ဖျားနာဖြစ်နေရင် အိမ်မှာပဲ နေကြတာ ပိုကောင်းတယ် ။ဆေးခန်းကို မလာကြဘို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုင်းပြည်ကို မှာကြား နေပါတယ်။ ဆေးရုံက တိတိကျကျ ပျောက်စေမယ့် ဆေးမျိုးပေးပြီး ကုသနိုင်တဲ့ အခြေအနေ လက်ရှိကာလမှာ မရှိတာကြောင့် တတ်နိုင်သမျှ အိမ်မှာ နေတာ က ဆေးရုံမှာနေတာထက် ပို ကောင်းတဲ့ အကြောင်း သတင်းစာ ရှင်းလင်းပါတယ် ( Self Isolate )

သာမန် ဖျားနာနေတာ မျိုး - အသဲအသန်မဖြစ်ပဲ အရေးပေါ်ဖုန်းလိုင်း ၁၁၁ ကို မခေါ်ကြပါနဲ့ ။ အဲလိုခေါ်နေကြရင် တကယ်အရေးပေါ်နေတဲ့ နေရာကို အရေးပေါ် အဖွဲ့က ဦးစားမပေး- မရောက်နိုင်ဖြစ်သွားမှာ မို့ ချင့်ချိန်ပြီးမှ ခေါ်ကြဖို့ သူက အထူးပန်ကြား ပါ တယ်။

အဓိက ရောဂါ လက္ခဏာ သုံးခု က
၁။ အဖျားတက်မယ်. ၂။ ချောင်းမပြတ်ဆိုးမယ် ၃။ အသက်ရှုကြပ်မယ်
ကာကွယ်ဆေးက တွေ့ဖို့ ဝေးသေးတယ်။
တွေ့ပြီးပြန်တော့ လူတွေလက်ထဲ ရောက်ဖို့ ဝေးသေးတယ်။

ကာကွယ်ဆေး ကို တွေ့ပြီ ဆိုတာ နဲ့ လူတွေလက်ထဲကို အချိန်မရွေး ရောက်နိုင်ပြီ ဆို တာ ခြားနားပါသတဲ့ ။
ကာကွယ်ဆေး Vaccine ကို တွေ့ပြီ ဆိုပါစို့ ။ စိတ်ချလက်ချဘေးမဖြစ်ပဲ သုံးနိုင်တဲ့ အဆင့်အထိ အချိန်ယူ စမ်းသတ်ရပြန်တယ် ။ တနှစ်ကြာမလား ။ နောက်ထပ်ဘယ်လောက်ကြာမလဲ ။ စမ်းသတ် ။ စိတ်ချရတဲ့ အာမခံချက် အဆင့် ရ ပြန်တော့ အမြောက်အမြား ထုတ်နိုင်ဖို့ ။ လူတွေလက်ထဲ အမြန်ဆုံးရောက်အောင် လူတိုင်းသုံးနိုင်အောင် ပေါပေါများများ လျှင်လျှင်မြန်မြန် ထုတ်လုပ်နိုင်ဖို့ ။ ထုတ်လုပ်စရိတ် မမြင့် အောင် လုပ်ဖို့ လုပ်လို့ ရမရ တွေက ရှိပြန်ပါတယ်။ 

ဒါတွေကြောင့် မပြည့်စုံတဲ့ ကျွန်တော်တို့ ဆီ ဒီကပ်ဘေး အကြီးအကျယ် ပေါက်ကွဲ ပျံ့နှံ့မသွားအောင် အခုက စလို့ အထူးဂရုစိုက်လုပ်ကြဖို့ လိုပါတယ်။ ကူးစက်မှု များလေ အသဲအသန်လူနာတွေများလာလေလေဖြစ်မယ်။ အဲဒီအချိန်မှာ ဆရာဝန်ဆရာမ ဆေးဝါး နဲ့ အသက်ကူ အထောက်အကူပစ္စည်း နိုင်နိုင်နင်းနင်း မထောက်ပန့်နိုင် ဖြစ်လာမှာ မုချပါ ။

ကိုရိုနာ ဗိုင်းယပ်စ်က ၇၀- ၈၀ ဒီဂရီ ဖါရင်ဟိုက် ဆိုရင် သေသတဲ့ ။ မြန်မာပြည်က အပူချိန် မြင့်တော့ ဗိုင်းယပ်စ် တွေ မရှင်နိုင် ပါဘူးဆိုတဲ့ အချက်ကို ကိုင်- ပေါ့ပေါ့ဆဆတွေး မလုပ်လိုက်ကြပါနဲ့ ။ အလွန် ဂရုတစိုက် သီးသီးသန့်သန့် နေတတ်- ငွေကြေးလဲ တတ်နိုင်ကြတဲ့ လူတန်းစား ။ ဥပမာ ဗြိတိန် က ကျန်းမာရေး ဝန်ကြီး နဲ့ ဟောလီးဝုဒ်မင်းသား တွမ်ဟင့်တို့ကိုတောင် ဒီ ရောဂါက လှမ်း ကိုက်နိုင် ကူးနိုင်တာ မို့ မြန်မာတို့ လူစုလူဝေးထဲ ဒီပိုး ကျယ်ကျယ်ပြန့်ပြန့် ပျံ့သွားရင် ထိမ်းချုပ်ဖို့ ခဲယဥ်းမှာမို့ ညာဏ်နဲ့ ယှဥ်ရင်း နေထိုင်သွားလာ စားသောက် ကြရမယ့် အချိန်လို့ ပြောပါရစေ ။

ခွန်ဆိုင်း ( ၁၂-၀၃-၂၀၂၀ )